Thursday, May 14, 2015

အာဖရိကတိုက်ရှိ ဘူရွန်ဒီ နိုင်ငံတွင် အာဏာသိမ်းမှု ဖြစ်ပွား


အာဏာသိမ်းရန် အားထုတ်မှုတစ်ရပ် ဖြစ်ပွားခဲ့သော ဘူရွန်ဒီ နိုင်ငံသို့ သမ္မတ ပီယဲ ကူရွန်ဇီဇာ ပြန်လည် ဝင်ရောက်ရန် ကြိုးပမ်းမှု မအောင်မြင် ခဲ့ကြောင်း သတင်းရရှိသည်။ ကူရွန်ဇီဇာသည် တန်ဇန်းနီးယား သို့ အစည်းအဝေးတစ်ခု တက်ရောက်ရန်ရောက်ရှိနေစဉ် အာဖရိကအရှေ့တောင်ပိုင်း ကုန်းတွင်းနိုင်ငံ၌ စစ်တပ်က အာဏာသိမ်းယူရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။ ဗိုလ်ချုပ် ဂိုဒီဖရွိုက်ဒ် နီယွမ်ဘဲ ဦးဆောင်သည့် စစ်တပ်က မေလ ၁၃ ရက်တွင် သမ္မတ နိုင်ငံအတွင်း မရှိခိုက် ယခုကိစ္စကို အကောင်အထည် ဖော်ခဲ့ခြင်းဟု သိရသည်။


အစိုးရက အာဏာသိမ်းရန် အားထုတ်မှု ပျက်ပြယ်ခဲ့ကြောင်း အခိုင်အမာပြောဆိုနေသော်လည်း ရလဒ်ကို အတိအကျ မသိရသေးချေ။ နိုင်ငံ၏ မြို့တော် ဘူဂျမ်ဘူရာရှိ ရုပ်မြင်သံကြားဌာန အနီးတဝိုက်တွင် မေလ ၁၄ ရက် နံနက်ပိုင်းထိ သေနတ်သံများ ကြားနေဆဲဟု Reuters သတင်းဌာနက ဖော်ပြခဲ့သည်။

သမ္မတ ကူရွန်ဇီဇာကို သစ္စာစောင့်သိသူများက သမ္မတ နန်းတော်နှင့် နိုင်ငံ၏ အဓိကအသံလွှင့်ဌာနတို့တွင် ကြံ့ကြံ့ခံ နေရာယူကာ ခုခံနေဆဲဟုလည်း သတင်းများ ထွက်ပေါ်နေသည်။ ဗိုလ်ချုပ် နီယွမ်ဘဲသည် မြို့တော် လေဆိပ်ကို အစောပိုင်းကတည်းက ပိတ်ထားစေပြီး သမ္မတ ကူရွန်ဇီဇာ ပြန်မလာနိုင်အောင် စီစဉ်ထားခဲ့သည်။

ကုလသမဂ္ဂနှင့် အမေရိကန် ပြည်ထောင်စုတို့က နှစ်ဖက်စလုံး ထိန်းထိန်းသိမ်းသိမ်း စီမံဆောင်ရွက်ရန် တိုက်တွန်းထားသည်။ အာဏာသိမ်းရန် အားထုတ်မှု အစောပိုင်းတွင် ဗိုလ်ချုပ် နီယွမ်ဘဲက မိမိသည် ကူရွန်ဇီဇာ၏ ခေါင်းဆောင်မှုကို အသိအမှတ် မပြုကြောင်း၊ သမ္မတသက်တမ်း သုံးကြိမ်မြောက် ရွေး ချယ်ခံခြင်းသည် နိုင်ငံ၏ အခြေခံ ဥပဒေကို ချိုးဖောက်ရာရောက်ကြောင်း တစ်နိုင်ငံလုံးသို့ ရေဒီယိုမှ တစ်ဆင့် ပြောကြားခဲ့သည်။

“သမ္မတ ကူရွန်ဇီဇာရဲ့ တတိယသက်တမ်းကို ပယ်ချပါတယ်။ သူဟာ လုပ်ငန်းတာဝန်တွေကနေ အနားပေးခံလိုက်ရပါပြီ။ အစိုးရကို ဖြုတ်ချလိုက်ပါပြီ”ဟု ၎င်းက ကြေညာခဲ့သည်။

နာရီ အနည်းငယ် အကြာတွင် ကူရွန်ဇီဇာက “လက်နက်ကိုင်တပ်ဖွဲ့ဝင် တချို့ဟာ စိတ်ကူးယဉ်ဆန်တဲ့ အာဏာသိမ်းယူမှု တစ်ရပ်ကို ကျူးလွန်ခဲ့ကြောင်း ဒီမနက်မှာ ကြေညာပါတယ်။ ဒါပေမဲ့ ဒီအားထုတ်မှုဟာ ပျက်ပြယ်သွားပါပြီ။ အခုဆိုရင် ကာကွယ်ရေးနဲ့ လုံခြုံရေး တပ်ဖွဲ့တွေဟာ အာဏာသိမ်းဖို့ ကြိုးစားသူတွေကို လိုက်လံရှာဖွေနေပါတယ်။ သူတို့ဟာ တရားမျှတမှုအတွက် ပြန်ပေးဆပ်ရပါလိမ့်မယ်”ဟု တန်ဇန်းနီး ယားနိုင်ငံမှတစ်ဆင့် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ဘူရွန်ဒီ နိုင်ငံတွင် အသက် ၅၁ နှစ်အရွယ် သမ္မတ၏ တတိယသက်တမ်း ရွေးချယ်ခံမှုအပေါ် ကန့်ကွက် ဆန္ဒပြမှုများ ရှိနေသော်လည်း ယခင် သူပုန်ခေါင်းဆောင်ဟောင်း ဖြစ်ခဲ့သူ ကူရွန်ဇီဇာက မိမိသည် ပါလီမန်က အတည်ပြု ခန့်အပ်သည့် သမ္မတအဖြစ် တတိယသက်တမ်း တာဝန်ယူခွင့်ရှိကြောင်း ခုခံ ပြောဆိုထားသည်။

Ref: BBC
7Day Daily

No comments:

Post a Comment

My Blog List