Wednesday, May 13, 2015

နီပေါတွင် ရစ်ခ်ျတာစကေး ၇.၃ ရှိ ငလျင်ကြီးလှုပ်ခတ်ပြီး အနည်းဆုံးလေးဦး သေဆုံး





မေလ ၁၂ ရက်က နီပေါနိုင်ငံအတွင်း ရစ်ခ်ျတာစကေး ၇.၃ အဆင့်ရှိ အားကောင်းသော ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့ရာ အနည်းဆုံး လူလေးဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ အမေရိကန် ငလျင်တိုင်း တာရေး အေဂျင်စီက ယခုလှုပ်ခတ်သော ငလျင်ကြီးသည် ခတ္တမန္ဒူ မြို့တော်နှင့် ဧဝရတ် တောင်တို့ကြားရှိ နမ်ချီဘာဇား မြို့အနီးသို့ ဗဟိုပြုခဲ့ကြောင်း ဖော်ပြခဲ့သည်။ အစောပိုင်းက ငလျင်ပြင်းအားကို ရစ်ခ်ျတာစကေး ၇.၄ အဆင့်ဟု သတင်းများက ရေးသားခဲ့သော်လည်း နောက်ပိုင်းတွင် ၇.၃ အဖြစ် ပြောင်းလဲ အတည်ပြုခဲ့ သည်။ 

ငလျင်အပြီးတွင် နောက်ဆက်တွဲ တုန်ခါမှုများပါ ဆက်လက် ဖြစ်ပေါ်ခဲ့ကြောင်းလည်း သိရသည်။ နီပေါ တွင် ဧပြီ ၂၅ ရက်က ပြင်းအား ရစ်ခ်ျတာစကေး ၇.၈ အဆင့်ရှိ ပြင်း ထန်သော ငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာတစ်နိုင် ငံလုံး အကြီးအကျယ် ပျက်စီးခဲ့သလို ယခုအချိန်ထိ အသေအပျောက် ပမာဏ ၈၀၀၀ ကျော်ထိ တိုးပွားလာ လျက် ရှိသည်။

မေလ ၁၂ ရက် ငလျင်သည် ဧပြီ ၂၅ ရက် ငလျင်နှင့် ယှဉ်ပါက ပိုမိုနက်ရှိုင်းသည့် မြေအောက်ဘက်သို့ ဗဟိုပြုခဲ့ကြောင်းလည်း သိရသည်။ ငလျင်၏ သဘောတရားအရ မြေအနက် ပိုတိမ်သည့် နေရာသို့ ဗဟိုပြုလေ၊ ဖျက်ဆီးအား ပြင်းထန်လေ ဖြစ်သည်။ ယခုငလျင်ကို နီပေါ၏ အိမ်နီးချင်း အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံများကပါ သက်ရောက် ခံစားခဲ့ရသည်။

ယခင်ငလျင်ကြီးကြောင့် ဖြစ်ပေါ်နေသော အပျက်အစီးများကို အပြီးသတ် မရှင်းလင်းရသေးသည့် ခတ္တ မန္ဒူတွင် ယခုတစ်ကြိမ် ငလျင်လှုပ်ခတ်ရာ၌လူအများသည် နေအိမ်များထဲမှ ကြောက်အားလန့်အား ပြေး ထွက်ခဲ့ကြသည်။ ခတ္တမန္ဒူ၏ အရှေ့ဘက်ရှိ ချာအူတာရာမြို့တွင် လူလေးဦး သေဆုံးကြောင်း သတင်းများက ဆိုသည်။ ငလျင်၏ ဂယက်ကြောင့် ခတ္တမန္ဒူတွင် အဆောက်အအုံ အချို့ ပြိုကျခဲ့ကြောင်းလည်း သိရသည်။

“ငလျင်က တော်တော်ပြင်းတယ်။ မြေကြီးတွေ တုန်ခါနေတာကို ခံစားလို့ ရနေတယ်။ စုစုပေါင်း ၂၅ စက္ကန့်လောက် ကြာတယ်။ ပတ်ဝန်းကျင်မှာ အဆောက်အအုံတွေ ယိမ်းခါနေတာကိုလည်း သိနေတယ်။ ခဏနေတော့ နောက်ဆက်တွဲ တုန်ခါမှုတစ်ခါ ထပ်ဖြစ်တယ်။ လူတွေက တုန်လှုပ်ပြီး ငိုကြတယ်။ အခြေ အနေကို သူတို့ တည်တည်ငြိမ်ငြိမ် ကိုင်တွယ်နိုင်တယ် ဆိုပေမယ့် အားလုံး ကြောက်နေမှန်း သိသာပါ တယ်”ဟု ခတ္တမန္ဒူတွင်ရောက်ရှိနေသည့် BBC သတင်းထောက်က ပြောကြားခဲ့သည်။

ဧပြီ ၂၅ ရက် ငလျင်ပြီးကတည်းက နီပေါတွင် နောက်ဆက်တွဲ မြေပြင် တုန်ခါမှုများ အကြိမ်ပေါင်း ရာနှင့် ချီ ဖြစ်ပေါ်နေရာ ယခုငလျင်သည် အပြင်းထန်ဆုံး မြေပြင်တုန်ခါမှုဟု ယူဆနိုင်သည်။ မေလ ၁၂ ရက် ငလျင် လှုပ်ခတ်ခဲ့ပြီး တစ်နာရီကျော်မျှအတွင်း နောက်ဆက်တွဲ မြေလွှာတုန်ခါမှု အနည်းဆုံး ငါးကြိမ် ဖြစ်ပွား ခဲ့ကြောင်း လည်း သိရသည်။

ခတ္တမန္ဒူ ရဲတပ်ဖွဲ့သည် လူအများကို အဆောက်အအုံများ အပြင်ဘက်သို့ ထွက်ပြီး လေဟာပြင် ဧရိယာများ တွင် နေထိုင်ရန် လိုက်လံ ဆော်ဩ သတိပေးလျက် ရှိသည်။ ငလျင်ကြောင့် အဆောက်အအုံ အများအပြား တွင် နံရံများ အက်ကွဲကုန်ရာ လုံခြုံရေးအတွက် စိတ်မချရသည့် အခြေအနေ ဖြစ် လာခဲ့သည်။

ခတ္တမန္ဒူတွင် ဆိုးဆိုးရွားရွား ထိခိုက်သေကြေမှု သတင်းများ မရရှိသော်လည်း ငလျင်ဦးတည်လှုပ်ခတ်ရာ ဗဟိုချက် ဧရိယာများတွင် မည်မျှထိ သက်ရောက်မှု ကြီးမားသည်ကို အတည်မပြုနိုင်သေးကြောင်းလည်း သိရှိရသည်။

Ref: BBC
7Day News Journal

No comments:

Post a Comment

My Blog List