Tuesday, May 12, 2015

ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဆွေးနွေးပွဲ၌ ညှိနှိုင်းအဖွဲ့ ဖွဲ့စည်းရန်နှင့် ကြေညာချက်ထုတ်ပြန်ရန် ဆောင် ရွက်ခြင်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ခြင်း မရှိကြောင်း NLD ထုတ်ပြန်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အနေဖြင့် မေ ၉ ရက်က ရန်ကုန်မြို့အင်းလျားလိတ်ဟိုတယ်တွင် ပြု လုပ်ခဲ့သည့် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန် လည်သင့်မြတ်ရေးဆိုင်ရာ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သော် လည်း ထိုအလုပ်ရုံဆွေးနွေးပွဲတွင် မူလအစီအစဉ်တွင် ပါဝင်ခြင်းမရှိသော Coordination Team ဖွဲ့စည်း ရန်နှင့် ကြေညာချက်ထုတ်ပြန်ရန် ဆောင် ရွက်သည့်အခါ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ် သည် လွှဲအပ်တာဝန် (Mandate) မပါရှိသဖြင့် အထက်ဆောင်ရွက်ချက်များတွင် ပါဝင်ဆောင်ရွက်ခဲ့ခြင်း မရှိကြောင်း NLD ပါတီက မေ ၁၀ ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။
NLD ပါတီ၏ ထုတ်ပြန်ချက်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ၂၀၁၅ မေ ၉ ရက် အင်းလျားလိတ် ဟိုတယ်တွင် ကျင်းပသော ကရင်အမျိုးသား အစည်းအရုံးမှ ဖိတ်ကြားသည့် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန် လည် သင့်မြတ်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပါကြောင်းနှင့် ထိုအလုပ်ရုံဆွေးနွေးပွဲတွင် မူလအစီအစဉ်တွင် ပါဝင်ခြင်းမရှိသော Coordination Teamဖွဲ့စည်းရန်နှင့် ကြေညာချက်ထုတ်ပြန် ရန် ဆောင်ရွက်သည့်အခါ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်သည် လွှဲအပ်တာဝန် (Mandate) မပါရှိသဖြင့် အထက်ဆောင်ရွက်ချက်များတွင် ပါဝင်ဆောင် ရွက်ခဲ့ခြင်း မရှိကြောင်း ထည့်သွင်းဖော်ပြခဲ့ သည်။

အဆိုပါ ဆွေးနွေးပွဲသို့ NLD ပါတီ ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့သူ ဗဟိုအလုပ်အမှုဆောင် ကော် မတီဝင် ဦးထွန်းထွန်းဟိန်က “ကျွန်တော်တို့ကို ဖိတ်တဲ့ဟာက ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲဆိုပြီး သူတို့ ဒီလိုဖိတ်ပါတယ်ဗျ။ Workshop ဆိုပြီး ဖိတ်တာပေါ့။ အဲဒီတော့ ဘာဖြစ်လဲဆိုရင် သူတို့ အခုလုပ်နေတဲ့ Coordination Team တို့၊ နောက် ဒီလို ကြေညာချက်တို့ ဆိုတာ မပါပါဘူး။ ဘာပါသလဲဆိုရင် ရှေ့လုပ်ငန်းစဉ်ဆိုပြီး ဒီလိုလေးပဲ ပါလာတာပေါ့။

အဲဒီအခါမှာ သဘာပတိက မိန့်ခွန်းပြောတဲ့ အခါမှာ Coordination Team လိုမျိုး ကော်မတီတစ်ခု ဖွဲ့ချင် တယ်။ နောက်တစ်ခါ Statement ထုတ်ချင်တယ်ဆိုတော့ ကျွန်တော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကျွန်တော်တို့က တစ်ဦးတစ်ယောက်တည်း မဟုတ်ဘဲ စုပေါင်းခေါင်းဆောင်ရတဲ့အတွက် ကျွန်တော်တို့ ဒါက ပြန်ပြီး CEC အစည်းအဝေးမှာ တင်ပြမှရမယ်။ CEC က သဘောတူမှ ကျွန်တော်တို့ လုပ်မှရမှာပေါ့။ ကျွန်တော်တို့က ဒါကို တင်ပြပါတယ်။ ကျွန်တော်တို့က အလုပ်ရုံဆွေးနွေးပွဲကိုပဲ လာတာပါလို့ တင်ပြပါ တယ်။ သူတို့က ကြေညာချက်ထုတ်တဲ့ အခါမှာ ဘာတွေထုတ်လိုက်သလဲဆိုတော့ တက်ရောက်တဲ့သူ အားလုံးဟာ သဘောတူညီတယ်ဆိုပြီး ရေးလိုက်တယ်။ ဒီအတွက် ကျွန်တော် ပြန်ပြန်လာချင်း အရေးကြီး တဲ့ ပုဂ္ဂိုလ်တွေပါဝင်တဲ့ အစည်းအဝေးကို တင်ပြပါတယ်။ တင်ပြတော့ ဒါ ဒီလိုရှိတယ်ဆိုတာ တင်ပြပြီးတော့ အခု ကြေညာချက်ကိုထုတ်တာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

အဆိုပါ ဆွေးနွေးပွဲမှ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုများကို ၂၀၁၅ အထွေထွေရွေးကောက်ပွဲ မစခင် အမြန် ဆုံး စတင်ကျင်းပနိုင်ရေးနှင့် ရွေးကောက်ပွဲအလွန်တွင်လည်း ဆက်လက်ကျင်းပ ပြုလုပ်နိုင်ရေးအတွက် ဆက်လက်ကြိုးပမ်း ဆောင်ရွက်ကြရန် တက်ရောက်သူများအားလုံး သဘောတူကြောင်း၊ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ညှိနှိုင်းအဖွဲ့ ဖွဲ့စည်းရန် အစည်းအဝေးတက်ရောက်လာသူများက မူအားဖြင့် သဘောတူကြောင်း စသည်တို့ အပါအ၀င် အချက်လေးချက်အား ကြေညာချက်အဖြစ် ထုတ်ပြန် ခဲ့ခြင်းဖြစ်သည်။

ဆွေးနွေးပွဲ၌ ၂၀၁၅ ဖေဖော်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့က အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းအချို့နှင့် ပါတီအများစု လက်မှတ်ရေးထိုး ကတိပြုခဲ့သည့် ‘ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်
သင့်မြတ်ရေးဆိုင်ရာ ကတိပြုချက်’ကို အကောင်အထည်ဖော်နိုင်ရန်နှင့် နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ မူဘောင်များ ညှိနှိုင်းနိုင်ရန်တို့အတွက် အဓိက ဆွေးနွေးခဲ့ခြင်းဖြစ်ကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် ကျန်ပါတီ၊ အဖွဲ့အစည်းများ၏ တင်ပြချက်များကိုသာ နားထောင်ခဲ့ပြီး ၀င်ရောက်ဆွေးနွေးခဲ့ခြင်း မရှိကြောင်း ဦးထွန်းထွန်းဟိန်က ဆက်လက်ပြောကြားသည်။

ထို့ပြင် အဆိုပါဆွေးနွေးပွဲသို့ တက်ရောက်လာသည့် နိုင်ငံရေးပါတီ၊ လက်နက်ကိုင်အဖွဲ့အစည်း အချို့က လည်း ဆွေးနွေးပွဲအပြီး ထုတ်ပြန်သည့် ကြေညာချက်အပေါ် သဘောထားပါဝင်ခဲ့ခြင်းမရှိ ခဲ့ကြောင်း ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သူ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ပြောကြားသည်။

အဆိုပါ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဆွေးနွေးပွဲအား ကရင်အမျိုးသား အစည်း အရုံး (ုKNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ Myanmar Peace Center၊ နိုင်ငံရေး
ပါတီများနှင့် တိုင်းရင်းသားရေးရာ ၀န်ကြီးများက ပူးပေါင်းပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ခုနစ်ဖွဲ့မှ ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီ ၆၄ ခုမှ တာဝန်ရှိ သူများ၊တိုင်းရင်းသားရေးရာဝန်ကြီး ၁၉ ဦး၊ လူမှုအဖွဲ့အစည်းများနှင့် လေ့လာသူများ တက်ရောက်ခဲ့သည်။


Eleven Media Group

No comments:

Post a Comment

My Blog List