Monday, May 11, 2015

ပဲခူးတိုင်းဒေသကြီး ၂၈ မြို့နယ်အနက် အခြေခံမဲစာရင်းပြုစုနေမှု ရာခိုင်နှုန်း ၉၀ ပြီးစီး၊ ပဲခူးခရိုင် ရှစ်မြို့နယ်တွင် မေ ၂၆ ရက်၌ မဲစာရင်းကြေညာမည်


ပဲခူးတိုင်းဒေသကြီး ၂၈ မြို့နယ်အနက် အခြေခံမဲဆန္ဒရှင်စာရင်း ပြုစုနေမှု ရာခိုင်နှုန်း ၉၀ ပြီးစီးပြီဖြစ်ကြော င်းနှင့် ပဲခူးခရိုင်ရှစ်မြို့နယ်တွင် မေ ၂၆ ရက်၌ မဲစာရင်း ကြေညာမည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသ ကြီး ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဝင်းမောင်က ပြောကြားသည်။
ပဲခူးခရိုင်တွင် အခြေခံမဲစာရင်း ပြုစုနေမှု ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကာ တောင်ငူခရိုင်၊ ပြည်ခရိုင်၊ သာယာဝတီ ခရိုင်များတွင် မဲစာရင်းပြုစုခြင်း လုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။

“ပဲခူးခရိုင် ရှစ်မြို့နယ်ကို မေ ၂၆ ရက်မှာ ကြေညာမယ်။ ကျန်တဲ့ ခရိုင်တွေအားလုံးလည်း ဒီမေလ ကုန်လောက်မှာ အကုန်လုံးပြီးစီးမယ်။ မဲစာရင်းပြုစုတာ ပြီးမယ်။ ကြေညာဖို့လည်း အဆင်သင့်ဖြစ်နိုင်မယ့် အနေအထားရှိတယ်။

အခုကြေညာမယ့် ရှစ်မြို့နယ်မပါ ကျန်မြို့နယ်တွေကို ကျွန်တော်တို့ ဇွန်လ လယ်လောက်မှာ ကျွန်တော်တို့ ဘက်က ကြေညာမယ် ဆိုရင် ကြေညာနိုင်မယ်။ ဒါပေမဲ့ ကျွန်တော်တို့ တရားဝင်တော့ မဟုတ်သေးဘူး။ ကြားသိထားချက် အရပါ။ ကျွန်တော်တို့ ကြားသိထားချက်အရ ပြည်ထောင် စုရွေးကောက်ပွဲ ကော်မရှင်က ဇွန် ၂၃ မှာ တစ်နိုင်ငံလုံး တစ်ပြိုင်တည်းကြေညာဖို့ လုပ်နေတယ်လို့ သိရတယ်” ဟု ဦးဝင်းမောင်က ပြော ကြားသည်။

ထို့ပြင် အဆိုပါ ပဲခူးခရိုင် ရှစ်မြို့နယ် အပါအ၀င် အခြားမြို့နယ်များတွင် မဲစာရင်းကြေညာပါက ပြည်သူများ မဲစာရင်းလာရောက်ကြည့်ရှုရေး နှိုးဆော်ရေး ဆောင်ရွက်ရန်အတွက် ရွေးကောက်ပွဲလုပ်ငန်းစဉ်များတွင် ပါဝင်ကူညီ ဆောင်ရွက်ပေးနေသည့် ပြည်ပအဖွဲ့အစည်း တစ်ခုဖြစ်သော IFES အဖွဲ့နှင့် အရပ်ဘက်အဖွဲ့ အစည်းများ မေ ၁၀ ရက်က ပဲခူးမြို့၌ တွေ့ဆုံဆွေးနွေးခဲ့ပြီး မေ ၁၁ ရက်တွင် အဆိုပါအရပ်ဘက် အဖွဲ့ အစည်းများနှင့် ပဲခူးတိုင်းဒေသကြီးရှိ အဆင့်ဆင့်သော ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများနှင့် ညှိနှိုင်းဆွေးနွေးမည်ဖြစ်သည်။

အခြေခံမဲဆန္ဒရှင်စာရင်း ရေးသွင်းရာတွင် အသုံးပြုနေသည့် လက်ပ်တော့ ကွန်ပျူတာများကို ရွေးကောက်ပွဲ လုပ်ငန်းစဉ်များတွင် ပါဝင်ကူညီဆောင် ရွက်ပေးနေသည့် ပြည်ပအဖွဲ့အစည်း တစ်ခုဖြစ်သော International Foundation for Electoral System (IFES) အဖွဲ့က ထောက်ပံ့ထားကြောင်း သိရသည်။

ပြည်သူများအနေဖြင့် အခြေခံမဲဆန္ဒရှင်စာရင်း ကြေညာရာတွင် မဲစာရင်း သွားရောက်ကြည့်ရှုရန် လိုအပ်ပြီး မဲစာရင်း၌ မိမိအမည် မပါဝင်ပါက ပုံစံ(၃)ဖြင့် လျှောက်ထားရမည်ဖြစ်ပြီး အချက်အလက်များ မှားနေပါက ပုံစံ(၄)(ဂ)ဖြင့် လျှောက်ထားရမည်ဖြစ်ကာ မဲစာရင်းတွင် မပါဝင်သင့်သူများ ဥပမာအားဖြင့် ကွယ်လွန်ပြီးသူ များ၊ ထောင်ကျနေသူများ ပါဝင်နေပါက ပုံစံ(၄)ဖြင့် ကန့်ကွက်နိုင်ကြောင်း ပြည်ထောင်စုရွေးကောက် ပွဲ ကော်မရှင်က ထုတ်ပြန်ထားသည်။

သို့ရာတွင် ခေတ္တလာရောက် နေထိုင်သူများ (ဥပမာ အခြားမြို့နယ်တွင် သန်းခေါင်စာရင်းရှိပြီး လက်ရှိမြို့ နယ်တွင် ဧည့်စာရင်းဖြင့် နေထိုင်သူများ) ၏ အမည်များသည် မိမိတို့ အမြဲတမ်းနေထိုင်သည့် မြို့နယ်မှ မဲစာရင်းတွင်သာ ပါဝင်မည်ဖြစ်သည်။

သို့ဖြစ်၍ ပြည်သူများအနေဖြင့် မိမိမူလ သန်းခေါင်စာရင်းရှိနေသည့် မြို့နယ် တွင် မဲစာရင်းကပ်ထားပါက မိမိအမည်စာရင်း ပါ၊ မပါ သွားရောက်ကြည့် ရှုရန် လိုအပ်မည်ဖြစ်သည်။

ရွေးကောက်ပွဲကာလတွင် မဲစာရင်း အမည်ပေါက်ရှိသည့်နေရာတွင် မဲပေးရမည်ဖြစ်သော်လည်း အခြားဒေ သတွင် ရောက်ရှိနေ၍ (ဥပမာ အိမ်ငှားနေထိုင်နေခြင်း၊ လုပ်ငန်းဖြစ် သွားရောက်နေထိုင်ခြင်း) မဲပေးလိုပါက အဆိုပါဒေသတွင် ရွေးကောက်ပွဲကျင်းပမည့်ရက် မတိုင်မီ ရက်ပေါင်း ၁၈၀ အခြေချနေထိုင်၍ လျှောက်ထား မှသာ မဲပေးခွင့်ရှိမည်ဖြစ်သည်။

ကျော်ဇင်ဝင်း
Eleven Media Group


No comments:

Post a Comment

My Blog List