Monday, May 11, 2015

အလိုတော်ပြည့်ဆရာတော်ကြီးအား သမ္မတဂုဏ်ပြုမှတ်တမ်းလွှာ ချီးမြှင့်မည်



အလိုတော်ပြည့်ကျောင်းတိုက်များ၏ သြ၀ါဒါ စရိယ ဆရာတော်၊ ရခိုင်လူမှု ကယ်ဆယ်ရေး အဖွဲ့၏ ပဓာန နာယက ဆရာတော်ကြီး အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တအရိယ၀ံသအား နိုင်ငံတော်သမ္မတမှ ဂုဏ်ပြု မှတ်တမ်းလွှာ ဆက်ကပ် သွားမည်ဟု သိရှိရသည်။


ယင်းဂုဏ်ပြု မှတ်တမ်းလွှားအား အခမ်းအနားဖြင့် နေပြည်တော် MICC- 1 ခန်းမ တွင် မေလ ၁၅ ရက်နေ့ တွင် ဆပ်ကပ်မည် ဖြစ်ကြောင်း အလိုတော်ပြည့်ကျောင်းတိုက်များ၏ လက်ထောက် ဆရာတော် အရှင် ကုမာရက နိရဉ္စရာသို့ မိန့်ကြားသည်။

“ ဆရာတော်ကြီးကို ခုလို နိုင်ငံဂုဏ်ဆောင်ဂုဏ်ပြု မှတ်တမ်းလွှာ ဆပ်ကပ်တာက ဆရာတော်ကြီးရဲ့ ပရဟိတ လူမှုရေးလုပ်ငန်းတွေကို ဆောင်ရွက်တဲ့ အတွက် ပေးအပ်တာ ဖြစ်ပါတယ်။ 

ဒီဂုဏ်ပြုမှတ်တမ်းလွှာက မြန်မာပြည်မှာ အများပြည်သူရဲ့ ကောင်းကျိုးကို ကိုယ်ကျိုးစွန့်ပြီး စွမ်းဆောင်တဲ့ ပုဂ္ဂိုလ်တွေကို ချီးမြှင့် ပေးအပ်တဲ့ဆုဖြစ်တဲ့ အတွက် တစ်ခြား ပေးအပ်တဲ့ ဆုတွေ၊ မှတ်တမ်းတွေထက် ပိုပြီးလေးနက်တယ်။ ပိုပြီးလည်း အနှစ်သာရ ရှိတယ်လို့ ဦးဇင်းက ပြောချင်ပါတယ်” ဟု အရှင်ကုမာရက ဆိုသည်။

အလိုတော်ပြည့် ဆရာတော်ကြီး အရိယ၀ံသသည် မိဘမဲ့ကလေးငယ်များအတွက် စစ်တွေ၊ မောင်တော ၊မင်းပြားတို့တွင် ပရဟိတ ကျောင်းများ ဖွင့်လှစ်၍ ပညာသင်ကြားနိုင်အောင် ဆောင်ရွက်ပေးခြင်း၊ ရခိုင်ပြည် နယ် မြို့နယ် အချို့တွင် မျက်စိအလင်းကွယ်ပျောက်နေသူများကို မျက်စိအလင်း ရရန် သမားတော်ကြီးများကို ရခိုင်သို့ ခေါ်ယူ၍ ဆောင်ရွက်ခြင်း၊ ၂၀၁၀ က တိုက်ခတ်သွားသောဂီရိမုန်တိုင်းတုန်းကလည်း မြေ ပုံနှင့် ပေါက်တောမြို့ နယ်များတွင် သိန်း ထောင်ချီပြီး လှူဒါန်းကူညီခြင်း၊ လတ်တလော အောင်တံ ခွန် (၃) သင်္ဘောနစ်မြုပ်စဉ်ကလည်း ကျပ်သိန်း ၂၃၀ ကူညီလှူဒါန်းခြင်း၊ ၎င်းအပြင် ကျေးရွာအများအပြားတွင် ရေ တွင်း ရေကန်၊ တံတားများ တည်ဆောက်၍ ပရဟိလုပ်ငန်းများကို ဆောင်ရွက်ခဲ့သဖြင့် နိုင်ငံတော် သမ္မတမှ ယခုကဲ့သို့ ဂုဏ်ပြုမှတ်တမ်းလွှာချီးမြှင့်ခြင်း ဖြစ်ကြောင်း သိရသည်။

ယခု နိုင်ငံတော်သမ္မတမှ ဂုဏ်ပြုမှတ်တမ်းလွှာချီးမြှင့်မည့် အထဲတွင် ရဟန်းတော် (၁၀) ပါးနှင့် လူပုဂ္ဂိုလ် (၂၇) ဦးပါဝင်ကြောင်း သိရသည်။

“ ခုလို ဆရာတော်ကြီးကို နိုင်ငံတော် သမ္မတကနေ ဂုဏ်ပြုမှတ်တမ်းလွှာ ချီးမြှင့်မယ်လို့ ကြားသိရတဲ့ အတွက် အထူး ၀မ်းသာမိပါတယ်။ တိုင်းပြည်နဲ့ လူမျိုးအတွက် စွန်းစွန်းတမံ ဆောင်ရွက်တဲ့ အတွက် ခုလို ချီးမြှင့် ခံရတာ ဖြစ်တာကြောင့် ရခိုင်တမျိုးသားလုံးကိုယ်စား အထူး ဂုဏ်ယူဝမ်းမြောက်မိ ပါတယ်” ဟု အရှင်ကုမာရက ဆက်လက် ပြောဆိုသည်။

ဆရာတော်ကြီးအနေဖြင့် မြန်မာ တစ်နိုင်ငံလုံးတွင် ဘုန်းတော်ကြီးကျောင်း ပေါင်း ၄၆ ကျောင်း ဖွင့်လှစ် ထားပြီး အမျိုးဘာသာ သာသနာ အကျိုးကို ရခိုင်ပြည်နယ်တွင်သာမက ပုဂံဒေသ၊ ဧရာဝတီတိုင်းတို့ တွင်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
Narinjara


No comments:

Post a Comment

My Blog List