Friday, May 15, 2015

ပင်လယ်မှာ မျောနေသူကို ကယ်တင်ဖို့ ကုလဆို


ပင်လယ်ပြင်မှာ သောင်တင်နေတဲ့ ရိုဟင်ဂျာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား တွေကို လက်ခံဖို့ ထိုင်း၊ မလေးရှား နဲ့ အင်ဒိုနီးရှားတို့ ငြင်းဆိုတဲ့အပေါ် ကုလသမဂ္ဂက စိုးရိမ်နေပါတယ်။ ဒုက္ခရောက်သူတွေကို ကယ်တယ်ဖို့ ကုလသမဂ္ဂ အထွေထွေအတွင်း ရေးမှူးချုပ် ဘန်ကီမွန်းက ပြောလိုက်ပါတယ်။
အမေရိကန်ကလည်း ပင်လယ်ပြင်က ဒုက္ခသည်တွေကို အရှေ့တောင် အာရှနိုင်ငံတွေ လက်ခံဖို့ တိုက်တွန်း လိုက်ပါတယ်။

မနေ့တုန်းကတော့ ထိုင်းနိုင်ငံ အစိုးရက လှေတစ်စီးကို ဝင်ခွင့်ပေးမယ်လို့ ကမ်းလှမ်းထားပါတယ်။

အခုလောလောဆယ် ရိုဟင်ဂျာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား အယောက် ၈၀၀၀ လောက် ပင်လယ်ပြင် မှာ သောင်တင်နေပြီး သူတို့ကို ကယ်ဆယ်ဖို့ IOM အဖွဲ့က ဒေါ်လာ သန်း ၁၀၀ ရာထားပါတယ်။

ထိုင်းနိုင်ငံက လှေတစ်စီးကို ဝင်ခွင့်ပေးခဲ့ပေမယ့် မနေ့တုန်းကပဲ လှေတစ်စီးကို အင်ဒိုနီးရှားဖက်ကို တွန်းထုတ်ခဲ့ပါတယ်။

ထိုင်းနိုင်ငံ Satun ခရိုင်ရဲ့ အရာရှိ Dejrat Limsiri ရဲ့ အဆိုအရ လှေရဲ့ အင်ဂျင်စက်ကို ပြင်ပေးပြီး လှေပေါ် ပါလာသူတွေအတွက် အစားအသောက်တွေပါ ထည့်ပြီး လှေက မနေ့ညကတည်းက ထွက်ခွာသွားပြီလို့ ဆိုပါတယ်။

မလေးရှားနိုင်ငံကို ဝင်ခွင့်မရတဲ့အတွက် အဲဒီလှေက အင်ဒိုနီးရှားဘက်ကို ဦးတည်သွားပြီလို့လည်း အေ အက်ဖ်ပီ သတင်းကို ပြောပါတယ်။

မနေ့တုန်းကလည်း ထိုင်းကမ်းခြေကို လူ အယောက် ၃၀၀ တင်ဆောင်လာတဲ့ လှေတစ်စီး ပင်လယ် ထဲ မျောနေတာကို ထိုင်းရေတပ်က ရဟတ်ယာဉ်ပေါ်ကနေ အစားအသောက်တွေ ပစ်ချပေးခဲ့ပါတယ်။ 

အဲဒီ အစားအစာတွေ ရရှိအောင် လှေပေါ်ကနေ ခုန်ဆင်းပြီး အစားအသောက်တွေ ဆယ်ယူနေကြတဲ့ ပုံကို တွေ့ခဲ့ကြရပါတယ်။

ပင်လယ်ထဲ မျောနေတဲ့အတွက် အစာငတ်မွတ်မှုကနေ လူပေါင်း ၁၀ ယောက်လောက် သေဆုံးခဲ့ရပြီ လို့လည်း ပြောပါတယ်။

လှေပေါ်က ဒုက္ခသည် တစ်ယောက်က သူတို့ ပင်လယ်ထဲ ၂ လကြာ မျောနေတာ ဖြစ်ပြီး မလေးရှားကို ဝင်ဖို့ ကြိုးစားကြတာလို့ လှေပေါ်ကနေ သတင်းသမားတွေ ရှိရာဘက်ကို လှမ်းအော်ပြောပြခဲ့တယ်လို့ အေ အက်ပီ သတင်းထောက်က ပြောပါတယ်။

မလေးရှားနိုင်ငံကလည်း သူ့နိုင်ငံထဲ ဝင်ဖို့ ကြိုးစားတဲ့ လှေနှစ်စီးကို မနေ့တုန်းက ပင်လယ်ထဲ ပြန်တွန်း ထုတ်လိုက်ပါတယ်။

လှေပေါ်က ဒုက္ခသည်တွေကို ဘယ်နိုင်ငံကမှ လက်မခံရင် ဒီထောင်နဲ့ချီတဲ့ လူတွေ ပင်လယ်ပြင်မှာ သေရုံပဲ ရှိမယ်လို့ ဘန်ကီမွန်းက ပြောလိုက်ပါတယ်။

ဒုက္ခရောက်သူတွေကို ကယ်ဆယ်ဖို့ နိုင်ငံတိုင်းမှာ တာဝန်ရှိတယ်လို့ ပြောဆိုနေကြပါတယ်။

ဒီကိစ္စကို ဖြေရှင်းဖို့ နိုင်ငံပေါင်း ၁၅ နိုင်ငံက လာမယ့် ၂၉ ရက်နေ့ကျရင် ဘန်ကောက်မြို့မှာ ဆွေးနွေးဖို့ ရှိပါတယ်။

ABC


No comments:

Post a Comment

My Blog List