အစ္စလာမ်မစ် အစွန်းရောက် စစ်သွေးကြွ အဖွဲ့ IS ၏ လက်တွင်း ကျရောက် သွားခဲ့သည့် ဆီးရီးယား နယ်စပ်မြို့ ကိုဘိန်းတွင် ပိတ်မိနေသည့် ကာ့ဒ် ပြည် သူ ထောင်ပေါင်း များစွာသည် ဘာသာရေး အစွန်းရောက် အိုင်အက်စ်တို့ ၏ လူမျိုးတုံး သတ်ဖြတ်ခြင်း ခံရမည့် ဘေးကို စိုးရိမ်လျက် ရှိနေသည်။
ညွန့် ပေါင်းတို့ ၏ လေကြောင်း ထိုးစစ် အတွင်းမှပင် မြို့ ကို သိမ်းပိုက် ရမိသွားခဲ့သည့် အိုင်အက်စ်တို့ ၏ မြို့ ကို ချုပ်ကိုင် ထားမှုမှ အလွန်ရုန်းကာ တူရကီ သို့ ထွက်ပြေး လာနိုင်ခဲ့သူ တစ်ဦးက မြို့အတွင်းရှိ ကာ့ဒ်လူမျိုးများ၏ အခြေအနေကို the Sun People သတင်းစာသို့ ပြန်လည် ပြောပြ ခဲ့သည်။
“မြို့ သူ မြို့ သား တွေက သွားစရာလည်း မရှိဘူး။ ပိတ်မိ နေကြပါတယ်။ ကယ်တင်မယ့် သူများကို စောင့်နေ ကြတယ်။ သူတို့ တွေ သေကြဖို့ သာ များ ပါတယ်”ဟု အင်ဂျီနီယာ တစ်ဦးဖြစ်သူ အီခရမ် အာမတ်က ပြောသည်။ “အိုင်အက်စ် ဆိုတာ တိရစ္ဆာန်ပဲ။ လူမဟုတ်ဘူး။ သွေးဆာ နေတဲ့ ကောင်တွေ ဖြစ်ပြီး သတ်နေ ဖြတ်နေရမှ ကျေနပ်တဲ့ ကောင်စားတွေပါ”ဟု လွန်ခဲ့သည့် ခြောက်ရက်အကြာက ဇနီးဖြစ်သူ၊ ကလေးငါးဦးတို့ နှင့် အတူ ကိုဘိန်းမြို့ မှ ထွက်ပြေး လွတ်မြောက် လာသူ အာမတ်က ပြောသည်။
“IS တိုက်ခိုက်ရေး သမားတွေက ညစ်ပတ် စုတ်ပြတ် နေတာပဲ။ မုတ်ဆိတ် ဗလပွနဲ့ လက်သည်း တွေလည်း အရှည်ကြီး တွေပဲ”ဟု အာမတ်က အိုင်အက်စ်များကို သရုပ်ဖော်ပြသည်။ အသေးအမွှားကိစ္စများနှင့်ပင် ၎င်းတို့ က ကလေးသူငယ်များကိုပင် အပြစ်ပေးနှိပ်စက်ကြကြောင်းလည်း အာမတ်ကဆိုသည်။ “သူတို့ တွေက ကားတွေကိုရပ်ခိုင်းတယ်။ မွတ်စလင်မဟုတ်တဲ့သူတွေ၊ နောက် ကာ့ဒ်တွေကို သတ်ပစ်နေတယ်။ ကျွန်တော်က အာရဗီစကားပြောတတ်တော့ လွတ်လာတာပေါ့။ ကျန်တဲ့သူတွေတော့ ကံမကောင်းကြရှာ ဘူးဗျာ”ဟု ၎င်းကပြောခဲ့သည်။
IS တိုက်ခိုက်ရေး သမားများသည် မြို့အတွင်း ရမ်းကား သတ်ဖြတ်မှုများ အပြင် မုဒိန်းမှုများကိုလည်း ကျူးလွန် နေကြပြီး ကာ့ဒ် အမျိုးသမီး အချို့မှာ IS များ၏ လူမဆန်စွာ အဓမ္မ ပြုကျင့် သတ်ဖြတ်မှုများကိုလည်း ရင်ဆိုင်နေရကြောင်း သိရသည်။ IS တပ်ဖွဲ့များ ကိုဘိန်းမြို့ကို သိမ်းပိုက်နိုင်ခြင်း မရှိမီ ငါးရက်ခန့် အလိုက မြို့၏ အစွန်အဖျား ပိုင်းတွင် နေထိုင်သည့် အသက် ၁၃ နှစ် အရွယ်မိန်းကလေး တစ်ဦးမှာ IS များ၏ အဓမ္မ ပြုကျင့် သတ်ဖြတ်ခြင်းကို ခံခဲ့ရသေးသည်။ မိန်းကလေးကို IS များက အိမ်အပြင်ဘက် လမ်းပေါ်မှာပင် အဓမ္မ ကျင့်ခဲ့ခြင်း ဖြစ်ပြီး နောက်တွင် သတ်ဖြတ် ပြစ်ခဲ့သည်။ အဆိုပါ မိန်းကလေး၏ မောင်ဖြစ်သူ ကိုလည်း IS များက လက်စတုံးရန် ကြိုးပမ်းခဲ့ရာ ကာ့ဒ်စစ်တပ်က ကယ်ဆယ်ခဲ့ ရသည်။
Mizzima - News in Burmese
No comments:
Post a Comment