Wednesday, October 15, 2014

လားရှိုးအကျဉ်းထောင်မှ လွတ်မြောက်ခဲ့သည့် တရုတ်နိုင်ငံသား ၄၅ ဦးကို တရုတ်နိုင်ငံသို့ လွှဲအပ်


ရှမ်းပြည်နယ် တောင်ပိုင်း လားရှိုးမြို့ အကျဉ်းထောင်မှ လွတ်ငြိမ်းချမ်းသာခွင့် ရရှိသူ တရုတ်နိုင်ငံသား(၄၅) ဦးကို တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးအပ်လိုက်ပြီဟု လားရှိုးမြို့ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ သိရှိရသည်။

နိုင်ငံတော် အစိုးရမှ အောက်တိုဘာ(၇)ရက်နေ့က ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ၂၀၄ (က)နှင့်အညီ မြန်မာ နိုင်ငံတ၀ှမ်းရှိ အကျဉ်းသား (၃၀၀၀)ကျော်ကို လွတ်ငြိမ်းသာခွင့် ပေးအပ်ခဲ့ရာတွင် ပါဝင်ခဲ့သူများဖြစ်သည်။

“လားရှိုးးအကျဉ်းထောင်မှာ ပြစ်မှုအမျိုးမျိုးနဲ့ ထောင်ဒဏ်ကျခံနေရသူ (၇၉)ဦး လွှတ်ပေးခဲ့တယ်။ တရုတ် နိုင်ငံသား (၄၅)ဦး ပါဝင်တယ်။ 

အမိန့်ညွှန်ကြားချက်တွေရတဲ့ အောက်တိုဘာ(၇)ရက်နေ့ ညနေ(၄)နာရီမှာ သက်ဆိုင်ရာလူဝင်မှုကြီး ကြပ်ရေးနဲ့ ပြည်သူ့အင်အား ဦးစီးဌာနကို လွှဲပြောင်း အပ်နှံလိုက်ပါတယ်။” ဟု လားရှိုးအကျဉ်းထောင်မှ ထောင်ပိုင်ကြီး ဦးခင်မောင်ဌေး က ပြောသည်။

နိုင်ငံတော်သမ္မတက သီးတင်းကျွတ်လပြည့်နေ့၌ လူသားချင်းစာနာထောက် ထားမှုဖြင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၂၀၄ (က)နှင့် အညီ အကျဉ်းထောင် အသီးသီး၌ ပြစ်ဒဏ်ကျခံရသူများပေါင်း ၃၀၇၃ ဦးအား လွတ်ငြိမ်းခွင့်ပြုခဲ့ရာ၌ နိုင်ငံခြားသား ၅၈ ဦး ပါဝင်ခဲ့ခြင်းဖြစ်သည်။

“ဥပဒေလုပ်ထုံးလုပ်နည်းများ ညွှန်ကြားချက်များနှင့်အညီ တရုတ်နိုင်ငံသား(၄၅)ဦးကို အောက်တိုဘာ  (၈)ရက်နေ့က မူဆယ်မြို့ကိုပို့ဆောင်ပြီး အောက်တိုဘာ(၈)ရက်နေ့ ညနေ(၅း၀၀)နာရီမှာ  မူဆယ်မြို့ ရွှေနန်းတော်စစ်ဆေးရေးဂိတ်မှာ တရုတ်နိုင်ငံရွှေလီနယ်စပ် ကာကွယ်စစ်ဆေးရေးဌာနကို နည်းလမ်းတကျ လွဲပေးလိုက်တာပါ။” ဟု ရှမ်းပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင် ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးစောနိုင်က ပြောသည်။

နိုင်ငံတော်သမ္မတရုံး၏ ခွင့်ပြုချက်အရ နှစ်နိုင်ငံချစ်ကြည်ရေး၊ မိတ်မပျက်ဆက်ဆံရေးကို ရှေးရှုသော အားဖြင့် တရုတ်နိုင်ငံသားများကို လွတ်ငြိမ်းချမ်းသာ ခွင့်ပေးပြီး အမိနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခြင်းဖြစ် ကြောင်း၊ မြန်မာနိုင်ငံ ဘက်မှခ.ရ.မ.(လ.၀.က)(မူဆယ်)က ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းလှိုင်က လွှဲအပ်ပေးခြင်းဖြစ်ပြီး တရုတ်နိုင်ငံဘက်မှ Mr Hiang  Xing က လက်ခံခြင်း ဖြစ်ကြောင်း၊ ယခုတစ်ကြိမ် လွတ်ငြိမ်းချမ်းသာခွင့်၌ နိုင်ငံခြားသားများ အများဆုံးပါဝင်ခဲ့သည်ဟု သိရှိရသည်။

လွှဲပြောင်းပေးအပ်သည့် တရုတ်နိုင်ငံသားများသည် လူဝင်မှုကြီးကြပ်ရေးဥပဒေ အရ ပြစ်ဒဏ်ကျခံရသူများ ပါဝင်ပြီး၊ ပြစ်မှုဆိုင်ရာ ဥပဒေအရ ကျူးလွန်ခဲ့သည့် ပြစ်ဒဏ်ကျခံရသူများလည်း ပါဝင်နေကြောင်း၊ ထို့ပြင် မူးယစ်ဆေးဝါးဥပဒေဖြင့် လည်း ပြစ်ဒဏ်ကျခံသူပါဝင်သည့်အတွက် တရုတ်နိုင်ငံ၏ဥပဒေအရ ဆက်လက် အရေးယူမယူဆိုသည်ကို အတိအကျမပြောဆိုနိုင်ကြောင်း ရှမ်းပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင် ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးစောနိုင်က ဆိုသည်။

Shwe Myitmakha Media Group

No comments:

Post a Comment

My Blog List