Wednesday, October 15, 2014

လူသတ်မှုကျူးလွန်ကြောင်း စွပ်စွဲခံထားရသော မြန်မာလုပ်သား၂ဦး၏ မိဘများအား ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင် တွေ့ဆုံ


ထိုင်းနိုင်ငံတွင် ဗြိတိန်နိုင်ငံသား ၂ဦးအား လူသတ်မှုကျူးလွန်ကြောင်း စွပ်စွဲခံထားရသော မြန်မာရွေ့ပြောင်း လုပ်သား ၂ဦး၏ မိဘများအား ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က အောက်တိုဘာ၁၄ ရက်နေ့တွင် မြန်မာဂျာနယ်လစ်ကွန်ယက်၌ ပြုလုပ်ခဲ့သောသတင်းစာရှင်းလင်းပွဲတွင် သွားရောက် တွေ့ဆုံ၍ အားပေးစကားပြောကြားခဲ့သည်။

“ဒီလိုလူသတ်မုဒိန်းကျင့်တယ်ဆိုတာကို ဒီမြန်မာလူငယ်လေး နှစ်ယောက်ကကျူးလွန်မှာမဟုတ်ဘူးလို့ ကျွန်တော် ယုံကြည်ပါတယ်၊ သူများနိုင်ငံမှာအောက်ခြေအလုပ်ကို မျက်နှာငယ်ငယ်နဲ့လုပ်ကိုင်နေတဲ့ ဒီလူငယ်လေးတွေဟာဒီလိုပြစ်မှုကို ကျူးလွန်နိုင်ပါ့မလားဆိုတာ စဉ်းစားရပါမယ်၊ကျွန်တော်တို့တိုင်းပြည် အတွက် အမျိုးသားရေးပုံရိပ်ကို စောင့်ထိန်းဖို့ နိုင်ငံသားအားလုံးမှာတာဝန်ရှိပါတယ်၊ မြန်မာလူငယ်နှစ်ဦးရဲ့ မိဘတွေကိုလည်း မကြောက်ဖို့ အမှန်ကိုရဲရဲပြောဖို့ မှာကြားထားပါတယ်” ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး
ဦးဇော်အေးမောင် ကပြောကြားခဲ့သည်။

မြန်မာလူငယ်၂ဦးဖြစ်ရပ်များကို မီဒီယာများမှ အဖြစ်မှန်များကို သေသေချာချာဖော်ပြသင့်ကြောင်း၊ မီဒီယာ များကိုလည်း အားကိုးပါကြောင်း၊လောကတွင်အမှန်တရားဘက်က အမြဲအနိုင်ရသောကြောင့် အမှန်တရား ဘက်မှအားရပ် တည်ပေးကြရန်တိုက်တွန်းပါကြောင်း၊ ၎င်းကဆက်လက် ပြောကြားသည်။

ဝန်ကြီးမှလာရောက်တွေ့ဆုံခြင်းအပေါ် ဝင်းဇော်ထွန်း၏ဖခင်ဖြစ်သူ ဦးထွန်းထွန်းထိုက်က“ဝန်ကြီးတစ်ဦး အနေနဲ့ ဒီလိုလာရောက်တွေ့ဆုံတာကို အတိုင်းမသိဝမ်းသာပါတယ်၊ ကျွန်တော်တို့တိုင်းရင်းသားတွေ အပေါ်အခုလိုဂရုစိုက်တာကို ကျေနပ်ပါတယ်၊ အစစအရာရာကူညီပေးမယ်လို့လည်း ယုံကြည်ပါတယ်” ဟု ပြောကြားခဲ့သည်။

မြန်မာအလုပ်သမား ၂ဦးအတွက် အမှုမှန်ပေါ်ပေါက်နိုင်ရန် မြန်မာအစိုးရအဖွဲ့မှ ပြည်ထောင်စုဝန်ကြီးတစ်ဦး ဦးဆောင်၍ သွားရောက်တွေ့ဆုံ ညှိနှိုင်းသွား မည်ဖြစ်ကြောင်း၊ ထိုင်းရှေ့နေများအသင်းကလည်း မြန်မာ နိုင်ငံသား ၂ ဦး အတွက်ကူညီသွားမည်ဖြစ်ကြောင်းသိရသည်။

ချမ်းမင်းဟန်၊
The Myanma Age

No comments:

Post a Comment

My Blog List