ဟောင်ကောင်တွင် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူများ ချန်လှပ်ထားခဲ့သည့် လမ်းပိတ် အတားအဆီးများကို ရဲတပ်ဖွဲ့က စတင် ရှင်းလင်းနေပြီ ဖြစ်သည်။ တရုတ်၏ ဩဇာလွှမ်းမိုးမှုကို ဆန့်ကျင်ခဲ့သည့် လှုပ်ရှားမှုတွင် ဆန္ဒပြသူများက ဟောင်ကောင်၏ အဓိက လမ်းမကြီးများပေါ်၌ အတားအဆီးများ ချထားကာ လမ်းကြောင်း များ ပိတ်ဆို့ထားခဲ့ကြသည်။
ယခုအခါ ဟောင်ကောင်တွင် ဆန္ဒပြသူ အရေအတွက် လျော့နည်းလာသည့်တိုင် မြို့လယ် နေရာအချို့နှင့် မောင်ကွတ်တို့တွင် ဆန္ဒပြသူများ ရှိနေဆဲ ဖြစ်သည်။ အတားအဆီးများကို လိုက်လံဖယ်ရှားနေသည့် ဟောင်ကောင် ရဲတပ်ဖွဲ့က မိမိတို့သည် ဆန္ဒပြသူများကို လိုက်လံပိတ်ပင် တားမြစ်နေခြင်း မဟုတ်ဘဲ ယာဉ်ကြောသွားလာမှု ပိတ်ဆို့နေမှုကို လျှော့ချရန် လုပ်ဆောင်နေခြင်းသာ ဖြစ်ကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် (၂၀၁၇)ခုနှစ်တွင် ဟောင်ကောင် ရွေးကောက်ပွဲကို လွတ်လပ်စွာ မဲပေး ရွေးချယ်ရန် ခွင့်ပြုထားသော်လည်း ရွေးကောက်ခံ ပုဂ္ဂိုလ်များကို တရုတ်၏ စိတ်တိုင်းကျ ရွေးချယ်ခန့်အပ်ရန် ရည်ရွယ်ခဲ့သည်။ ယင်းသည် ဒီမိုကရေစီ မဆန်ကြောင်း ဆုံးဖြတ်ကာ ဟောင်ကောင်တွင် တက္ကသိုလ် ကျောင်းသားများက စတင် ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။
ပြီးခဲ့သည့် လကုန်ပိုင်းက ဆန္ဒပြသူများကို ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများ၊ နံပါတ်တုတ်များဖြင့် လူစုခွဲရန် ကြိုးစားရာ တင်းမာမှုများ မြင့်တက်ခဲ့သည်။ ထို့နောက်ပိုင်းတွင် ဟောင်ကောင် အစိုးရက အင်အားသုံး လုပ်ဆောင်မှုများကို ရှောင်ရှားခဲ့ပြီး ဆန္ဒပြသူများကို စောင့်ကြည့်သည့် ရဲတပ်ဖွဲ့ဝင် အရေအတွက်ကိုလည်း လျှော့ချခဲ့သည်။
ယခုအခါ ဟောင်ကောင် လမ်းမများတွင် ဆန္ဒပြနေဆဲ အရေအတွက်သည် အနည်းငယ်မျှသာ ရှိတော့ပြီး အုပ်စုငယ်လေးများအဖြစ် တကွဲတပြား ဖြစ်နေသည်။ အချို့က လမ်းဘေးတွင် ရွက်ဖျင်တဲများထိုးကာ အိပ်စက်ပြီး ဆန္ဒပြနေဆဲ ဖြစ်သည်။
အောက်တိုဘာ (၁၃)ရက်မှ စတင်ကာ ရဲများက အတားအဆီးများကို စတင်ဖယ်ရှားကြသည်။ ရဲတပ်ဖွဲ့ သည် အင်အားသုံး ဖြိုခွင်းနိုင်သည့် ကိရိယာ တန်ဆာပလာများ ဆောင်ယူလာခြင်း မရှိဘဲ အတားအဆီးများ ဖယ်ရှားရေး ကိစ္စကိုသာ အဓိက လုပ်ဆောင်ကြောင်း သိသာမြင်သာအောင် ပြသခဲ့သည်။ “ကျွန်တော်တို့ ဒီနေရာကို လာရှင်းတာ မဟုတ်ပါဘူး။ အတားအဆီးတွေကိုသာ ဖယ်ချင်တာပါ။ ဒါတွေက လမ်းပိတ်နေ တယ်လေ။ ပြီးတော့ အစိုးရပိုင် ပစ္စည်းကိရိယာ တချို့ကိုလည်း ပြန်သိမ်းသွားမလို့ပါ”ဟု ရဲအရာရှိ တစ်ဦးက ဆန္ဒပြသူများကို အေးအေးလူလူ ရှင်းလင်း ပြောဆိုနေခဲ့ကြောင်း AP သတင်းဌာနက ဖော်ပြခဲ့သည်။
ဟောင်ကောင်၏ ခေါင်းဆောင်ဖြစ်သူ လျူချန်ယင်က တရုတ်အစိုးရသည် ဆန္ဒပြမှုများကြောင့် သဘောထား ပြောင်းလဲမည့် အလားအလာ မရှိကြောင်း ဝန်ခံခဲ့သလို ဆန္ဒပြသူများကို ရဲတပ်ဖွဲ့ဖြင့် အင်အားသုံး ဖြေရှင်း ရန် အခြေအနေမှာလည်း ဖြစ်ကောင်း ဖြစ်လာနိုင်ကြောင်း ပြောဆိုထားခဲ့သည်။ သို့သော်လည်း လက်ရှိ အချိန်တွင်မူ ဟောင်ကောင် ရဲတပ်ဖွဲ့က အတားအဆီးများကို ဖယ်ရှားသည့် လုပ်ငန်းကိုသာ ဆောင်ရွက် လျက် ရှိသည်။
Ref: BBC
7Day News Journal
No comments:
Post a Comment