Thursday, October 16, 2014

အမိန့်လိုက်နာမှု မရှိသောကြောင့် ဗိုလ်မှူးကြီး စောတိုက်ဂါးကို ထုတ်ပယ်ကြောင်း KNU/KNLA-PC ထုတ်ပြန်


ကရင်လက်နက်ကိုင်တပ်ဖွဲ့ လေးဖွဲ့ ပူးပေါင်းပြီး ကော်သူးလေ တပ်မတော်အဖြစ် ဆက်လက်တိုက်ပွဲဝင် လက်မှတ်ရေးထိုးခဲ့သူ KNU/KNLA-PC (KNU/KNLA ငြိမ်းချမ်းရေးကောင်စီ) ၏ နယ်စပ်ဒေသ လုံခြုံရေးနှင့် အထူးစစ်ဗျူဟာမှ ဗိုလ်မှူးကြီးစောတိုက်ဂါးကို အထက်အမိန့် ညွှန်ကြားချက်များကို လိုက်နာမှုမရှိသော ကြောင့် အဆိုပါအဖွဲ့မှ ထုတ်ပယ်လိုက်ကြောင်း KNU/KNLA-PC အဖွဲ့မှ ဗိုလ်ကြီးစောချစ်အောင် က ပြော ကြားသည်။

ဗိုလ်မှူးကြီးစောတိုက်ဂါးကို အဖွဲ့ဝင်အဖြစ်မှ ထုတ်ပယ်ကြောင်း KNU/KNLA-PC က အောက်တိုဘာ ၁၄ ရက်နေ့တွင် ထုတ်ပြန်ကြေညာခြင်း ဖြစ်သည်။

ဗိုလ်မှူးကြီး စောတိုက်ဂါးသည် KNU/KNLA-PC စစ်အက်ဥပဒေ ပုဒ်မ (၂)၊ အပိုဒ် (က) အရ အထက်လူကြီး များ ချမှတ်ထားသည့် အမိန့်ညွှန်ကြားချက်များ အပေါ် လေးစားလိုက်နာခြင်း မရှိဘဲ မထီမဲ့မြင် ပြုလုပ်ခြင်း၊ စစ်အက်ဥပဒေ ပုဒ်မ (၂၆) အရ ငြိမ်းချမ်းရေးကောင်စီ အဖွဲ့အစည်း တစ်ခုလုံး၏ ဂုဏ်သိက္ခာများ မထိခိုက်၊ မကျဆင်းစေရေး ကာကွယ်ထိန်းသိမ်းရန်တာဝန်ပျက်ကွက်သောကြောင့် အဖွဲ့ဝင်အဖြစ်မှ ထုတ်ပယ်ကြောင်း KNU/KNLA-PC ထုတ်ပြန်ချက်တွင် ပါရှိသည်။

“ဗိုလ်မှူးကြီး စောတိုက်ဂါးက တချို့ကိစ္စရပ်တွေမှာ၊ အထက်ညွှန်ကြားချက်ကို ကျော်လွန်ပြီး လုပ်ကိုင်တာ တွေ ရှိပါတယ်၊ သူက လူငယ်လည်းဖြစ်တော့ စိတ်မြန်တယ်၊ နောက်ပြီး ဗဟိုက လာတွေ့ဖို့ ခေါ်တာကို မလာတာ တော်တော်ဆိုးသွားပါတယ်” ဟု ဗိုလ်ကြီးစောချစ်အောင်က ပြောကြားသည်။

အောက်တိုဘာ ပထမပတ်အတွင်း KNU/KNLA-PC ဗဟိုဌာနချုပ်တွင် ပြုလုပ်သည့် ဗဟိုကော်မတီ အရေး ပေါ် အစည်းအဝေး ဆုံးဖြတ်ချက်အရ ဗိုလ်မှူးကြီးတိုက်ဂါးကို အထက်လူကြီးများနှင့် လာရောက်တွေ့ဆုံရန် ဆင့်ခေါ်သော်လည်း လာရောက်တွေ့ဆုံခြင်း မရှိသောကြောင့် အဖွဲ့အစည်းအတွင်းမှ အပြီးအပိုင် ထုတ်ပယ်
ကြောင်း KNU/KNLA-PC ထုတ်ပြန်ချက်အရ သိရသည်။

ထို့အပြင် အောက်တိုဘာ ၁၃ ရက်နေ့တွင် ကရင်လက်နက်ကိုင် တပ်ဖွဲ့များ ဖြစ်သော KNLA၊ KNDO၊ DKBA၊ KNU/KNLA-PC အဖွဲ့လေးဖွဲ့ ပြန်လည်ပေါင်းစည်းပြီး ကော်သူးလေ တပ်မတော်အဖြစ် ဆက်လက် တိုက်ပွဲဝင်မည် ဖြစ်ကြောင်း လက်နက်ကိုင်အဖွဲ့များ၏ စီးဦးစီးချုပ်များ၊ ဗိုလ်မှူးချုပ်များက လက်မှတ်ထိုး ထုတ်ပြန်ချက်တွင် ဗိုလ်မှူးကြီးတိုက်ဂါးက ပါဝင် လက်မှတ်ရေးထိုးထားသည်။

အဆိုပါ ကရင်လက်နက်ကိုင်တပ်ဖွဲ့ လေးဖွဲ့ ပေါင်းစည်ပြီး ကော်သူးလေ တပ်မတော် Kawthoolei Armed Forces– KAF ဖွဲ့စည်းရန် လုပ်ဆောင်ခြင်းသည် ကရင်အမျိုးသားအစည်းအရုံး KNU နှင့် သက်ဆိုင်ခြင်း မရှိကြောင်း KNU က အောက်တိုဘာလ ၁၄ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

စက်တင်ဘာလ အတွင်းတွင် ဗိုလ်မှူးကြီးတိုက်ဂါးသည် ထိုင်းစီးပွားရေး လုပ်ငန်းရှင်များက မြန်မာအလုပ် သမားကို အနိုင်ကျင့်ခိုင်းစေသည်ဟု ဆိုကာ ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ကုန်စည်ပို့ဆောင်သော မော်တော် ယာဉ်အချို့ကို တားဆီးထိန်းသိမ်းမှု ပြုလုပ်ခဲ့သည်။

The Voice Weekly

No comments:

Post a Comment

My Blog List