Friday, October 17, 2014

ပြည်ထောင်စုဝန်ကြီးဟောင်း ဦးဆန်းဆင့်အား တရားစွဲဆိုထားခြင်း ပြည်ထောင်စုလွှတ်တော်နာယက က နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စုတရား သူကြီးချုပ်တို့ထံ သ၀ဏ်လွှာပေးပို့



ပြည်ထောင်စုဝန်ကြီးဟောင်း ဦးဆန်းဆင့်အား တရားစွဲဆိုထားခြင်းနှင့် ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်နာယကက နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စုတရားသူကြီးချုပ်တို့ထံ အောက်တိုဘာ ၁၅ ရက်တွင် သဝဏ်လွှာပေးပို့ခဲ့သည်။



ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ နှင့် တိုင်းရင်းသားပါတီအားလုံးမှ လွှတ်တော် ကိုယ်စားလှယ်ပေါင်း ၅၁ ဦး၊ သံဃာတော်များနှင့် ဧရာဝတီတိုင်းဒေသကြီးမှ ပြည်သူ ၁ဝဝ၄ ဦးတို့က ဦးဆန်းဆင့်အမှုအား ပြန်လည်သုံးသပ်ဖြေလျှော့ပေးရန် သူရဦးရွှေမန်းထံ တင်ပြလာမှုအရ ယခုကဲ့သို့ ဆက်လက်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 
ပြည်ထောင်စုလွှတ်တော်နာယကက သမ္မတနှင့်ပြည်ထောင်စုတရားသူကြီးချုပ် ထံသို့ ပေးပို့သည့် သဝဏ်လွှာတွင် “သာသနာရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဟောင်း ဦးဆန်းဆင့်အား ပြည်သူပိုင်ပစ္စည်း အလွဲသုံးစားမှု ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄ဝ၉ နှင့် နိုင်ငံတော်အကြည်ညိုပျက်အောင်လုပ်ဆောင်မှု ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ ၁၂၄(က)ဖြင့် တရားစွဲဆို ထားခြင်းအပေါ် နိုင်ငံတော် အနေဖြင့် ပြန်လည်သုံးသပ်၍ သက်ညှာစွာစဉ်းစားပေးနိုင်ပါရန်နှင့် ပြစ်မှုများကို ရုပ်သိမ်းချမ်း သာခွင့်ပြုပေးနိုင်ပါရန် ပြည်ထောင်စုလွှတ်တော်နာယကနှင့် ပြည်သူ့လွှတ်တော်ဥက္ကဠထံသို့ ရည်ညွှန်းပါစာများဖြင့် မေတ္တာ ရပ်ခံပေးပို့ လာပါသည်။



ဦးဆန်းဆင့်အပေါ် တရားစွဲအဖွဲ့အစည်းဖြစ်သည့် အုပ်ချုပ်ရေးကဏ္ဍက ဖော်ပြ ပါပြစ်မှုဆိုင်ရာ ဥပဒေများဖြင့် တရားစွဲဆို ထားခြင်းဖြစ်ပြီး တရားစွဲဆိုတင်ပို့ လာသောအမှုကို တရားစီရင်ရေးကဏ္ဍဖြစ်သည့် တရားရုံးက စစ်ဆေးစီရင်ရ မည်ဖြစ် ကြောင်းကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များအား ရှင်းလင်းပြောကြားပြီးဖြစ်သကဲ့သို့ မေတ္တာရပ်ခံလာသည့် ဆရာတော်၊ သံဃာတော်များထံသို့လည်း သင့်တော်သည့် နည်းလမ်းဖြင့် လျှောက်ထားအသိပေးမည် ဖြစ်ပါသည်။

အဆိုပါဆရာတော်၊ သံဃာတော်များ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၅၁ ဦးနှင့် ဧရာဝတီတိုင်းဒေသကြီး ပြည်သူ လူထု ၁ဝဝ၄ ဦးတို့က ရည်ညွှန်းပါ မေတ္တာရပ်ခံစာများဖြင့် ပေးပို့တင်ပြလာခြင်းကို သိရှိနိုင်ပါရန် ပေးပို့အပ်ပါသည်”ဟု ပါရှိသည်။

ပြည်ထောင်စုလွှတ်တော်နာယကထံ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၅၁ ဦးမှ စုပေါင်းလက်မှတ်ရေးထိုးထားသည့် တင်ပြချက်တွင် “ငွေကြေး အလွဲသုံးစားမှု၊ ကိုယ်ကျိုးသုံးစွဲမှု ဟူသောစွဲဆိုမှုဖြင့် ဌာနတစ်ခုမှ ဝန်ကြီးတစ်ဦး တည်းကိုသာ စွဲဆိုအရေးယူခြင်းမှာ ပုဂ္ဂလိက ပုဂ္ဂိုလ်ရေးဆန်နေပါကြောင်း၊ နေရာအားလုံးနီးပါးမှ ဦးဆန်းဆင့်အပေါ် ကရုဏာသက်စွာ အကောင်းမြင်ရေး သားဖော်ပြနေခြင်းသည် အစိုးရအပေါ် အဆိုးမြင်သဘော သက်ရောက်နေ ပါကြောင်း၊ တရားရုံးတွင် စစ်ဆေးနေမှုများကြောင့် ဘာသာ၊ သာသနာ ညှိနွမ်းထိခိုက်စေသော အခြားမလိုအပ်သော စကားရပ်နှင့်အကြောင်းအရာ များ ဖြစ်ပေါ်လာနိုင်ပါကြောင်း၊ ယုံကြည်မှုတည်ဆောက်နေသောကာလတွင် အစိုးရအဖွဲ့၏ ပုံရိပ်ကောင်းနှင့် ဂုဏ်သိက္ခာကို ထိခိုက်မှုဖြစ်ပေါ်စေနိုင် ပါကြောင်း၊ အမျိုးသားပြန်လည်သင့်မြတ်ရေး ရှေးရှုနိုင်ရန် သဘောထားကြီးမှုကို အခြေခံ၍သိမ်မွေ့


သောနည်းဖြင့်သာ ဖြေရှင်းစေလိုပါကြောင်း၊ ပြည်ထောင်စုအဆင့်၏ ဂုဏ်သိက္ခာ၊ နိုင်ငံတော်တာဝန်အဆင့်ဆင့် ထမ်းဆောင်ခဲ့သော ဂုဏ်သိက္ခာ၊ နိုင်ငံတော်အကြီးအကဲမှ ချီးမြှင့်ထားသော ဘွဲ့တံဆိပ်ဂုဏ်သိက္ခာတို့နှင့် အရေးယူခံထား ရသော ပုဒ်မတို့ကို နှိုင်းယှဉ်ပါက မသင့်လျော်မှုတို့ ဖြစ်နေပါကြောင်း၊ အရေးယူခံနေရသောသူ၏ ကျန်းမာရေးကို ထောက် ထားငဲ့ညှာစေလိုပါကြောင်း၊ သို့ဖြစ်ပါ၍ နိုင်ငံတော်တွင် အမျိုးသားပြန်လည်သင့်မြတ်ရေး အရှိန်အဟုန်မြင့် ဆောင်ရွက်နေ ချိန်ကာလတွင် အပြင်စည်းမှ မိတ်ဆွေညီနောင်များအား လက်တွဲနိုင်ရန် ဖိတ်ခေါ်နေချိန်တွင် အတွင်းစည်းမှ မိသားစုဝင် များ၏ ညီညွတ်ရေးတွဲလက်များ မဖြုတ်သင့်ဘဲ ခိုင်မြဲနေဖို့ လိုအပ်မည်ဟုယူဆပါ၍ ပြည်ထောင်စုလွှတ်တော်နာယကကြီး မှတစ်ဆင့် ဆက်လက်ဆောင်ရွက်နိုင်ရန် တင်ပြအပ်ပါသည်။ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူ ဦးဆန်းဆင့်အား ပြည်သူပိုင်ပစ္စည်းအလွဲသုံးစားမှုပုဒ်မ ၄ဝ၉၊ နိုင်ငံတော်အကြည်ညို ပျက်အောင် လုပ်ဆောင်မှုပုဒ်မ ၁၂၄(က) တို့ဖြင့် ဖမ်းဆီးထိန်းသိမ်း တရားစွဲဆိုထားခြင်းအား နိုင်ငံတော်မှ ပြန်လည်သုံးသပ်၍ ဖြေလျှော့ပေးနိုင်ပါရန် လွှတ်တော်ကိုယ်စားလှယ်အပေါင်းတို့မှ နာယကကြီးအား စုပေါင်းတင်ပြပါအပ်ပါသည်”ဟု ပါရှိသည်။

ထိုသို့ လွှတ်တော်ကိုယ်စားလှယ် ၅၁ ဦး စုပေါင်းလက်မှတ်ရေးထိုးကာ သူရဦးရွှေမန်းထံ တင်ပြမှုကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ဦးဆောင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယခုကဲ့သို့ လွှတ်တော်ကိုယ်စားလှယ်များဆန္ဒ၊ သံဃာတော်များဆန္ဒနှင့် ပြည်သူများ၏ဆန္ဒကို အုပ်ချုပ်ရေးအဖွဲ့နှင့် တရားရေးအဖွဲ့မှ မည်သို့ ဂရုပြုအလေးထားဆောင် ရွက်ပေးမည်ကို စောင့်ကြည်ရမည်ဟု သုံးသပ်ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment

My Blog List