Thursday, October 16, 2014

ငရုတ်ကောင်းဒေသတွင်တည်ဆောက်မည့် ကျောက်မီးသွေးစက်ရုံစီမံကိန်းကို ကန့်ကွက်သူများမှာ ဒေသခံများမဟုတ်ဟု ၀န်ကြီးပြောကြားမှုကို ဒေသခံများကန့်ကွက်


ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ငရုတ်ကောင်းဒေသတွင်တည်ဆောက်မည့် ကျောက်မီးသွေးစက်ရုံ စီမံကိန်းကို ကန့်ကွက်နေသူများမှာ ဒေသခံများမဟုတ်ဘဲ ရန်ကုန်မြို့မှလာရောက်သောသူများသာဖြစ်ပြီး ယင်းတို့ကြောင့် ဒေသခံများနှင့် တွေ့ဆုံပွဲပျက်ခဲ့ရသည်ဟု ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းကိုကိုက ပြောကြားသည်။

အဆိုပါပြောကြားချက်ကို ပုသိမ်မြို့ မြို့တော်ခန်းမတွင် အောက်တိုဘာ ၁၄ ရက်တွင်ကျင်းပခဲ့သည့် ပြည်သူ့ရေးရတာဝန်ခံယူမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများအပေါ် ပြန်လည်သုံးသပ်ဆွေးနွေးပွဲတွင် ၀န်ကြီး ဦးဝင်းကိုကိုက ပြောကြား ခဲ့ခြင်းဖြစ်သည်။

"တစ်လောက ငရုတ်ကောင်းကျောက်မီးသွေးစက်ရုံပေါ့။ ကန့်ကွက်ကြတယ်။ကန့်ကွက်ကြတဲ့အများစု ကတော့ ရန်ကုန်ကနေလာရောက်ကန့်ကွက်ကြတာ။ ကျွန်တော်ကိုယ်တိုင်မပါပေမယ့် ကျွန်တော်ပြန် ကြားရတာပါ။ တချို့လူတွေဟာ တခြားဒေသကနေ ပွဲထဲမှာ ပြောကြဆိုကြနဲ့ ပွဲပျက်သွားတယ်ပေါ့။ အဲဒါကို ဒေသခံတစ်ယောက်က ထပြောတယ်။ ခင်ဗျားတို့ ငရုတ်ကောင်းကိုချစ်တယ်ဆိုတာ ကျွန်တော်တို့မုန်း သလောက်တောင်မရှိဘူးဆိုပြီးပြောတယ်။ ပွဲကပျက်နေပြီ တခြားအရပ်ကနေလာတဲ့လူတွေပြန်သွားပြီ" ဟု ဦးဝင်းကိုကိုက ပြောကြားခဲ့ခြင်းဖြစ်သည်။

ငရုတ်ကောင်းဒေသခံများနှင့် ကျောက်မီးသွေးစက်ရုံတည်ဆောက်မည့် ကုမ္ပဏီနှစ်ခုအနက်မှ တစ်ခုဖြစ် သည့် A1 ကုမ္ပဏီနှင့် စက်ရုံတည်ဆောက် မည့်ဆွေးနွေးပွဲကို စက်တင်ဘာ ၁၃ ရက်က ကျင်းပခဲ့ခြင်းဖြစ်ပြီး အဆိုပါပွဲတွင် ဒေသခံများနှင့် မီဒီယာများသာတက်ရောက်ခဲ့ခြင်းဖြစ်ကာ စီမံကိန်းကို ကန့်ကွက်သူများမှာ ဒေသခံများသာဖြစ်ကြောင်း၊ တွေ့ဆုံပွဲပျက်သွားသည် ဆိုသည်မှာမဟုတ်ဘဲ အခမ်းအနားပြီးဆုံးချိန်မှသာ ဒေသခံများပြန်သွား ခဲ့ခြင်းဖြစ်ကြောင်း ငရုတ်ကောင်းဒေသခံများက ပြောကြားသည်။

"အဲဒီနေ့ကပွဲကို ငရုတ်ကောင်းမြို့ပေါ်မှာပဲ မိုက်နဲ့လိုက်အော်ပြီးပြောတယ်။ ရွာတွေကိုတော့ တစ်ရွာကို လေး၊ ငါးယောက်လောက်ပဲလာခိုင်းတယ်။ သူတို့အဆင်ပြေတဲ့သူတွေပေါ့။ ဒေသခံတွေကသိတော့ သွားတက်တာပါ။ နိုင်ငံတကာမှာဖြစ်နေတဲ့ ကျောက်မီးသွေးစက်ရုံကအဖြစ်တွေကိုသိတော့ ဒေသခံတွေက ကန့်ကွက်ခဲ့တာပါ။ ရန်ကုန်ကလူတွေကြောင့် ပွဲပျက်တယ်ဆိုတာမဟုတ်ဘူး။ အခမ်းအနားမှူးက ပွဲပြီးပြီလို့ ကြေညာမှပြန်သွားတာပါ" ဟု ငွေဆောင်ကျေးရွာမှ ကိုဝေလင်းထွဋ်ကဆိုသည်။

"ဒေသခံတွေက ရာခိုင်နှုန်း ၈၀ လောက်ကိုမကျေနပ်ဘူး။ ကျေနပ်တယ်ဆိုတဲ့ သူတွေက ခရိုနီတွေပါ။ A1 ကုမ္ပဏီက မြေနေရာလာကြည့်တော့ နံသာပုဘက် ကိုလည်းသွားကြည့်တယ်။ ဒေသခံတွေကသိချင်လို့ လိုက်မေးတာကို မဖြေဘူး။ ဖြေစရာမလိုဘူးလို့ပြောသွားတယ်။ ဒါသူတို့နောက်မှာ ဘယ်သူတွေကရှိနေလို့ ဒေသခံတွေကို ဒီလိုဆက်ဆံတာလည်းသိချင်တယ်။ စာစောင်တစ်ခုမှာပါသလို ဒေသခံအချင်းချင်း အငြင်းပွားနေတယ်ဆိုတာလည်း မဟုတ်ပါဘူး။ အစားထိုးလို့မရတဲ့ဒေသဖြစ်တာကြောင့် စက်ရုံစီမံကိန်းကို လက်မခံပါဘူး" ဟု စပါးကြီးကျေးရွာမှ မရည်မွန်ရှိန်ကဆိုသည်။

ငရုတ်ကောင်းဒေသတွင်တည်ဆောက်မည့် ကျောက်မီးသွေးစက်ရုံများကို ဒေသခံပြည်သူများမှ လက်ခံခြင်း မရှိပါက တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ဆက်လက်ဆောင်ရွက်မည်မဟုတ်ကြောင်း ဘဏ္ဍာရေး ၀န်ကြီး ဦးဝင်းကိုကိုက ဆက်လက်ပြောကြားသည်။

"ဆောက်ဖြစ်မယ်ဆိုရင်လည်း စက်အသစ်နည်းပညာအသစ်တွေကိုသုံးမှာပါ။ နိုင်ငံတကာစံနှုန်းတွေနဲ့ အညီဆောင်ရွက်မှာပါ၊ ဒေသခံပြည်သူတွေကိုရှင်းပြမယ် ဒေသခံတွေကလက်မခံဘူးဆိုရင် ကျွန်တော်တို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့် ဆက်လက်ဆောင်ရွက်မှာမဟုတ်ပါဘူး" ဟု ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းကိုကိုက ပြောကြားသည်။

ငရုတ်ကောင်းဒေသတွင် A1 ကုမ္ပဏီနှင့် ATA Power ကုမ္ပဏီတို့မှ ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေး စက်ရုံနှစ်ရုံအထိ တည်ဆောက်ရန် လျာထားမှုရှိနေကြောင်း ဧရာဝတီတိုင်းဒေသကြီး စက်မှုလက်မှုနှင့် လျှပ်စစ်စွမ်းအင်ဝန်ကြီး ဦးစောမြသိန်းက Eleven Media Group ၏မေးမြန်းချက်အား ဖြေကြားခဲ့သည်။


Eleven Media Group

No comments:

Post a Comment

My Blog List