Wednesday, October 15, 2014

မြန်မာ့အသွင်ကူးပြောင်းရေး ကာလအတွက် အရပ်ဘက် အဖွဲ့အစည်း ၁၅၀ ကျော် ဆွေးနွေးပွဲပြုလုပ်


မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ဖြစ်စဉ်တွင် ပြုပြင်ပြောင်းလဲရန် လိုအပ်နေသော အဓိက ကဏ္ဍကြီး ၁၄ ခုအတွက် နိုင်ငံတစ်ဝန်း အရပ်ဘက် အဖွဲ့အစည်း ၁၅၀ ကျော် စုပေါင်းပြီး အောက်တိုဘာလ ၁၄ ရက်မှ ၁၆ ရက်နေ့အထိ ရန်ကုန်မြို့ ခဝဲခြံ မျက်မမြင်ကျောင်းတွင် အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပလျက် ရှိကြောင်း အဆိုပါပွဲ စီစဉ်သူများထံမှ သိရှိရသည်။

ဆွေးနွေးပွဲ ရလဒ်များကို အရပ်ဘက် အဖွဲ့အစည်းနှင့် ပြည်သူများ ပူးပေါင်း၍ ဆက်လက်အကောင်အထည် ဖော်နိုင်သည်အထိ ဆောင်ရွက်သွားရန်လည်း စီစဉ်ထားကြောင်း ပွဲစီစဉ်သည့် ပေါင်းကူး အဖွဲ့ခေါင်းဆောင် ဒေါက်တာ ကျော်သူက ရှင်းပြသည်။

အဓိက ဆွေးနွေးမည့် ကဏ္ဍများတွင် လယ်ယာမြေနှင့် လယ်သမားအရေး ပြဿနာ၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး၊ ရွေးကောက်ပွဲဆိုင်ရာ ကိစ္စများ၊ လူငယ်ရေးရာ၊ အလုပ်သမားအရေး၊ ပညာရေးနှင့် ကျန်းမာရေး ပြုပြင်ပြောင်းလဲရေး အခြေအနေ အပါအဝင် နည်းပညာနှင့် ဆက်သွယ်ရေး ကဏ္ဍတို့ကိုလည်း ထည့်သွင်းထားကြောင်း ပွဲစီစဉ်သူများက ဆိုသည်။

“အသွင်ကူးပြောင်းရေးမှာ ဘာတွေ ပြောင်းနေပြီလဲ၊ ဘာတွေ လိုအပ်နေပြီလဲဆိုတာ တစုတစည်းတည်း အသံတွေ ထွက်ချင်ပါတယ်” ဟု ဒေါက်တာကျော်သူက တောင်းဆိုသည်။

နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် အရပ်ဘက် အဖွဲ့အစည်းများ၏ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များအပေါ် နားလည်မှု မကွဲလွဲစေရန်နှင့် ပြည်သူလူထုက ပြောင်းလဲရေးကာလကို သဘောပေါက် နားလည်စေရန် လက်ရှိ ဆွေးနွေးပွဲ ရလဒ်များကို အောက်တိုဘာလ ၁၇ ရက်နေ့တွင် တရားဝင် ထုတ်ပြန်သွားမည် ဖြစ်ကြောင်း အလုပ်ရုံ ဆွေးနွေးပွဲ တက်ရောက်သူ တစ်ဦးက The Voice သို့ ပြောကြားသည်။

ဆွေးနွေးပွဲ အစီအစဉ်အရ အောက်တိုဘာလ ၁၄ ရက်နေ့တွင် အသင်းအဖွဲ့ မှတ်ပုံတင်ခြင်း ဥပဒေ၊ မီဒီယာဥပဒေ၊ ပညာရေးဥပဒေ၊ အလုပ်သမား ဥပဒေ၊ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်း ဥပဒေ၊ ဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေ၊ တရားရေးဆိုင်ရာ အဖွဲ့အစည်းများ ပြုပြင်ပြောင်းလဲရေး၊ လူငယ်ရေးရာ မူဝါဒနှင့် မြန်မာနိုင်ငံ အနာဂတ်၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၏ တာဝန်များအကြောင်း ဆွေးနွေးရန် လျာထားသည်။

“သုံးရက်တာ ဆွေးနွေးမှု ကာလကနေ နည်းဗျူဟာချ လုပ်ဆောင်သွားဖို့ လိုပါတယ်” ဟု မေတ္တာဖွံ့ဖြိုးမှု ဖောင်ဒေးရှင်းမှ တာဝန်ရှိသူ ဒေါ်ဆန်းန်ရော်က ပြောကြားသည်။

သုံးရက်ကြာ အသွင်ကူးပြောင်းရေး ဖြစ်စဉ် ဆွေးနွေးပွဲတွင် နိုင်ငံလုံးဆိုင်ရာ ပညာရေး ပြုပြင်ပြောင်းလဲရေး ကွန်ရက် (NNER)၊ တက္ကသိုလ် ကျောင်းသားသမဂ္ဂများ၊ မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂ အဖွဲ့များ၊ အမျိုးသမီးအရေး လှုပ်ရှားမှု ကွန်ရက်များ၊ ငြိမ်းချမ်းရေး လူငယ်အဖွဲ့၊ သံလွင် ချစ်သူများအဖွဲ့၊ ထိုင်းနိုင်ငံဘက်မှ မြန်မာရွှေ့ပြောင်း အလုပ်သမား ဆရာများအဖွဲ့၊ ပေါင်းကူးအဖွဲ့နှင့် မေတ္တာဖွံ့ဖြိုးမှု ဖောင်ဒေးရှင်း အပါအဝင် အရပ်ဘက် အဖွဲ့အစည်း ၁၅၀ ကျော် တက်ရောက်ကြသည်။

The Voice Weekly

No comments:

Post a Comment

My Blog List