Friday, October 17, 2014

Bi မွန်းတည့်နေဂျာနယ်ထုတ်ဝေသူနှင့် အယ်ဒီတာအဖွဲ့ကို ထောင်ဒဏ် ၂ နှစ်စီချမှတ်



ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားအင်အားစုများအား ကြားဖြတ်အစိုးရအဖြစ် ရွေး ကောက်တင်မြှောက် ကြောင်း ထုတ်ပြန်ချက်ကို သတင်းရေးသားဖော်ပြခဲ့ခြင်းမှာ အစိုးရ အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (ခ)ကို ကျူးလွန် ကြောင်း ထင်ရှားသဖြင့် Bi မွန်းတည့်နေဂျာနယ် ထုတ်ဝေသူနှင့် သတင်းအယ်ဒီတာအဖွဲ့ငါးဦးကို ပန်းဘဲတန်းမြို့ နယ်တရားရုံးက ထောင် ၂ နှစ်စီ ပြစ်ဒဏ်ချမှတ်လိုက်သည်။
MCDF အဖွဲ့၏ကြေညာ ချက်မထွက်မီ မွန်းတည့်နေ ဂျာနယ်က တစ်ရက်ကြိုတင်ရေး သားထုတ်ဝေခဲ့ခြင်း၊ ဂျာနယ်မျက် နှာဖုံးတွင် အဆိုပါသတင်းကို ဒေါ်အောင်ဆန်းစုကြည်၏ဓာတ် ပုံဖြင့် ပူးတွဲဖော်ပြခြင်းတို့ကြောင့် ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားသည်ဟု တရားသူကြီးက အမိန့် ချမှတ်ခဲ့သည်ဟု Bi မွန်းတည့်နေ ဘက်မှ လိုက်ပါဆောင်ရွက်သူ ရှေ့နေ ဦးကျော်ဝင်းက ပြော သည်။

သတင်းမီဒီယာ ဥပဒေ ပြဋ္ဌာန်းပြီး နည်းဥပဒေမထွက် သေးသော်လည်း ရက်ပေါင်း ၉၀ ပြည့်၍ ဥပဒေအသက်ဝင်နေချိန် တွင် သတင်းထောက်များကို ရာဇဝတ်မှုပုဒ်မတစ်ခုဖြစ်သည့် ပုဒ်မ ၅၀၅(ခ)ဖြင့် ထပ်မံထောင် ချခဲ့ခြင်းဖြစ်သည်။

လွှတ်တော်က အတည်ပြု ပြီးသား သတင်းမီဒီယာဥပဒေမှာ အသက်ဝင်နေသော်လည်း တရားသူကြီးက ဆင်ခြင်တုံ တရားဖြင့် ထည့်သွင်းစဉ်းစားခြင်းမပြုခြင်း မှာ ဥပဒေပြုသည့်လွှတ်တော်ကို တရားရေးမဏ္ဍိုင်က မလေးစားရာရောက် ကြောင်း မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)အ တွင်းရေးမှူး ဦးကျော်မင်းဆွေက ပြောကြားသည်။

ထို့အပြင် Bi မွန်းတည့်နေ အယ်ဒီတာအဖွဲ့နှင့် သတင်း ထောက်တို့ ယင်းပြစ်မှုကျူးလွန် ကြောင်း ခိုင်မာသည့်အထောက် အထားကို တရားရုံးက မပြသနိုင် ခဲ့ဘဲ ၅၀၅(ခ)အရ အမြင့်ဆုံးပြစ် ဒဏ်အဖြစ် ထောင် ၂ နှစ်ချမှတ် ခြင်းမှာ တရားစီရင် ရေးတွင် လွတ် လပ်မှုမရှိခြင်းကိုပြသနေကြောင်း အမှုတွင် တရားခံပြသက်သေတစ် ဦးဖြစ်သည့် သတင်းစာဆရာ စည်သူအောင်မြင့်က ပြောသည်။

‘‘ဒီအမှုတစ်ခုလုံးကိုလေ့လာ တဲ့အခါမှာ ပုဒ်မ ၅၀၅(ခ)ကို ကျူးလွန်တာမရှိဘူးလို့တွေ့ တယ်။ သေချာတာတစ်ခုက ဒီ တရားသူကြီးတွေဟာ အကြောက် တရားရှိနေတယ်။ ရဲလိုအာဏာ ပိုင်အဖွဲ့အစည်းတစ်ခုခုက စွဲတင် လာတဲ့အမှုဆိုရင် ထောင်ချကိုချ ရမှလို့များ ထင်မှတ်ယူဆနေပုံရ တယ်။ သတင်းထောက်တွေကိုမို့ ဒီလိုအမြင့်ဆုံးထောင်ချပစ်တာပဲ ဖြစ်တယ်’’ဟု ၎င်းက ပြောကြား သည်။

သတင်းမီဒီယာဥပဒေတွင် သတင်းထောက်များ၏ ကျင့်ဝတ် ပိုင်းဆိုင်ရာနှင့်လိုက်နာရန် စည်းကမ်းချက်များပြဋ္ဌာန်း ထားပြီး ယင်းတို့ကို ချိုးဖောက်ပါက အမြင့်ဆုံးပြစ်ဒဏ်အဖြစ် ကျပ် ၁၀ သိန်းအထိ ဒဏ်ငွေချမှတ်နိုင် သည်ဟု ပြဋ္ဌာန်းထားသည်။

သို့သော် ယခုအမှုကို ကျင့် ဝတ်ပိုင်းဖြင့် တရားစွဲအဖွဲ့အစည်း က မစဉ်းစားခဲ့ဘဲ ရဲမှစွဲတင်လာသည့်ပုဒ်မဖြင့်သာ အဓိကဦးတည် စဉ်းစားခဲ့ကြောင်း ရှေ့နေဦးကျော် ဝင်းက ပြောသည်။

သတင်းမီဒီယာသမားဖြစ်၍ တည်ဆဲဥပဒေများမှ သက်သာ ခွင့်ရရန်မလိုဘဲ စွဲတင်ထားသည့် ပုဒ်မ ကျူးလွန်ကြောင်း ထင်ရှားပါ က သက်ဆိုင်ရာပုဒ်မဖြင့် အရေး ယူခံရနိုင်ကြောင်း တရားလွှတ် တော်ရှေ့နေဦးကိုနီက ပြော သည်။

‘‘အဲဒီကြားဖြတ်အစိုးရ သတင်းကို ကျွန်တော်ဖတ်မိချိန် မှာ ခံစားလိုက်ရတာက ဟာသ မြောက်တဲ့သတင်းပဲ။ အစိုးရ အာဏာကို လူတစ်ဦးတစ် ယောက်က ကြေညာချက်ထုတ် ပြောရုံနဲ့ လွှဲပြောင်းပေးလို့မရ ဘူးလေ။ ကျွန်တော်တို့က ရယ် စရာမြင်ပေမယ့် တရားရုံးက တော့ ထိတ်လန့်စရာမြင်လို့ အခု ထောင် ၂ နှစ်ကျသွားကြပြီ။ သတင်းသမားအပါ အဝင် တခြား ဘယ်သူမဆို နိုင်ငံသားတိုင်း ဥပဒေလေးစားရမှာပဲ။ ဒီအမှုမှာ အဓိက အရေးကြီးဆုံးက ပုဒ်မ ၅၀၅(ခ)ကို ကျူးလွန်ခြင်းရှိ၊ မရှိ ပါ။ ကျူးလွန်ရင်တော့ ထောင် ကျမှာပေါ့’’ဟု ၎င်းက ပြောသည်။

တရားလိုဖြစ်သည့် ရဲမှူး ထွန်းသိန်းက ပုဒ်မ ၅၀၅(ခ) မြောက်ကြောင်း တရားစွဲတင်ခဲ့ သော်လည်း တရားခံများဘက်က သက်သေအားလုံးက ယင်းသတင်းဖော်ပြပြီးနောက် သတင်း ပေါ်အကြောင်းပြု၍ဆန္ဒပြမှုများ ဖြစ်ပေါ်ခြင်း၊ ဆူပူလှုံ့ဆော် မှုနှင့် အစိုးရအပေါ် သိက္ခာပိုင်းအရ ထိခိုက်စေသည့်ကျူးလွန်ခြင်းများ မြန်မာနိုင်ငံ၏ မည်သည့်နေရာတွင်မှ မပေါ်ပေါက် ခဲ့ကြောင်း ထွက်ဆိုခဲ့ကြသည်။

သို့သော် တရားသူကြီးကမူ MCDF နှင့် Bi မွန်းတည့်နေတို့ ပူးပေါင်း လှုံ့ဆော်သည်ဟုဆိုကာ ယင်းသို့ အမိန့်ချမှတ် ခဲ့ခြင်းဖြစ် သည်။

‘‘ကျွန်မတို့လင်မယားနဲ့ မိတ်ဆွေတွေကိုဖမ်းတုန်းက ကျွန်မ တို့ဟာ OIC နဲ့ပတ်သက်တယ်။ ပြီးတော့ ငွေကြေးခဝါချ မှုနဲ့ပတ် သက်လို့ စစ်မေးစရာရှိလို့ဆိုပြီး ခေါ်သွားတာပါ။ ပြီးတော့ ကျွန်မ ကိုပြန်လွှတ်တယ်။ နောက်ဆုံး အမှု တည်ဆောက်လိုက်တော့ အရေးပေါ်စီမံမှုအက်ဥပဒေ ၅ (ည)(ဃ)ဖြစ်သွားတယ်။ အခုလို ၅၀၅(ခ)နဲ့ အမြင့်ဆုံးပြစ်ဒဏ် ချခံ ရတာကို အံ့ဩလို့မဆုံးဘူး’’ ဟု မွန်းတည့်နေဂျာနယ်ပိုင်ရှင် ဦး ကျော်မင်းခိုင်၏ ဇနီးဒေါက်တာ အိအိစံက ပြောကြား သည်။

ယခုအမိန့်ကို အထက် အဆင့်ဆင့်တရားရုံးများသို့ အယူ ခံတင်သွားမည်ဖြစ်ပြီး မီဒီယာ ဥပဒေကိုထည့်သွင်းစဉ်းစားပေး ရန် ထပ်မံတောင်းဆိုသွားမည်ဖြစ် ကြောင်း ရှေ့နေဦးကျော်ဝင်းက ပြောသည်။

‘‘အမိန့်က အရမ်းပြင်းထန် လွန်းတယ်။ များလွန်းတယ်ဗျာ။ အပြင်မှာရှိတဲ့ မီဒီယာတွေအမှန် တရားပေါ်ပေါက်အောင် အားလုံး ဝိုင်းလုပ်ပေးကြပါ’’ဟု မွန်းတည့် နေသတင်းထောက်မင်းဝဿန်က အင်းစိန်ထောင်သို့ပို့ဆောင်ခြင်း မခံရမီ သတင်းမီဒီယာများအား ပြောကြားခဲ့သည်။

ယူနတီသတင်းထောက်များ ကိုလည်း နိုင်ငံတော်လျှို့ဝှက်ချက် ဥပဒေဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ်ချမှတ် ခဲ့ပြီး နောက် Bi မွန်းတည့်နေအဖွဲ့မှာ ဒုတိယအများဆုံးပြစ်ဒဏ်ချ မှတ်ခံရခြင်းလည်းဖြစ်သည်။ သတင်းမီဒီယာဥပဒေ ရှိနေသော် လည်း ဥပဒေ၏ အကာအကွယ်ကိုမရရှိသေးဘဲ တည်ဆဲရာဇဝတ်မှုများဖြင့်သာ သတင်းထောက်များ ထောင်ချခံနေရခြင်းဖြစ်သည်။

‘‘သတင်းမီဒီယာဥပဒေက အထူးဥပဒေဆိုပေမယ့် နည်း ဥပဒေမထွက်သေးတာရယ်၊ စွဲတင်လာတဲ့ပုဒ်မအပေါ် တရား ရုံးက အခြေပြုစဉ်းစားတာရယ်၊ နောက် MCDF က ကိုထင်ကျော် ကို ရွှေပြည်သာတရားရုံးမှာ ဒီပုဒ်မနဲ့ပဲ ထောင် ၂ နှစ်ချလိုက် တာရယ်ကိုဆက်စပ်ပြီး ဒီပြစ်ဒဏ် ချတယ်လို့ယူဆပါတယ်။ အယူခံ ဝင်ကြည့်ပေါ့ဗျာ’’ဟု ယူနတီ သတင်း ထောက်များအတွက် လိုက်ပါဆောင်ရွက်သူ ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြော သည်။

ထောင် ၂ နှစ်ချမှတ်ခံရ သည့် ဦးကျော်မင်းခိုင်၊ ဦးယဉ် မင်းထွန်း၊ ဦးဝင်းတင်၊ မင်း ဝဿန်နှင့် ကိုအောင်သန့်တို့ကို အင်းစိန် အကျဉ်းထောင်တွင်သာ ဆက်လက်ထားရှိမည်ဖြစ်ပြီး အမှု စစ်ဆေးစဉ် ချုပ်ရက်များကို ထုတ်နုတ်ခံစားခွင့်ရှိမည်ဖြစ် ကြောင်း သတင်းရရှိသည်


7Day Daily

No comments:

Post a Comment

My Blog List