Tuesday, October 14, 2014

လိပ်ကျွန်းလူသတ်မှုအတွက် တရားလိုပြသက်သေ ကိုမောင်မောင်အား ထပ်မံစစ်ဆေးပြီး မြန်မာနိုင်ငံပြန်ပို့မည်


ထိုင်းနိုင်ငံ၊ လိပ်ကျွန်း လူသတ်မှု စွပ်စွဲခံမြန်မာနှစ်ဦးအမှုတွင် ထိုင်းရဲတပ်ဖွဲ့က ထိန်းသိမ်းထားသည့် တရား လိုပြ သက်သေ ကိုမောင်မောင်ကို အောက်တိုဘာ ၁၄ ရက်တွင် ထပ်မံစစ်ဆေးမည် ဖြစ်ပြီး စစ်ဆေးပြီ်း ပါက မြန်မာနိုင်ငံသို့  ပြန်လည်ပို့ဆောင်မည်ဟု မြန်မာသံရုံးအထူးအဖွဲ့ ရှေ့နေ ဦးအောင်မျိုးသန့်က ပြော သည်။

အခင်းဖြစ်ရာတွင်နေထိုင်သည့် မြန်မာများကမူ အမှန်တကယ် ကျူးလွန်ခြင်းမရှိဟု ယူဆထားကြသည်။

ဦးအောင်မျိုးသန့်က" သူတို့က စစ်ပြီးရင် မောင်မောင်ကို မြန်မာနိုင်ငံပြန်လွှတ်မယ် ဆိုတော့ ဒီစစ်ဆေးမှုက အရေးကြီးတယ်။ လိုအပ်ရင် ပြန်ခေါ်ရတယ်ဆိုပေမယ့် အချိန်နောက်ကျတာတွေ ဖြစ်နိုင်သလို တစ်ဖက် သက် စစ်ဆေးမှုမဟုတ်အောင် (စစ်ဆေးတဲ့နေရာကို) သွားမယ်" မဇ္ဈိမကို ပြောသည်။

အဆိုပါ စစ်ဆေးမှုသည် ထိုင်းဥပဒေရုံးက အောက်တိုဘာ ၈ရက်တွင် သက်သေပြည့်စုံမှု မရှိသည့်အတွက် ပယ်ချလိုက်ခြင်းကြောင့် ဒုတိယအကြိမ်မြောက် တရားလိုပြသက်သေကို စစ်ဆေးခြင်းဖြစ်သည်။

ကိုမောင်မောင်ကို တရားလိုပြသက်သေအဖြစ် ထားရှိသည့်အပြင် လဝက အက် ၁၃/၁ ဖြင့် အမှုဖွင့်ထားသဖြင့် အောက်တိုဘာ ၁၃ရက် စစ်ဆေးမှုအပြီးတွင် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရန် ထိုင်းရဲက စီစဉ်နေခြင်း ဖြစ်သည်။

မြန်မာနိုင်ငံသားနှစ်ဦးအတွက် တရားရင်ဆိုင်နိုင်ရန် ထိုင်းနိုင်ငံနာမည်ကြီး  ရှေ့နေ ခမွန်ကို သံရုံးက ငှားရမ်းထားပြီးဖြစ်သည်။ အောက်တိုဘာ ၁၃ရက်တွင် ကော့စမွေ အကျဉ်းထောင်သို့ ခမွန်အပါအ၀င်  မြန်မာသံရုံး ကိုယ်စားလှယ် ခုနစ်ဦး သွားရောက်မည်ဟုလည်း မြန်မာသံရုံး အထူးအဖွဲ့မှသိရသည်။

စွပ်စွဲခံ မြန်မာနှစ်ဦးအရေးကို ထိုင်းရှေ့နေများကောင်စီက ပါဝင်ကူညီသွားမည်ဟု အောက်တိုဘာ ၁၃ရက်တွင် ဆုံးဖြတ်လိုက်သည်။ တရားရင်ဆိုင်ရပါက ရှေ့နေခမွန်သည် ထိုင်းရှေ့နေများကောင်စီနှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဟုလည်း မြန်မာသံရုံးမှ သိရသည်။

ထိုင်းရဲတပ်ဖွဲ့က သက်သေစုစည်းပြီး ထိုင်းဥပဒေရုံးသို့ အောက်တိုဘာ ၁၅ရက်တွင် ထပ်မံတင်ပြရမည် ဖြစ်ပြီး သက်သေအထောက်အထား မပြည့်စုံပါက စွပ်စွဲခံ မြန်မာနိုင်ငံသား နှစ်ဦးကို တရားရှင် လွှတ်ပေး ရမည် ဖြစ်သည်။

စွပ်စွဲခံထားရသူ ကိုဇော်လင်းဦး နှင့် ကိုဝင်းဇော်ထွန်း တို့သည် တရားရှင် လွှတ်ပြီးပါက ထိုင်း လ၀က မှ အမှုဖွင့်ထားသည့် လ၀ကအက် ၁၃/၁ ဖြင့် ထောင်ဒဏ် ၃လကျခံရဦးမည်ဟု ဦးအောင်မျိုးသန့်က ပြောသည်။

တရားရုံးသို့ အမှု  ရောက်ရှိပါက အမှုတွဲကူးယူရေး၊ ကျွန်းမှ ထွက်ခွာခွင့်ပေးခဲ့သည့် ရှောင်မတ်အန်နာ နှင့် လိပ်ကျွန်းသူကြီး သားဖတို့ကို အမှုတွဲအတွင်း ထည့်သွင်း စိစစ်နိုင်ရေး အတွက် မြန်မာကိုယ်စားလှယ်အဖွဲ့မှ ဆောင်ရွက်သွားမည်ဟု ၎င်းကဆိုသည်။

လိပ်ကျွန်းလူသတ်မှုတွင် ထိုင်းအစိုးရအနေဖြင့် အပြစ်ရှိသူကိုသာ ဥပဒေအရ အရေးယူရန် ထိုင်းဝန်ကြီးချုပ် ၏ မြန်မာပြည်ခရီးစဉ်အတွင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က ထိုင်းနိုင်ငံ ဒုတိယ၀န်ကြီးချုပ်မှ တစ်ဆင့် တောင်းဆိုထားသည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List