Wednesday, October 15, 2014

လူ့ဘောင်သစ် ပါတီ (၂၆)နှစ်မြောက် အခမ်းအနားကျင်းပ



လူ့ဘောင်သစ် ပါတီ (၂၆)နှစ်မြောက် အခမ်းအနားကို မြန်မာ့ဂုဏ်ရည်လမ်းရှိ လူ့ဘောင်သစ် ပါတီရုံးခန်းတွင် ကျင်းပ ခဲ့သည်။ အခမ်းအနားတွင် လူ့ဘောင်သစ် ဒီမိုကရေတစ်ပါတီ ညီညွတ်ရေးဆွေးနွေးပွဲကို ကိုအောင်မိုးဇော် ဦးဆောင် သော အဖွဲ့က တစ်ဖက်သပ် ရပ်ဆိုင်းထားကြောင်း၊ပါတီအမည်၊ တံဆိပ်သုံးစွဲပိုင်ခွင့် နှင့်ပတ်သက်၍ လူ့ဘောင်သစ် ပါတီမှ တာဝန်ရှိသူများမှ ပြောကြားခဲ့ကြောင်း သိရသည်။
၁၉၈၉ ခုနှစ်ကတည်းက အယူအဆရေးရာမတူညီသဖြင့် နှစ်ခြမ်းကွဲသွားခဲ့သော လူဘောင်သစ်ပါတီကို တရားဝင်ရပ် တည်နိုင်ရေးအတွက် တစ်ဖက် ကိုအောင်မိုးဇော်ဦးဆောင်သော ပါတီကို ညီညွတ်ရေးအတွက် ကမ်းလှမ်းခဲ့သော်လည်း လက်ခံဆွေးနွေးခြင်းမပြုပဲ ပယ်ချခဲ့ကြောင်း ပါတီဥက္ကဌ ဦးဇေယျက ပြောကြားသည်။



“အခါအခွင့်သင့်တိုင်း ညီညွတ်ရေးဆွေးနွေးဖို့ကို ကျွန်တော်တို့က အမြဲတမ်းကမ်းလှမ်းနေပါတယ်။ ကျွန်တော်တို့ ကမ်းလှမ်းချက်ကို ဒီနေ့ထိ သူတို့က ဘာတုန့်ပြန်ချက်မှမပေးပါဘူး။ တစ်ဖက်သတ်ရပ်ဆိုင်းထားခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ လူ့ဘောင်သစ် တစ်ဖွဲ့တည်းပေါ်ပေါက်ရေးကို လိုလားပါတယ်။ ”ဟု ပါတီအထွေထွေအတွင်းရေးမှုး ဦးကျော်လင်းက ဖြည့်စွတ်ပြောကြားသည်။

“ဒီဖက်ကတော့ ပူးပေါင်းဖို့အတွက် အမြဲတမ်းဖွင့်လှစ်ထားပါတယ်။ ဘာကြောင့်မပေါင်းနိုင်ဆိုတာကိုတော့ သူတို့နဲ့ တွေ့မှ မေးကြည့်ပေးပါ”ဟု ဥပဒေရေးရာအရာရှိ ဦးတင်သန်းဦးက သတင်းထောက်များကို ပြောသည်။

လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ပါဝင်ရန်အတွက် ရွေးကောက်ပွဲကော်မရှင်သို့ ပါတီနှစ်ခုစလုံးက မှတ်ပုံတင်ထားပြီး တာဝန်ရှိသူများက နှစ်ဖက်စလုံးကို အင်တာဗျူးစစ်ဆေးခဲ့ပြီးဖြစ်ကြောင်း၊ သို့သော် ပါတီနာမည်၊ ပါတီတံဆိပ်နှင့် ပါတီ အလံများ တူညီနေသော ကိစ္စကိုမူ ရွေးကောက်ပွဲကော်မရှင်မှ အဖြေမကျသေးကြောင်း သိရသည်။

“ဥပဒေပိုင်းအရပြောရမယ်ဆိုရင်တော့ နှစ်ဖက်စလုံးကို မှတ်ပုံတင်ခွင့်ချပေးထားတယ်။ ဒါပေမဲ့ အမည်သုံးစွဲခွင့် အငြင်း ပွားနေတယ်။ ဒီဖက်ကလည်း မှတ်ပုံတင်ခွင့်ရမှာပါ။ အမည်နဲ့တံဆိပ် ကွဲပြားခွင့်ကတော့ ခုထက်ထိ ဘယ်သူကမှ ဆုံးဖြတ်ပိုင်ခွင့်ရှိတာမဟုတ်ပါဘူး။ ဥပဒေရှုထောင့်အရပြောမယ်ဆိုရင်တော့ အမည်နဲ့ တံဆိပ်သုံးစွဲခွင့်ဟာ ဥပဒေရဲ့ အဆုံးအဖြတ်ခံယူရုံကလွဲပြီးတော့ ရွေးကောက်ပွဲကော်မရှင် အနေနဲ့ ဝင်ရောက်စွက်ဖက်နိုင်ခွင့်မရှိဘူးဆိုတာ သိထား ပါတယ်” ဟု ပါတီ၏ ဥပဒေရေးရာအကြံပေး ဦးတင်သန်းဦးကပြောကြားသည်။

လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီသည် ၁၉၈၈ စက်တင်ဘာလ၌ ဗမာတစ်နိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ခေါင်းဆောင်များ၏ အစည်းအဝေးက အမျိုးသားနိုင်ငံရေးကို ကျယ်ပြန့်စွာလုပ်ဆောင်ရန်အတွက် နိုင်ငံရေး ပါတီတစ်ရပ်အနေနှင့်ဆောင်ရွက်ရန် ဖွဲ့စည်းတည်ထောင်ကာ ၁၉၈၉ ခုနှစ်တွင် ပါတီ နှစ်ခြမ်းကွဲသွားခဲ့ပြီး ယနေ့ ကျင်းပသော ပါတီ (၂၆)နှစ်ပြည့် အခမ်းအနားကို ဦးအောင်မိုးဇော် ဦးဆောင်သော အဖွဲ့မှ သင်္ဃန်းကျွန်းမြို့နယ်၊ ဓမ္မပိယကျောင်းတွင်လည်း ကျင်းပခဲ့ကြောင်းသိရှိရသည်။

သော်ဇင်စိုး
The Myanma Age

No comments:

Post a Comment

My Blog List