Thursday, October 16, 2014

KIA တပ်ရင်း ၆ ကို တပ်စခန်းမှ ဆုတ်ခွာရန် တပ်မတော် ထပ်မံသတိပေး


ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ၏ တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ တပ်စခန်းကို ဆုတ်ခွာပေး ရန် အောက်တိုဘာလ ၁၅ ရက်တွင် အစိုးရ စစ်တပ်က ထပ်မံ ပြောဆိုခဲ့ပြီး အစိုးရ ဘက်မှ စစ်ရေးအရ ဖြေရှင်းမည့် အခြေအနေတွင် ရှိနေသည်ဟု KIO ၏ ပြောရေးဆိုခွင့်ရှိ ဦးလနန်က မဇ္ဈိမကို ပြောသည်။

အစိုးရ၏ တပ်မ ၆၆ လက်အောက်ခံ တပ်ရင်း ခလရ ၁၁ တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး ကျော်ဇေယျ အောက်တို ဘာလ ၁၄ ရက် နောက်ဆုံးထား ဆုတ်ခွာပေးရန် အောင်ဘာလေကျေးရွာ ရွာလူကြီးများမှ တဆင့် ပြောဆို ခဲ့သလို၊ အောက်တိုဘာလ ၁၅ ရက်တွင်လည်း အစိုးရ စစ်တပ်က ဖယ်ပေးရန် ထပ်မံ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“အဓိက တပ်ရင်း ၆ မှာ စစ်ရေးနဲ့ ဖြေရှင်းမယ်ဆိုတဲ့ ပုံစံအနေနဲ့ သူတို့ ခြိမ်းခြောက်တဲ့ အနေအထားရှိ တယ်။ ကျန်တဲ့ဒေသမှာလည်း တပ်အင်အားတိုးချဲ့ထားတာ ရှိတယ်။ စစ်ရေးလှုပ်ရှားမှုကတော့ ကျွန်တော် တို့ စောင့်ကြည့်နေတုန်းပါပဲ” ဟု ဦးလနန်က မဇ္ဈိမကို ပြောသည်။

လက်ရှိ အစိုးရ စစ်တပ်က KIA ၏ တပ်မဟာ ၂ တနိုင်းဘက်တွင် ၃ နေရာတွင် အင်အားတိုးမြင့်ချထား သလို၊ တပ်ဟမာ ၃ ဒေသ မန်စီမြို့နယ် ကိုင်ထိပ်ကျေးရွာတွင်လည်း အစိုးရ တပ်အင်အား ၂၀၀ ကျော်ကို ယခုရက်ပိုင်းအတွင်း တိုးမြင့်ချထားသည်ဟု သူက ဆိုသည်။

KIA ဘက်မှ ၎င်းတို့ တပ်ရင်း ၆ ကို တပ်ဆုတ်ပေးရန် အစီအစဉ် မရှိကြောင်း အစိုးရ စစ်တပ်က ဆက်လက် ဖိအားပေးလာပါက ငြိမ်းချမ်းရေး ဆွေးနွေးမှုတွင် ဆိုးကျိုးသက်ရောက်မှုများ ရှိလာနိုင်မည်ဟု သူက ပြောဆိုသည်။

အစိုးရ၏ တပ်ရင်း ၆၆ တပ်ဖွဲ့မှ KIA တပ်ရင်း ၆ အား ဖယ်ရှားပေးရန် ပြောဆိုလာမှုနှင့် ပတ်သက်၍ နည်း လမ်းမှန်ကန်စွာ ဖြေရှင်းပေးရန် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ပါဝင်သော မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ကိုယ်စားလှယ် မစ္စ မာရီယန်ထံသို့ အောက်တိုဘာလ ၁၄ ရက်က အကြောင်းကြားထားသည်ဟု ဦးလနန်က ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁ ရက်က ဖားကန့်ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းကို ဖွင့်လှစ်ခဲ့ပြီးနောက် နှစ်ဖက် စစ်ရေးတင်းမာလာခြင်းသည် အစိုးရနှင့် KIA တို့ အခွန်ကောက်ခံမှုကြောင့် ဖြစ်ပေါ်လာကြောင်း ဝေဖန်မှုများ ရှိခဲ့သည်။ သို့သော် ယင်းဝေဖန်မှုများမှာ ဖြစ်နိုင်ခြေမရှိဘဲ အစိုးရက အဓိက KIO ၏ စီးပွားရေး လုပ်ငန်းများကို လိုလားနေခြင်း ဖြစ်သည်ဟု ဦးလနန်က ပြောသည်။

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA)သည် ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်းဖော်ဆောင်ရေးကော် မတီ (UWPC)နှင့် အခြား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၁၆ ဖွဲ့တို့နှင့်အတူ တစ်နိုင်ငံလုံး အပစ် အခတ်ရပ်စဲရေး ဆွေးနွေးနေသည်။

နောက်ဆုံး ၆ ကြိမ်မြောက်တွေ့ဆုံဆွေးနွေးမှုတွင် သဘောတူညီမှုမရခဲ့ဘဲ နောက်တစ်ကြိမ် အောက်တိုဘာ အတွင်း တွေ့ဆုံရန်သာ သဘောတူခဲ့သည်။

ဖားကန့်မြို့နယ်အတွင်း အစိုးရစစ်တပ်နှင့် KIA တို့အကြား တိုက်ပွဲများ လျော့နည်းခဲ့သဖြင့် နှစ်ဖက် ယုံကြည် မှု ပိုမိုရှိလာပြီး လုပ်ငန်းတိုးတက်မှု ရှိသည်ဟု ပြီးခဲ့သည့် ပဋိပက္ခညှိနှိုင်း ဖြေရှင်းရေးကော်မတီဝင် ဗိုလ်မှူးကြီး ခွန်နောင်က မဇ္ဈိမကို ပြောဆိုခဲ့သည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List