Friday, October 17, 2014

ကေအင်န်စီဒီရင်ထိုး ကေအိုင်အေအလံနှင့် ဆင်တူသည်ဆိုကာ သုံးစွဲခွင့် တားမြစ်ခံရ


ကချင်အမျိုးသားများ ဒီမိုကရေစီ ကွန်ဂရက် (KNCD) သုံးစွဲနေသည့် ရင်ထိုးမှ အမှတ်တံဆိပ်သည် ကချင် လွတ်မြောက်ရေး တပ်မတော် KIA သုံးစွဲနေသော အလံ နှင့် တူနေသည်ဆိုကာ ပြည်ထဲရေးဝန်ကြီး ဌာနနှင့် ရှမ်းပြည်နယ် လူမှုအဖွဲ့အစည်း တစ်ခုတို့က ကန့်ကွက်ထားသည်ဟု KNCD ၏ ပြောရေးဆိုခွင့်ရှိသူ အထွေထွေအတွင်းရေးမှူး ဦးစီစီနော်ဂျာက ပြောသည်။

ပါတီမှတ်ပုံတင်စဉ်က ကော်မရှင်ထံ တင်ပြခဲ့သည့်အလံမှာ အောက်ခံအနီရောင် နှင့် အစိမ်းရောင် တစ်ဝက် စီပါရှိ၍ ဓားနှစ်လက် ယှက်ထားကာ ကြယ်ပွင့်ပုံပါရှိပြီး ရွေးကောက်ပွဲ ကော်မရှင်က ၂၀၁၃ ဒီဇင်ဘာ ၁၁ ရက်တွင် သုံးစွဲခွင့်ပြုခဲ့သည်။

ထိုအချိန်က KNCD ၏ရင်ထိုးတံဆိပ် အောက်ခံအရောင်များကို အလံနှင့် ပုံစံတူ ပြုလုပ်ထားသော်လည်း ကြယ်ပွင့်နေရာတွင် ချိန်ခွင်ပုံစံ ပြောင်းလဲသုံးစွဲထားသည်။

သို့သော် ပါတီကို ထောက်ခံသော ပြည်သူတို့က ရင်ထိုးကို ကြယ်ပွင့်ပါ အလံပုံစံအတိုင်း ပြောင်းလဲရန် တောင်းဆိုသဖြင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံ ထပ်မံတင်ပြရာ ကန့်ကွက်ခံရခြင်းဖြစ်သည်။

“ကန့်ကွက်မှုတွေက ကချင်အလံရဲ့ သမိုင်းကိုမသိဘဲ ကန့်ကွက်နေကြတယ်။ တော်တော်ခံပြင်းတယ်။ နောက်ခံသမိုင်း ကြောင်းတွေအပေါ် မူတည်လာတဲ့ အလံမို့ ပြောင်းသုံးမှာမဟုတ်ဘူး” ဟု ဦးစီစီနော်ဂျာ က ဆိုသည်။ KNCD ၏ အလံမှာ ကချင် နိုင်ငံရေးခေါင်းဆောင် ဒူဝါကြီးများ၊ ကချင်အမျိုးသားများက ကွန်ဂရက် တည်ထောင်ခဲ့သော ၁၉၅၀ ပြည့်နှစ်ကတည်းက သတ်မှတ် သုံးစွဲထားခြင်း ဖြစ်သည်။


Mizzima - News in Burmese 

No comments:

Post a Comment

My Blog List