Tuesday, October 14, 2014

ကျောက်ဖြူ မဒေးကျွန်း ရေနက်ဆိပ်ကမ်းတည်ဆောက်မှု ပြီးစီးသွားပြီဖြစ်၍ လာမည့်နိုဝင်ဘာတွင် ရေနံတင်သင်္ဘောများ စတင်ဝင်ရောက်မည်ဟုသိရ


ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒေးကျွန်းရေနက်ဆိပ်ကမ်းတည်ဆောက်မှု ပြီးစီးနေပြီဖြစ်ရာ ရေနံတင် သင်္ဘောများ နိုဝင်ဘာတွင် ၀င်ရောက်လာမည်ဖြစ် ကြောင်း မဒေးကျွန်းဒေသခံများထံမှ သိရသည်။

အဆိုပါရေနံတင်ဆိပ်ကမ်းသည် ကျောက်ဖြူမြို့၏အရှေ့ဘက်တွင်တည်ရှိပြီး ရေနံသိုလှောင်ကန်များ၊ ရေနံတင်စက်ရုံများကို တည်ဆောက်လျက်ရှိကြောင်းနှင့် နှစ်ကာလကြာမြင့်စွာတည်ဆောက်ခဲ့ရသော စီမံကိန်းတစ်ခုဖြစ်ကြောင်းလည်း သိရသည်။

ယင်းနှင့်ပတ်သက်၍ မဒေးကျွန်းဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအသင်းဥက္ကဋ္ဌ ဦးထွန်းကြည်က "ကျွန်တော်တို့ သိထားသလောက်ဆိုရင် နိုဝင်ဘာမှာ ရေနံတင်သင်္ဘောတွေ ၀င်ရောက်လာတော့မယ်လို့ သိရတယ်။ မြစ်ကြောင်းတစ်လျှောက်မှာလည်း သင်္ဘောလမ်းကြောင်းပြဗော်ယာတွေ တပ်ဆင်ထားတာကိုတွေ့ရ ပါတယ်။ တရုတ်ဘက်ကလည်း ဒီလိုပဲပြောပါတယ်" ဟုပြောကြားသည်။

မကြာသေးခင်ကာလအတွင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ၀န်ကြီးဦးကျော်ခင်နှင့် အဖွဲ့ မဒေးကျွန်းသို့လာ ရောက်ပြီး ဒေသခံများနှင့်တွေ့ဆုံရာတွင် ရွာချင်းဆက်လမ်းများ၊ မီးရရှိရေးဆောင်ရွက်ချက်များ၊ စာသင် ကျောင်းများတည်ဆောက်ရေးနှင့် ရေရရှိရေးတို့ကို လုပ်ဆောင်ပေးမည်ဟုပြောဆိုခဲ့သော်လည်း ယခုထိ တိုင် စတင်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခြင်းမရှိသေးကြောင်း ဦးထွန်းကြည်က ဆက်လက်ပြော ကြားသည်။

ထိုသို့ ရေနံတင်ဆိပ်ကမ်းတည်ဆောက်ခြင်းလုပ်ငန်းအပြင် မကြာခင်ကာလအတွင်း ကျောက်ဖြူအထူး စီးပွားရေးဇုန်အတွက် ဆိပ်ကမ်းတစ်ခုကိုလည်း မဒေးကျွန်းတွင် ထပ်မံတည်ဆောက်မည်ဖြစ်ကြောင်း၊ သို့သော်လည်း အထူးစီးပွားရေးဇုန်နှင့်ပတ်သက်၍ ယခုထက် ပိုမိုပွင့်လင်းမြင်သာမှုရှိရေးအတွက် ဒေသခံ များကလိုလားကြောင်းနှင့် စီးပွားရေးဇုန်အတွင်းကျရောက်နေသော လယ်မြေများအား လျော်ကြေးငွေများ အပြည့်အ၀ရရှိရေးတို့ကို မျှော်လင့်ကြောင်း လည်းပြောဆိုကြသည်ဟု သိရသည်။

မဒေးကျွန်းဒေသအတွင်း ထိုသို့ရေနံတင်ဆိပ်ကမ်းဆောက်လုပ်ထားသည့်အတွက် ဒေသခံများ၏နစ်နာမှု များအပေါ် ဆန္ဒထုတ်ဖော်တောင်းဆိုမှုများရှိခဲ့ပြီး လမ်းပန်းဆက်သွယ်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးတို့ အတွက် လုပ်ငန်းဆောင် ရွက်ပေးမှုများကို ဒေသခံများက တောင်းဆိုခဲ့ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment

My Blog List