Tuesday, October 14, 2014

နိုင်ငံရေးပါတီများ ဘုံသဘောတူ နိုင်ငံရေးမူဘောင် ထွက်ပေါ်ရန် မဖြစ်နိုင်ကြောင်း UNA ဆို


နိုင်ငံရေးပါတီ မဟာမိတ် အဖွဲ့အစည်းများအတွင်း မူဝါဒများ မတူညီသော ကြောင့် နိုင်ငံရေးပါတီများ အားလုံး ဘုံသဘောတူညီသည့် နိုင်ငံရေး မူဘောင်တစ်ရပ် ထွက်ပေါ်ရန် မဖြစ်နိုင်ကြာင်း ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် UNA နာယက ဦးအေးသာအောင်က ပြောကြားသည်။

နိုင်ငံရေးမူဘောင်များကို နိုင်ငံရေးပါတီ မဟာမိတ်အဖွဲ့များက အသီးသီး ရေးဆွဲလျက်ရှိသော်လည်း ပါတီများ အားလုံးကို ကိုယ်စားပြုသည့် နိုင်ငံရေးမူဘောင် ဖြစ်ပေါ်လာရေးမှာ ခက်ခဲကြောင်း ၎င်းက ဆိုသည်။

“ကျွန်တော်တို့ UNA ကလည်း ရေးဆွဲလျက် ရှိပါတယ်။ ဒါပေမဲ့ သူ့သဘော ကိုယ့်သဘော မတူညီကြတာ များနေတော့ တစ်ခုတည်းအဖြစ် ပေါင်းစည်းဖို့ ဆိုတာ ထင်သလောက် မလွယ်ဘူး” ဟု ၎င်းက မှတ်ချက်ပြု သည်။

သို့သော်လည်း အစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင်များနှင့် နိုင်ငံရေးပါတီများ သုံးပွင့်ဆိုင် ဆွေးနွေးပွဲမှ တစ်ဆင့် နိုင်ငံရေး အင်အားစုများ အားလုံး သဘောတူညီသော မူဘောင်တစ်ရပ် ရရှိနိုင်မည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

UNA အဖွဲ့က နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်ကို တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်အဖွဲ့ ဖြစ်သော ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရေးရှင်း UNFC နှင့် ညှိနှိုင်းရေးဆွဲလျက် ရှိသည်။

ထို့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက နိုင်ငံရေး မူဘောင်တစ်ရပ် သီးခြားရေးဆွဲလျက် ရှိကြောင်း အဆိုပါ ပါတီထံမှ သိရသည်။

သို့သော်လည်း သုံးပွင့်ဆိုင် ဆွေးနွေးပွဲများ မပြုလုပ်မီ နိုင်ငံရေးပါတီများဘက်မှ တူညီသော သဘောတူညီချက်များ ပါဝင်သည့် မူဘောင် ပေါ်ထွက်လာရေး နိုင်ငံရေးပါတီ ၅၆ ပါတီ ကိုယ်စားပြု မူဘောင်ရေးဆွဲရေး လုပ်ငန်းကော်မတီက အောက်တိုဘာ ၁၅ ရက်နေ့တွင် မူဘောင် စတင်ရေးဆွဲမည် ဖြစ်ကြောင်း အဆိုပါ ကော်မတီထံမှ သိရသည်။

“မူဘောင်က အစိုးရဘက်မှာလည်း ရေးပြီးသား၊ လက်နက်ကိုင်တွေမှာလည်း ရေးထားပြီးသား၊ အဲဒီတော့ သုံးပွင့်ဆိုင်မှာ အားလုံး တစ်ပြိုင်တည်း ညှိလို့ရအောင် ပါတီတွေဘက်က အကွဲကွဲအပြားပြား ဖြစ်နေတဲ့ မူဘောင်တွေကို အရင်ဆုံး စုစည်းတာပါ။ ပါတီစွဲ ကင်းကင်နဲ့ ပြည်သူတွေ အတွက်လို့ သဘောထားပြီး အလုပ်လုပ်ရင် အဆင်ပြေမှာပါ”ဟု မူဘောင်ရေးဆွဲရေး လုပ်ငန်းကော်မတီဝင် ဦးစောသန်းမြင့်က ပြောကြားသည်။

ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်း NBF၊ ဖက်ဒရယ်ဒီမိုကရေစီ မဟာမိတ် FDA နှင့် အမျိုးသားဒီမိုကရေစီ အင်အားစု NDF ပါတီတို့မှ ရေးဆွဲထားသော မူဘောင်များကို ပေါင်းစည်းကာ အခြားပါတီများမှ အကြံပြုချက်များကို ထည့်သွင်းရေးဆွဲသွားမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ 

ယင်းသို့ ရေးဆွဲပြီးနောက် ရရှိလာမည့် မူဘောင်ကို သီးခြားရေးဆွဲနေသော ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ် UNA၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ မူဘောင်များနှင့် ပေါင်းစည်းနိုင်ရန် တရားဝင် စာပို့ကမ်းလှမ်းမည် ဖြစ်ကြောင်း မူဘောင်ရေးဆွဲရေး လုပ်ငန်းကော်မတီထံမှ သိရသည်။

နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးနောက် ပြုလုပ်မည့် နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်များ ချမှတ်နိုင်ရေးကို အစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများ စက်တင်ဘာ လအတွင်း တတိယပတ်အတွင်း နှစ်ကြိမ်မြောက် သုံးပွင့်ဆိုင် အလွတ်သဘော တွေ့ဆုံထားသည်။

The Voice Weekly

No comments:

Post a Comment

My Blog List