Thursday, October 16, 2014

တရုတ်နိုင်ငံသားနှစ်ဦးကို ပြန်ပေးဆွဲရာတွင် ပါဝင်သည်ဟုဆိုကာ ဖမ်းဆီးတရားစွဲဆိုခံထားရသော ဗကသကျောင်းသူ မဖြူနှင်းထွေးအား တရားရှင်လွှတ်ပေး



တရုတ်နိုင်ငံသားနှစ်ဦးအား ပြန်ပေးဆွဲမှုတွင် ပါဝင်ခဲ့သည်ဟုဆိုကာ တရားစွဲဆိုခံထားရသော ဗကသ ကျောင်းသူ မဖြူနှင်းထွေးလွတ်မြောက်ရေးအတွက် ကျောင်းသားထုက ၀မ်ပေါင်ကုမ္ပဏီရှေ့ဆန္ဒပြအပြီး ပဉ္စမမြောက်ရုံးချိန်း၌ တရားရှင်လွတ်မြောက်ခွင့်ရရှိခဲ့ကြောင်း သိရသည်။

မဖြူနှင်းထွေး၏ ပဉ္စမမြောက်ရုံးချိန်းကို စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင် ယင်းမာပင်မြို့ရှိ ခရိုင် တရားရုံးတွင် အောက်တိုဘာ ၁၅ ရက် မွန်းလွဲ ၂ နာရီကျော် ကပြုလုပ်ခဲ့ပြီး မဖြူနှင်းထွေးအား စွဲချက်မတင်မီ တရားလိုဖြစ်သူ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းတာဝန်ခံ ဦးလှစိန်ကိုယ်တိုင်က အမှုအား ရုပ်သိမ်း လွှာတင်သည့်အတွက် တရားစွဲဆိုခံထားရသူ မဖြူနှင်းထွေးအား တရားရှင်လွတ်မြောက်ခွင့်ပေးလိုက် ကြောင်း သိရသည်။

"အပြစ်မရှိဘဲနဲ့ဖမ်းဆီးခဲ့တဲ့အတွက် အစကတည်းကလွှတ်ပေးသင့်ပါတယ်။ အဲလိုမလွှတ်ပေးတဲ့အတွက် ကျွန်မလွတ်မြောက်ဖို့ကို တစ်လလောက် အမှုရင် ဆိုင်လိုက်ရတယ်။ ဒီအချိန်အတွင်းမှာ ဒေသခံတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ၊ ပါတီအဖွဲ့အစည်းတွေအပြင် တစ်ခြားဝိုင်းဝန်းတောင်းဆိုပေးကြတဲ့သူတွေ အားလုံး နည်းနည်းတော့ပင်ပန်းသွားကြတယ်။ အဲ့ဒီအတွက် အားလုံးကိုကျေးဇူး တင်ပါတယ်" ဟု တရားရုံး မှထွက်ခွာလာစဉ် မဖြူနှင်းထွေးက ပြောကြားခဲ့သည်။

"အောက်တိုဘာ ၁၃ ရက် ပဉ္စမမြောက်ရုံးချိန်းအပြီး ယင်းမာပင်မြို့ထဲနဲ့ ၀မ်ပေါင်ကုမ္ပဏီရှေ့မှာ ဖြူနှင်းထွေး လွတ်မြောက်ဖို့ကို ကျောင်းသားထုက ၀ိုင်းဝန်းတောင်းဆိုလိုက်တဲ့အတွက် အရွေ့တစ်ခုဖြစ်သွားပြီး ဒီကနေ့ မှာ ပြန်လည်လွတ်မြောက်လာတာလည်း ဖြစ်နိုင်ပါတယ်။ ၀မ်ပေါင်ကုမ္ပဏီရှေ့မှာ ဆန္ဒပြလိုက်တဲ့ သတင်းတွေ အပေါ် နိုင်ငံတကာအသိုင်းအ၀ိုင်းအနေနဲ့ ၀မ်ပေါင်ကုမ္ပဏီကို မေးခွန်းထုတ်စရာတွေဖြစ်လာခဲ့ မှာပါ" ဟု ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ သတင်းနှင့်ပြန်ကြားရေး ဗဟိုလုပ်ငန်းကော်မတီ မှ ကိုရဲရင့်ကျော်က သုံးသပ်ပြောကြားသည်။

မဖြူနှင်းထွေးအား စက်တင်ဘာ ၁၃ ရက်တွင် ၎င်းနေထိုင်ရာ မန္တလေးတိုင်းဒေ သကြီး ပုသိမ်ကြီးမြို့ အောင်မင်္ဂလာ(၁)ရပ်ကွက် နေအိမ်မှဖမ်းဆီးခေါ်ဆောင်ခဲ့ ကာ ပြစ်မှုအသေး ၁/ ၂၀၁၄၊ ပုဒ်မ ၃၆၄/၃၆၈ အရ ဖမ်းဆီးခဲ့ပြီး ယခုကဲ့သို့ တရားစွဲဆိုခဲ့ရာပထမရုံးချိန်းအား စက်တင်ဘာ ၁၅ ရက်တွင် တရားလိုလာ ရောက်ခြင်းမရှိဘဲ ဒုတိယရုံးချိန်းကို စက်တင်ဘာ ၂၃ ရက်တွင် ချိန်းဆိုကာ တရားလိုပြသက်သေသုံးဦးကို စစ်ဆေးခဲ့ပြီး တတိယရုံးချိန်းကို စက်တင်ဘာ ၃၀ ရက်၌ တရားလိုပြသက်သေတစ်ဦးကို စစ်ဆေးခဲ့ကြောင်း၊ စတုတ္ထမြောက်ရုံးချိန်းကို အောက်တိုဘာ ၃၀ ရက်တွင်ချိန်းဆိုကာ တရားလိုပြသက်သေနှစ်ဦးကို စစ်ဆေး ခဲ့ပြီး ယခုပဉ္စမမြောက်ရုံးချိန်းတွင် ပြန်လည်လွတ်မြောက်ခဲ့ခြင်း ဖြစ်သည်။

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းမှ တရုတ်နိုင်ငံသားနှစ်ဦးအား ခေါ်ယူထိန်းသိမ်းထားမှုနှင့်ပတ်သက် ၍ မဖြူနှင်းထွေးအပါအ၀င် ဒေသခံများဖြစ်သော မ၀င်းဝင်းဌေး၊ မရီရီဝင်း၊ ဦးသိန်းအောင်၊ ဦးခင်ငြိမ်း၊ ဦးဝင်းကျော်၊ ဦးစန်းမောင် စုစုပေါင်းခုနစ်ဦးကို (ပ)၇၇/ ၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၆၈ ဖြင့် ပြီးခဲ့သည့် မေလပိုင်း ကအမှုဖွင့်ခဲ့ရာ တရားရုံးသို့ အမှုနှင့်ပတ်သက်၍ လိုက်ပါကြားနာသည့် ဒေသခံငါးဦးအား အမှုပိတ်သိမ်းကာ ပြန်လည်လွတ်မြောက်ပေးခဲ့ပြီး အမှုအားလိုက်ပါကြားနာမှုမရှိသည့် ကိုဝင်းကျော်နှင့် မဖြူနှင်းထွေးတို့အား ဆားလင်းကြီးမြို့နယ်ရဲစခန်းမှ ပုဒ်မ ၃၆၄ /၃၆၈ ကျင့် ၅၁၂၊ ၈၁-က/၂၀၁၄ ဖြင့်  ဆက်လက်တရားစွဲဆိုမှုပြု ထားခဲ့ကြောင်း၊ ယခုတစ်ဖန် ပြန်လည်တရားစွဲဆိုရာ၌ မဖြူ နှင်းထွေးတစ်ဦးကိုသာ ပြန်လည်တရားစွဲဆိုမှုပြု ခဲ့ကြောင်း သိရသည်။

ယင်းအမှုအားရုပ်သိမ်းရခြင်းမှာ နှစ်နိုင်ငံအချင်းချင်း မိတ်ဆွေမပျက် ဆက်ဆံလိုခြင်း၊ စစ်ကိုင်းတိုင်းဒေသ ကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ဖြေလျော့ ညှိနှိုင်းရေးအဖွဲ့နှင့် ဒေသခံကျေးရွာလူထုတို့၏ ဆွေးနွေး ညှိနှိုင်းပြေလည်မှုတို့ကို အလေးထားခြင်း၊ မဖြူနှင်းထွေးမှာ ငယ်ရွယ်သည့် တက္ကသိုလ်ကျောင်းသူဖြစ်ခြင်း နှင့် ယင်းအမှုဖြစ်စဉ်နှင့်ပတ်သက်သည့် ဒေသခံငါးဦးကိုလည်း ပြန်လည်လွတ်မြောက်ပေးခဲ့ခြင်းဖြစ်သည့် အတွက် အမှုအား ပြန်လည်ရုပ်သိမ်းပေးခဲ့ခြင်းဖြစ်ကြောင်း မဖြူနှင်းထွေးအမှုအား လိုက်ပါဆောင်ရွက်ပေး နေသည့် တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက ပြောကြားခဲ့သည်။   


Eleven Media Group

No comments:

Post a Comment

My Blog List