Wednesday, October 15, 2014

ကော့ကရိတ်မြို့၌ လက်နက်ကြီး ပစ်ခဲ့သူ လက်သည်အား အစိုးရနှင့် ပူးပေါင်း စုံစမ်း သွားရန် DKBA ဆန္ဒရှိဟုဆို


လူသေဆုံးမှု ရှိခဲ့သည့်ကော့ကရိတ်၊ မြ၀တီ ကားလမ်း ဒေါန တောင်ပေါ်ရှိ အလယ်ဘိုတဲ စခန်းအနီး လက်နက်ကြီး ပစ်ခတ်ခဲ့သူ လက်သည် တရားခံအား အစိုးရ အာဏာပိုင်များမှ စုံစမ်း ဖော်ထုတ်သွားပါက ပူးပေါင်း ဖော်ထုတ်သွားရန် ဆန္ဒ ရှိကြောင်း ဒီမိုကရေစီ အကျိုးပြု ကရင့် တပ်မတော် (DKBA) တပ်ဖွဲ့မှ ကလို့ထူးဘော စစ်ဗျူဟာ ဗျူဟာမှူး ဗိုလ်မှူးကြီး စောဆန်းအောင်က ပြောသည်။

 “ဒီကိစ္စကို စုံစမ်း ဖော်ထုတ်ဖို့ ကျတော်တို့ကို လုပ်ပိုင်ခွင့်မှ မပေး ထားတာ။ အစိုးရက စုံစမ်း ဖော်ထုတ်မယ် ဆိုရင်လည်း ကျတော် တို့ကို မိတ်ဆွေလို ဘောထား ရင်တော့ ပါဝင်ပါ့မယ်။ ရန်သူလို သဘောထားတယ် ဆိုရင်တော့ ဘယ်လို ပူးတွဲပါဝင် နိုင်မလဲ” ဟု ဗိုလ်မှူးကြီး စောဆန်းအောင်က ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၁ ရက်နေ့၊ မနက် ၉ နာရီ မှ ၁၁ နာရီ အချိန် အထိ ကော့ကရိတ် မြို့နယ်တွင် အစိုးရ တပ်နှင့် DKBA တပ်တို့ အကြား တိုက်ပွဲ ဖြစ်ပွား နေကြစဉ် ဒေါန တောင်ပေါ်ရှိ အလယ်ဘိုတဲ စခန်း အနီးသို့ လက်နက်ကြီး ကျခဲ့၍ လူ (၄) ဦး သေဆုံး ခဲ့ရကာ (၁၀) ဦး ထိခိုက် ဒဏ်ရာ ရခဲ့ ပါသည်။

အဆိုပါ အလယ်ဘိုတဲ အခန်းအနီး၌ ကျရောက် ခဲ့သည် လက်နက်ကြီး ကျမှုကို အစိုးရ တပ်ဖက်မှ DKBA အဖွဲ့၏ လုပ်ဆောင် ချက်ဟု စွပ်စွဲ ပြောဆို ထားပြီး DKBA တပ်ကမူ ၎င်းတို့ လက်ချက် မဟုတ်ကြောင်း ငြင်းချက် ထုတ်၍ ပြောကြား ထားပါသည်။

“အဲလို လက်နက်ကြီး ကျည်ဆံမျိုး ကျတော်တို့ ဆီမှာလည်း မရှိဘူး။ ကျတော်တို့ အဖွဲ့ မဟုတ်ဘူး ဆိုတာ ကျတော်တို့ စစ်ဖြစ် ခဲ့တဲ့ဒေသခံ လူထု တွေကို မေးလို့ ရပါတယ်။ ကျတော်တို့ သက်သေ ပြနိုင် ပါတယ်” ဟု ဗိုလ်မှူးကြီး စောဆန်းအောင်ကပြောသည်။

အဝေးမှ နေ၍ လှမ်းပစ်သည့်လက်နက်ကြီး ကျရောက် ပေါက်ကွဲ မှုကြောင့် လူသေဆုံးမှု၊ ဒဏ်ရာ ရခဲ့မှု ဖြစ်ပွားရာ နေရာတွင် DKBA တပ်ဖွဲ့ အပြင် အခြား လက်နက်ကိုင် အဖွဲ့ များလည်း အများ အပြား ရှိနေပြီး ထိုလက်နက်ကြီး ပစ်ခတ် ခဲ့သည့် လက်သည် တရားခံအား စုံစမ်း ဖော်ထုတ် သွားမည် ဖြစ်ကြောင်း ကော့ကရိတ် မြို့နယ် ရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ထို့အတူ ကော့ကရိတ် မြို့မ ရဲစခန်းမှ စခန်းမှူး မြင့်အောင်က အရပ် သားနှင့် ထိခိုက် ဒဏ်ရာရသော လူများကို ဆက်လက် စစ်ဆေး နေဆဲ ဖြစ်ပြီး ထပ်မံ၍ စုံးစမ်း ဖော်ထုတ် သွားမည် ဖြစ်ကြောင်းလည်း အတည်ပြု ပြောကြားသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၆ ရက်နေ့မှ စ၍ အစိုးရ တပ်နှင့် DKBA တပ်တို့အကြား မွန်ပြည်နယ် ကျိုက်မရော မြို့မှ စ၍ နှစ်ဖက် ပစ်ခတ်မှု စတင် ဖြစ်ပွား ခဲ့ကြပြီး ၊ ထိုမှ ဆက်၍ ကြိုကြား ပစ်ခတ်မှုများ ဆက်တိုက် ဖြစ်ပေါ် လာခဲ့သည်။

ထိုသို့ စစ်ရေး တင်းမာမှု ဆက်လက် မဖြစ်ပေါ် စေရေး အတွက် မြန်မာ့ငြိမ်းချမ်းရေး စင်တာ (MPC), တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေး အဖွဲ့ (NCCT), တပ်မတော် အရာရှိ ကြီးများနှင့် အကြိမ်ကြိမ် တွေ့ဆုံ ဆွေးနွေး ခဲ့ကြပြီး တင်းမာမှု အချို့ လျော့ချ နိုင်ခဲ့ သော်လည်း အပြည့်အဝ ဖြေရှင်း နိုင်ခဲ့ခြင်း မရှိ ခဲ့ပေ။

နှစ်ဖက် စစ်ရေး တင်းမာမှု လျော့ချ နိုင်ရေး အတွက်လည်း စစ်ဆင်ရေး အထူး အဖွဲ့ - ကစထ (၄) မှူး ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး မှလည်း မိမိ တပ်အား မိမိ ထိန်းသိမ်းရန် အတွက် DKBA တပ်ဖွဲ့အား စက်တင်ဘာ လနှောင်းပိုင်း၌ သတိပေး ပြောဆို ထားပြီး ဖြစ်သည်။

DKBA နှင့်အစိုးရ တို့သည်ပြီးခဲ့သည့်၂၀၁၁ ခုနှစ်နိုဝင်ဘာ လတွင်ဒုတိယ အကြိမ် အပစ်အခတ် ရပ်စဲရေးလက်မှတ် ရေးထိုး ထားပြီးအစိုးရနှင့်အပစ် အခတ်ရပ်စဲထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအနက် တတိယမြောက်အပစ်အခတ် ရပ်စဲရေးလတ်မှတ် ရေးထိုး ထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်း ဖြစ်သည်။

Phophtaw News Association

No comments:

Post a Comment

My Blog List