Friday, October 17, 2014

ဖားကန့်တွင် စစ်ရေးတင်းမာမှုကြောင့် ကျောင်းများပိတ်၊ အရောင်းအ၀ယ်အေး


ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ အစိုးရတပ်နဲ့ကချင်လွတ်မြောက်တပ်ရေး တပ်မတော်တို့အကြား စစ်ရေး တင်းမာမှု ရှိနေဆဲ ဖြစ်ပြီး နှစ်ဖက်တပ်တွေ အင်အားဖြည့်တင်းနေသလို စာသင်ကျောင်းတွေ ပိတ်ထားရပြီး အရောင်းအ၀ယ် တွေလည်း အေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကချင်ပြည်နယ် ဖားကန့်မြို့နယ် အောင်ဘာလေကျေးရွာသားတွေကို အောက်တို ဘာ ၁၅ ရက်နေ့က စပြီး နယ်မြေခံ အစိုးရတပ်ရင်းက ၀င်ထွက်ခွင့် ပိတ်လိုက်ပြီးနောက် နှစ်ဖက်တပ်တွေ အခြေအနေ တင်းမာနေ တာပါ။

ဒီတင်းမာမှုကြောင့် အောင်ဘာလေကျေးရွာနဲ့ ကံဆီးရွာက ကျောင်းတွေ ပိတ်ထားရပြီး ဖားကန့်မြို့ပေါ်မှာ လည်း လူအသွားအလာ ကျဲကာ ကျောက်စိမ်း အရောင်းအဝေယ်လည်း အေးနေတယ်လို့ ဖားကန့်မြို့နယ် အမျိုးသားဒီကမိုကရေစီအဖွဲ့ချုပ် နာယက ဒါရှီလာဆိုင်းက ဒီဗွီဘီကို ပြောပါတယ်။

“ကံဆီးကျောင်းနဲ့ အောင်ဘာလေမှာ ရှိတဲ့ ကျောင်းတွေကတော့ ယာယီ ပိတ်ထားရတာပေါ့။ ဘာလို့လဲ ဆိုတော့ တပ်မတော်က အချိန်မရွေး ထိုးစစ်ဆင်နိုင်တဲ့ အခြေအနေမှာ ရှိနေတဲ့အတွက် ထိုးစစ်ဆင်လာရင် ကျောင်းသူနဲ့ ကျောင်းသားတွေအတွက် ရှောင်တိမ်းဖို့အတွက် မလွယ်မှာ စိုးတဲ့အတွက် ယာယီ ပိတ်ထား တဲ့သဘောပါ။ ကျောက်စိမ်းရောင်းဝယ်တဲ့ သူတွေလည်း ကျဲသွားတာ တွေ့ရတယ်။ သွားလာလှုပ်ရှားမှုတွေ ကလည်း ကျီးလန့်စာစားပုံစံမျိုးတွေ တွေ့ရ တယ်။”

ဒါအပြင် ဒီရပ်ပိုင်းတွေမှာလည်း အစိုးရတပ်က အင်အားတွေ ထပ်မံဖြည့်တင်း မှုတွေ လုပ်နေသလိုပဲ ကေအိုင်အေဘက်ကလည်း အင်အား တိုးချဲ့ချထား တယ်လို့လည်း ပြောပါတယ်။

“တပ်တွေကတော့ တော်တော်များများ ကားကြီးကားငယ်တွေနဲ့ အောက်ပိုင်းက နေပြီး အများကြီး ပို့တာ တွေ ရှိနေတယ်။ အင်အားအနေနဲ့ကတော့ တပ်မတခုဆိုတော့ တော်တော်လေးတော့ များမှာပေါ့။ နဂို တပ်မလည်း ရှိတယ် နောက်ထပ် ပြန်ပို့တယ်ဆိုတော့ ၁ ထောင် ၀န်းကျင်လောက်တော့ ရှိမယ်။ ကေအိုင်အေဖက်ကလည်း သူတို့ အဲဒီမှာ ရှိတဲ့တပ်နဲ့ တပ်ကူတွေ ရောက်တဲ့ အနေအထား မျိုးတော့ ကြားရပါတယ်။ ဘာလို့လဲဆိုတော့ တပ်ကူက မရောက်ဘူးဆိုရင် သူတို့ အနေအထားလည်း တော်တော်လေး ချောင်ပိတ် မိမှာလည်း စိုးရိမ်တဲ့အတွက် သူတို့ဘက်က ပြင်ဆင်မှုတွေ ရှိတယ်လို့လည်း ကြားသိ ရပါတယ်။”

နှစ်ဖက်တပ်တွေ တင်းမာမှု ဖြစ်ရတဲ့အကြောင်းရင်းက အဲဒီဒေသမှာ ကျောက်စိမ်းမှော်တွေ ရှိပြီး ကေအိုင်အေတပ်က အခွန်ကောက်ခံတာ မနှစ်မြိုတဲ့ ကုမ္ပဏီတချို့က အစိုးရကို တိုင်ကြားတာကြောင့် စစ်တပ်က ကေအိုင်အေစခန်းတွေ ဆုတ်ပေးဖို့ ပြောခဲ့သလို  ရွာသားတွေကိုလည်း အခြားကို ရွှေ့ပြောင်းသွားဖို့ ညွှန်ကြားခဲ့ပြီးနောက် တင်းမာမှုတွေ ဖြစ်ပွားခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော်ကတော့ တင်မားမှုအစက ကေအိုင်အေ တပ်ရင်း ၆ ကို နေရာကနေ ဆုတ်ခွာပေးဖို့ကနေ စတဲ့ ပြဿ  နာ ဖြစ်ပြီး လက်ရှိ အစိုးရတာဝန်ရှိသူတွေနဲ့ ညှိနှိုင်း ဆောင်ရွက်နေတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

ညှိနှိုင်းမှု မအောင်မြင်ရင်တော့ တိုက်ပွဲတွေ ပြန်ဖြစ်လာမယ့် အနေအထား ရှိတယ်လို့ ပြောပါတယ်။

“ကျနော်တို့ ညှိနှိုင်းနေပါတယ်။  မြကြီးနားရုံးကလည်း ညှိနှိုင်းတယ် နောက်ပြီး ဦးအောင်မင်းဆီကိုလည်း စာရေးထားတယ်။  ဒါပေမယ့် ဒီ တပ်ရင်း ၆ ကို ဖယ်ပေးဖို့ပဲ ပြောနေတော့ တကယ်လို့ တပ်ရင်း ၆ ကို စစ်ဆင်ရေးတွေ လုပ်လာမယ်ဆိုရင်တော့ တိုက်ပွဲတွေ ပြန်ဖြစ်လာနိုင်ပါတယ်။”

လတ်တလောမှာ ပစ်ခတ်တဲ့အသံတွေတော့ မကြားရသေးပေမယ့် အောင်ဘာလေ ကျေးရွာမှာ ပိတ်မိနေတဲ့ ရွာသားတွေကတော့  ဖားကန့်မြို့ပေါ် ခိုလှုံနိုင်ဖို့ ဒေသခံ ဘာသာရေးအဖွဲ့တွေနဲ့ လူမှုအဖွဲ့တွေက ညှိနှိုင်း မှုတွေ ရှိနေပါတယ်။

DVB

No comments:

Post a Comment

My Blog List