Friday, October 17, 2014

ယိုယွင်းနေသည့် ဦးပိန်တံတားရှိ အခန်းပေါင်း ၅၀ ကို ပြင်ဆင်မည်


ကမ္ဘာလှည့် ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်လေ့ရှိသည့် တောင်သမန်အင်းအတွင်းရှိ ဦးပိန် တံတားမှ အခန်းပေါင်း ၅၀ ခန့်ကို နိုဝင်ဘာလအတွင်း ပြုပြင်သွားမည်ဟု ဦးပိန်တံတားထိန်းသိမ်း စောင့်ရှောက်ရေးကော်မတီမှ အတွင်းရေးမှူး ဦးစိုးဝင်းက မဇ္ဈိမကို ပြောသည်။

အသေးစားပြုပြင်မှုများဖြစ်သည့် ဆင့်များလဲခြင်း၊ ထုပ်တန်းများလဲခြင်း၊ ခင်းသား များလဲခြင်း စသည်တို့ကို သိန်းပေါင်း ၆၀ ခန့် အကုန်အကျခံပြုပြင်သွားမည်ဟု ဆိုသည်။

“ခရီးသွားဧည့်သည်တွေ အဆင်ပြေပြေသွားလာနိုင်အောင်၊ တံတားကြီးရေရှည် တည်တံ့ခိုင်မြဲအောင်လို့ ပျက်စီးနေတဲ့ နေရာတွေကို ကျွန်တော်တို့ ကော်မတီနဲ့ ရှေးဟောင်းညှိနှိုင်းပြီးတော့မှ ပြင်တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လတွေတုန်းကလည်း အခန်းပေါင်း ၁၈ ခန်းကို ပြင်ဆင်ပြီးပါပြီ” ဟု ဦးစိုးဝင်းက ပြောသည်။

အဆိုပါ တံတားပြုပြင်နိုင်ရန် အလှူရှင်တစ်ဦးက သိန်း ၁၀၀ ခန့်လှူဒါန်းထားပြီး ပထမအကြိမ်ပြင်ဆင်စဉ်က ၁၆ သိန်းခန့် ကုန်ကျခဲ့ကြောင်း၊ ဦးပိန်တံတားကို တစ်ခန်းလုံး အပြတ်ပြုပြင်ခြင်းမျိုး မဟုတ်ဘဲ ပြင်ဆင်ရန် လိုအပ်သည့် အစိတ်အပိုင်းများကိုသာ ပြုပြင်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ကမ္ဘာလှည့် ခရီးသွားများ၊ ပြည်တွင်း ခရီးသွားများ အဓိကလာရောက် လည်ပတ်ကြသည့် ဦးပိန်တံတား သည် သက်တမ်းနှစ် ၁၆၀ ကျော်ရှိပြီး၊ လေဒဏ် မိုးဒဏ်ခံနိုင်စေရန် တံတားကို အဖြောင့်မဆောက်ဘဲ တောင်ဘက်သို့ ဦးမော့ကွေးဝိုက်ကာတည် ဆောက်ထားသည်ဟု ဆိုသည်။

ဦးပိန်တံတားတွင် ကျွန်းတိုင်လုံးပေါင်း ၁,၀၀၀ ကျော်၊ အခန်းပေါင်း ၄၄၇ ခန်း၊ အရှည် ပေ ၄,၀၀၀ နီးပါးရှိ ပြီး ၁၈၄၉ ခုနှစ်၊ ပုဂံမင်းလက်ထက်တွင် မြို့စာရေး ဦးပိန်က အချိန်နှစ်နှစ်ကျော်ယူကာ တည်ဆောက်ခဲ့ရ သည်ဟု သမိုင်းမှတ်တမ်းများ အရသိရသည်။


Mizzima - News in Burmese

No comments:

Post a Comment

My Blog List