Wednesday, October 15, 2014

ဗိုလ်ချုပ်တစ်ဦးနှင့် ဗိုလ်မှူးချုပ်နှစ်ဦး တပ်မတော်၏ ပြောရေးဆိုခွင့် ရှိသူများအဖြစ် ဆောင်ရွက်မည်



ပွင့်လင်းမြင်သာမှုမရှိဟု ဝေဖန်ခြင်း ခံနေရသော မြန်မာတပ်မတော်၏ တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များကို မီဒီယာများက မေးမြန်းရာတွင် တပ်မတော် ပြောရေးဆိုခွင့် ရှိသူများအဖြစ် ဗိုလ်ချုပ်တစ်ဦးနှင့် ဗိုလ်မှူးချုပ်နှစ်ဦးက တာဝန်ယူ ဖြေကြား သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) အဖွဲ့ဝင် ဦးရဲမင်းဦးက ပြောကြားသည်။
အောက်တိုဘာလ ၁၄ ရက် မွန်းလွဲ ၂နာရီက နေပြည်တော် ကောင်စီနယ်မြေ ဘုရင့်နောင် ရိပ်သာတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) တို့တွေ့ဆုံစဉ် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်ကြောင်း စာနယ်ဇင်း ကောင်စီထံမှ သိရှိရသည်။

အဆိုပါ တပ်မတော်နှင့် ပတ်သက်သည့် အကြောင်းအရာများကို တပ်မတော် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ် စစ်ဆင်ရေးဌာန ညွှန်ကြားရေးမှူး ဗိုလ်ချုပ်အောင်ရဲဝင်း၊ ကာကွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် အောင်သော်နှင့် ဒုတိယတပ်မတော် လေ့ကျင့်ရေးအရာရှိချုပ် ဗိုလ်မှူးချူပ် စိုးနိုင်ဦး တို့က ဖြေကြားမည်ပေးမည် ဖြစ်ကြောင်း ဦးရဲမင်းဦးက ရှင်းပြသည်။

ထို့အပြင် တပ်မတော်အနေနှင့် သတင်းထုတ်ပြန်မှု လွယ်ကူ ချောမွေ့စေရေးအတွက် သင့်လျော်သော နည်းလမ်းများကို မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) နှင့်အတူ ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ပြီး အခါအားလျော်စွာ သတင်းစာ ရှင်းလင်းပွဲများ ကျင်းပပြီး သတင်းထုတ်ပြန် နိုင်ရေး စီစဉ်ဆောင်ရွက်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) သတင်းထုတ်ပြန်ချက်အရ သိရသည်။

နှစ်ပေါင်းများစွာ တပ်မတော်နှင့် ပတ်သက်ပြီး သတင်းအမှောင်ချမှုများ ပြုလုပ်ခဲ့ရာမှ တပ်မတော် သတင်းထုတ်ပြန်မှုများ ပြုလုပ်ရန်အတွက် ပြန်ကြားရေး တာဝန်ယူသူများကို သတ်မှတ်ပေးခြင်းကို ကြိုဆိုသော်လည်း သက်ဆိုင်ရာ မီဒီယာများ အနေနင့် ပြည်သူနှင့် တပ်မတော်ကြား ပေါင်းကူးပေးသူများ ဖြစ်လာရန် လိုအပ်ချက်များ ရှိနေသေးကြောင်း ပြည်ပအခြေ စိုက် သတင်းဌာနတစ်ခု၏ မြန်မာနိုင်ငံဆိုင်ရာ တာဝန်ခံ ဝါရင့်သတင်းထောက်တစ်ဦးက ပြောကြားသည်။

“မီဒီယာတွေဘက်က ပိုပြီးတော့ လေ့လာဖို့ လိုအပ်လာပါပြီ၊ သူတို့သတင်း ထုတ်ပြန်ပေးတာကိုပဲ ရေးမလား။ ကိုယ့်ဟာ ကို နှစ်ဖက်မျှ ရေးကြမလားပေါ့။ 

တပ်မတော်က ဝါဒဖြန့်တဲ့ သတင်းတွေ မဖြစ်အောင် ပြည်သူကို ဘယ်လိုတင်ပြမလဲဆိုတဲ့ စိန်ခေါ်မှုတော့ ရှိလာမယ်” ဟု ၎င်းက မှတ်ချက်ပြုသည်။

သို့သော်လည်း ယင်းသို့ တပ်မတော်မှ သတင်းမီဒီယာများနှင့် ဆက်ဆံနိုင်ရန် အရာရှိကြီးများ သတ်မှတ်ပေးခြင်းသည် စာနယ်ဇင်းကောင်စီက တောင်းဆိုခြင်းကြောင့်သာ ဖြစ်ပြီး တပ်မတော်နှင့် ပတ်သက်သော သတင်းဖော်ပြ မှုများတွင် သတင်းကျင့်ဝတ်ကို ပိုမိုအလေးထား လာစေရန် ရည်ရွယ်ကြောင်း စာနယ်ဇင်းကောင်စီ (ယာယီ) ဒုတိယဥက္ကဋ္ဌ ဦးခင်မောင်လေး ( ဖိုးသောကြာ) က ပြောကြားသည်။

“တိုက်ပွဲ သတင်းတွေမှာ အမှားတွေ မဖြစ်မိအောင်၊ ငြိမ်းချမ်းရေး သတင်းတွေမှာ တိုင်းရင်းသား ခေါင်းဆောင်တွေ ဘက်ကပဲ ရေးသားနေတာကို တွေ့ရပါတယ်။ မီဒီယာက တကယ်ကြားထဲက ဖြစ်နေတာတွေကို ဖြစ်တဲ့အတိုင်း ပြည်သူ ကို တင်ပြနိုင်အောင် ရည်ရွယ်တာပါ။ ဘယ်သူမှ ဝါဒမဖြန့်နိုင်အောင် ကြားထဲက ရေးသားနိုင်အောင် ရည်ရွယ်တာပါ” ဟု ၎င်းကဆိုသည်။

အဆိုပါ တွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ ကာကွယ်ရေး ဝန်ကြီးဌာနမှ ကြည်းရေလေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး လှဌေးဝင်း၊ တပ်မတော် စစ်ဖက်ရေးရာ လုံခြုံရေး အရာရှိချုပ်နှင့် အထူးစစ်ဆင်ရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ စစ်ရေးချုပ် ဗိုလ်ချုပ်ဆန်းဦး၊ စစ်ထောက်ချုပ် ဗိုလ်ချုပ်ညိုစော၊ ကာကွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် အောင်သော်၊ ဒုတိယ တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ် ဗိုလ်မှူးချုပ် စိုးနိုင်ဦး၊ တပ်မတော် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ် စစ်ဆင်ရေးဌာန ညွှန်ကြားရေးမှူး ဗိုလ်ချုပ်အောင်ရဲဝင်းတို့ တက်ရောက်ကြောင်း စာနယ်ဇင်းကောင်စီ (ယာယီ) ထံမှ သိရသည်။

The Voice Weekly

No comments:

Post a Comment

My Blog List