Tuesday, October 14, 2014

"ကိုယ့်အစိုးရပိုက်ဆံကိုယ်သုံးချင်တာပေါ့၊ သိပ်မျက်နာငယ်ဖို့ ကောင်းတယ်" - ဦးအောင်မင်း


လက်ရှိမြန်မာအစိုးရ စစ်တပ်နဲ့ DKBA တို့ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေဟာ သေနတ်ယူခွင့်မရှိတဲ့ နေရာကို ယူလာရာကစတင်ဖြစ်ပွားတာဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက အောက်တိုဘာ ၁၃ရက် နေပြည်တော် လွှတ်တော်မှာ ပြောကြားလိုက်ပါတယ်။

လက်ရှိ ကရင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့တိုက်ပွဲတွေနဲ့ပတ်သတ်ပြီး ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းစေးအွာက မြန်မာနို်င်ငံ ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေးလုပ်ငန်း ဗဟိုဌာန (MPC) အနေနဲ့ ဘယ်လိုကူညီဆောင်ရွက်ဖို့ရှိ ပါသလဲမေးခွန်းကို ပြန်လည် ဖြေကြားရာမှာ ထည့်သွင်းပြောဆိုသွားတာ လဲဖြစ်ပါတယ်။

“ဖြစ်စဉ်ကို ပြန်ကြည့်မယ်ဆိုလို့ရှိရင် ကျနော်တို့နဲ့ လက်မှတ်ထိုးထားတဲ့ ကလို့ထူးဖောအဖွဲ့က တပ်သား အချို့ဟာ ကျိုက်မရောမြို့ကို ဝင်လာပြီးတဲ့အခါမှာ သေနတ်တွေကို ဘေးအိမ်မှာ အပ်ထားပါတယ်။ ဒီဥစ္စာ ဟာ သေနတ်ယူခွင့်မရှိ တဲ့နေရာဖြစ်ပါတယ်။ အဲ့နေရာမှာရှိတဲ့သေနတ်တွေကို သိမ်းတဲ့နေရာက စပြီးတော့ မှ ဒီလိုပြဿနာတွေဖြစ်ပါတယ်။ ဒီကိစ္စကို ကျနော်တို့ ပစ်မထားပါဘူး။ အသေးကစပြီးတော့ ပြဿဒ်မီးလောင်နိုင် တယ်ဆိုပြီးတော့ ခံယူထားပါတယ်။ ဒါကြောင့်မို့ ဒီဥစ္စာကို ကျနော်တို့ပြေငြိမ်းနိုင်အောင် ဆောင်ရွက်လျက် ရှိပါတယ်လို့ ” ဦးအောင်မင်းက ပြန်လည်ဖြေကြားခဲ့တာပါ။ 

ဒါ့အပြင် ငြိမ်းချမ်းရေးယူထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေအတွက် ကားပါမစ်ချပေးခြင်း မဟုတ်ပဲ၊ ကားတွေကို register လုပ်ပေးခဲ့ခြင်းမျှသာ ဖြစ်ပြီး ဒီလို လုပ်ရာမှာလည်း ကညနနဲ့ ပူးတွဲကာ ပြန်လည်ရောင်းချခွင့် မပြုနိုင်အောင် လုပ်ထားတာမို့ အဲ့ဒီ့ကားတွေကို ပြန်ရောင်းရင်လဲ ရှုံးမှာပဲလို့ သူက ခုခံပြောသွားခဲ့ပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ဆောင်ရွက်နေတဲ့ MPC ရဲ့ နို်င်ငံတကာကနေ အထောက်အပံ့ ရရှိနေတဲ့ ဘဏ္ဍာငွေတွေနဲ့ ပတ်သက်ပြီး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက အခုလို ဆက်လက်ရှင်းပြသွားပါ တယ်။

“အရင်တုန်းက နိုင်ငံတကာအဖွဲ့အစည်းတွေက ကျနော်တို့ယခင်အစိုးရကို လုံးဝ အကူအညီ မပေးတဲ့အပြင် တဖက်အဖွဲ့အစည်းတွေကို သွားရောက်ထောက်ပံ့ခဲ့ တာရှိပါတယ်။ အဲလို ထောက်ပံ့ခဲ့လို့လည်း ကျနော်တို့ ငြိမ်းချမ်းရေးမရနိုင်ဘဲနဲ့ ပဋိပက္ခ သံသရာကြီးက အဲလောက် ရှည်ကြာနေတာဖြစ်ပါတယ်။ သူတို့ပေးတဲ့ အထောက်အထားတွေ ရှိပါတယ်။ 

ဒီလိုအဖွဲ့တွေက သူတို့ပေးတဲ့ အထောက် အထားတွေကိုကျနော်တင်ပြခြင်းပါတယ်။ နယ်စပ်မှာ အားလုံးက လွတ်မြောက် နယ်မြေအဖြစ ကြေညာပြီး အကုန်ပြည့်ပြည့်စုံစုံနဲ့ ရကြပါတယ်။ အဲမှာဆို လက်နက်ကိုင် အဖွဲ့အစည်းအင်အား တသိန်းရှိပါတယ်။ နောက်ဒုက္ခသည် စခန်းထဲမှာ အင်အားသုံးသိန်းခွဲရှိပါတယ်။ စစ်ဘေးဒုက္ခသည် လေးသိန်းခြောက်သောင်းငါးထောင်ရှိပါတယ်။ အားလုံးပေါင်းရင် ၁၀ သိန်းလောက်ရှိ ပါတယ်။ အဲဒီသူတွေကို နိုင်ငံတကာ အဖွဲ့အစည်းတွေကပဲ ပေးထားတာဖြစ်ပါတယ်။ အဲ့လို NGO အမည်ခံ နို်င်ငံတကာအဖွဲ့အစည်းတွေက လက်နက်ကိုင် အဖွဲ့အစည်းတွေကို ထောက်ပံ့နေတာကြောင့် တိုက်ပွဲတွေ ရှည်ကြာနေလို့ ငြိမ်းချမ်းရေး မဖြစ်နိုင်တာပါ။ နို်င်ငံတကာအဖွဲ့အစည်းတွေက အစိုးရကို ယုံကြည်လို့ ထောက်ပံ့လာတာဖြစ်တယ်။ သူတို့အားလုံးက ဒီဘက်ပြောင်းပြီးထောက်ပံ့တာဖြစ်တယ်။ အခုတောင်မှ ကျနော်တို့လက်ထဲမှာ ပိုက်ဆံကိုင်ခွင့်မရသေးဘူး။ သိပ်မျက်နာငယ်ဖို့ ကောင်းတယ်။ တကယ်တော့ ကိုယ့်အစိုးရပိုက်ဆံကိုယ်သုံးချင်တာပေါ့။” 

လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်အတွက် ရန်သူကို ကိုယ့်လူဖြစ်အောင် သူအနေနဲ့ တာဝန်ယူပြီး ဆောင်ရွက်သွား မယ်လို့ သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြည်ထောင်စု လွှတ်တော်မှာ အောက်တိုဘာ ၁၃ရက်နေ့က ပြောကြားခဲ့ပါတယ်။

Reported: ကျော်ဇေယျာဝင်း၊ Edited: ပြည့်စုံ
DVB TV News

No comments:

Post a Comment

My Blog List