Friday, October 17, 2014

မဲရုံစောင့်ကြည့်ရေးတွင် အရပ်ဘက်အဖွဲ့အစည်းများ ထိရောက်စွာပါဝင်ခွင့်ပေးရန် ကော်မရှင်ကို တောင်းဆိုမည်


၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် မဲရုံစောင့်ကြည့်ရေး ထိရောက်စွာ ပါဝင်ခွင့်ပေးရန် အရပ်ဘက်အဖွဲ့ အစည်းများက အောက်တိုဘာ ၂၀ ရက်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် တွေ့ဆုံစဉ် တောင်း ဆိုဆွေးနွေးသွားမည်ဟု ထိုတွေ့ဆုံပွဲသို့ တက်ရောက်မည့် လူ့အခွင့်အရေးမြင့်တင် လှုပ်ရှားသူများ အဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ဦးမြင့်အေးက ပြောကြားသည်။

ရန်ကုန်မြို့ရှိ မီကာဆာဟိုတယ်တွင် မဲစာရင်းပြုစုခြင်း နှင့် မဲရုံစောင့်ကြည့်ခြင်း ကွန်ရက် ချဲ့ထွင်နိုင်ရေးနှင့် ပတ်သက်၍ အရပ်ဘက်အဖွဲ့အစည်းများ နှင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်တို့ တတိယအကြိမ် တွေ့ဆုံပွဲတွင် အထက်ပါအတိုင်း ဆွေးနွေးမည်ဖြစ်သည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲကာလအတွင်း မဲရုံများစောင့်ကြည့်ရာတွင် အရပ်ဘက်အဖွဲ့အစည်းများ မည့်သည့်အခန်းကဏ္ဍ၌ ပါဝင်ရမည်ကို တိကျစွာ ထုတ်ပြန်ပေးရန်၊ မဲစာရင်းများကို အများပြည်သူ မြင်သာအောင် တရားဝင်ကြေငြာပေးရန်၊ မဲဆန္ဒရှင်စာရင်းများ ပြုစုရာတွင် စနစ်တကျ ဆောင်ရွက်ရန်၊ မဲဆန္ဒရှင်များကို ရွေးကောက်ပွဲ မဲပေးရာတွင် ပိုမိုပါဝင်လာအောင် ကော်မရှင်က အသိပညာပေးခြင်းကို ထိရောက်စွာ ဆောင်ရွက်ပေးရန်၊ ရွေးကောက်ပွဲစနစ် နှင့် ပတ်သက်၍ မည်သည့်စနစ်ကို အသုံးပြုမည်ကို အရပ်ဘက်အဖွဲ့အစည်းများအား ကြိုတင်အသိပေးရန်  အချက်တို့ကို ရွေးကောက်ပွဲဆိုင်ရာ အသိပညာ ပေးခြင်းလုပ်ငန်းများ လှုပ်ရှားဆောင်ရွက်နေ သည့် လူ့အခွင့်အရေး မြှင့်တင်လှုပ်ရှားသူများအဖွဲ့ကလည်း အကြံပြုဆွေးနွေး မည်ဟု ထိုအဖွဲ့၏ အမှုဆောင်ဒါရိုက်တာ ဦးမြင့်အေးက ဆိုသည်။

"မဲရုံစောင့်ကြည့်ရင် မဲရုံထဲဝင်ခွင့်ပြုထားမှာလား။ အပြင်ကပဲ စောင့်ကြည့်ရမလားဆိုတာ သေချာဖြေပေးဖို့ လိုအပ်တယ်။ မဲရေတွက်ရင် အများမြင်သာအောင် လုပ်ပေးဖို့ အရပ်ဖက်အဖွဲ့စည်း တွေက ရွေး ကောက်ပွဲ ကာလမှာ တရားဝင်ပြောခွင့်ပြုထားမှာလားဆိုတာတွေကို သေချာဖြေပေးဖို့ လိုပါတယ် "ဟု ၎င်းက ပြော သည်။

အရပ်ဘက်အဖွဲ့စည်း ၂၁ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံ မဲရုံစောင့်ကြည့်ရေးကွန်ယက်၏ အထွေထွေ အတွင်းရေးမှူး ဒေါ်ဇင်မာဦးက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် နှင့် အရပ်ဘက်အဖွဲ့အစည်းများသို့ အခြေခံမဲဆန္ဒရှင် စာရင်းရှေ့ပြေး စမ်းသပ်ကောက်ယူစဉ်က ကြုံတွေ့ခဲ့ရသည့် မဲစာရင်း ကြေငြာမှု အားနည်းချက်များ၊ မြို့နယ်ကော်မရှင်အဖွဲ့ဝင်များ၏ အားနည်းချက်များကို ဆွေးနွေးတင်ပြမည်ဟုဆိုသည်။

တစ်နိုင်ငံလုံး၌ နိုဝင်ဘာလမှစတင်ကာ အခြေခံမဲဆန္ဒရှင်စာရင်း ကောက်ယူရန် နှင့် ၂၀၁၅ ခုနှစ် အထွေ ထွေရွေးကောက်ပွဲ ကျင်းပရာတွင် မဲအသိပညာပေးခြင်း၊ မဲရုံစောင့်ကြည့်ခြင်း၊ မဲဆန္ဒရှင် စာရင်းပြုစုခြင်းများ ကို အရပ်ဖက်အဖွဲ့စည်းများကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ပူးပေါင်း ပါဝင်ခွင့်ပြုမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက တရားဝင်ထုတ်ပြန် ထားသည်။

၂၀၁၄ ခုနှစ်၏ မေလ မှ ဇူလိုင်လအထိ ရန်ကုန်မြို့ရှိ အလုံမြို့နယ်၊ ချင်းပြည်နယ်ရှိ တီးတိန်မြို့နယ် နှင့် မြစ်ကြီးနား မြို့နယ်တို့တွင် ရှေ့ပြေးစမ်းသပ်ကောက်ယူရာ၌ မဲပေးခြင်းဆိုင်ရာ အသိပညာပေးခြင်း၊ မဲရေတွက် ခြင်း နှင့် မဲဆန္ဒရှင် စာရင်းထုတ်ပြန်ကြေငြာခြင်းတို့တွင် အရပ်ဘက်အဖွဲ့အစည်းများ ပူးပေါင်း ပါဝင်ခဲ့သည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List