Wednesday, October 15, 2014

တပ်မတော်က စာနယ်ဇင်းကောင်စီနှင့် ပေါင်း၍ သတင်းထုတ်ပြန်နိုင်ရေး ဆောင်ရွက်မည်



တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် စာနယ်ဇင်းကောင်စီ(ယာယီ) တို့ သည် ယခုလ ၁၄ ရက်က နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာတွင် ၃ နာရီ၊ မိနစ် ၂၀ ကြာတွေ့ဆုံခဲ့ပြီး အနာဂတ်ဒီမိုကရေစီ ခိုင်မာရေး တပ်မတော်ရပ်တည်ချက်နှင့် သတင်းထုတ်ပြန်ရေး ကိစ္စများကို ပူးပေါင်း ဆောင်ရွက်ရေး ဆွေးနွေးခဲ့သည်ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။

စာနယ်ဇင်းကောင်စီ(ယာယီ)အတွင်းရေးမှူး ဦးကျော်မင်းဆွေက "အဓိကအားဖြင့် နှစ်ချက်ပေါ့၊ တပ်မတော် ဘက်က သတင်းထုတ်ပြန်ရေးကိစ္စနဲ့ ပါတီစုံဒီမိုကရေစီခိုင်မြဲရေးတို့ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ထပ်မံကတိပြုခဲ့ပါတယ်” ဟု တယ်လီဖုန်းမှတစ်ဆင့်ဖြေကြားသည်။

စာနယ်ဇင်းကောင်စီ(ယာယီ)၏ ထုတ်ပြန်ချက်တွင် တပ်မတော်နှင့်ပတ်သက်သော ပြည်သူလူထုနှင့် တိုင်းပြည်အား အသိပေးသင့်သည့် သတင်းအချက်အလက်များ ထုတ်ပြန်ရာတွင် တပ်မတော်သည် မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)နှင့် ပူးပေါင်းဆောင်ရွက် သွားမည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အနာဂတ်မြန်မာနိုင်ငံ ဒီမိုကရေစီ ရှင်သန်ဖွံ့ဖြိုးရေးတွင် တပ်မတော် သည် ခိုင်မာစွာဖြင့်ရှေ့သို့တိုးတက်ရပ်တည်သွားမည်ဟု  အခိုင်အမာကတိပြုပြောကြားသည်။ တပ်မတော် အနေဖြင့် သတင်းထုတ်ပြန်မှု လွယ်ကူချောမွေ့စေရေးအတွက် သင့်လျော်သော နည်းလမ်းများကို မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)နှင့် အတူ ပူးပေါင်းဆောင်ရွက်သွားမည်။ အခါအားလျော်စွာ သတင်းစာရှင်းလင်းပွဲများကျင်းပပြီး သတင်းထုတ်ပြန်နိုင်ရေး စီစဉ်ဆောင်ရွက်မည်’’ ဟု ဖော်ပြထားသည်။

ဦးကျော်မင်းဆွေက "တပ်မတော်ဘက်သတင်း Confirmation(အတည်ပြုချက်) ရဖို့မလွယ်တဲ့အတွက် တစ်ချို့ကိစ္စတွေမှာ တစ်ဖက်စောင်းနင်းလို ဖြစ်သွားတဲ့ကိစ္စတွေပါ ဆွေးနွေးခဲ့ပါတယ်’’ ဟု ပြောသည်။

ယနေ့ တွေ့ဆုံဆွေးနွေးမှုသည် အောင်မြင်သည်ဟု စာနယ်ဇင်းကောင်စီ (ယာယီ)အနေဖြင့် အခိုင်အမာခံ ယူပြီး အနာဂတ်တွင် အလားတူ တွေ့ဆုံဆွေးနွေးမှုများကို အခါအားလျော်စွာ ဆက်လက်ပြုလုပ်သွားရန် လည်း သဘောတူခဲ့ကြသေးသည်။

ငြိမ်းချမ်းရေးနှင့် ပဋိပက္ခဆိုင်ရာများကို အထူးပြုရေးသားနေသူ အကြီးတန်း သတင်းထောက် မငြိမ်းငြိမ်းပြည့် က တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးကြိုးပမ်းနေသည့် ယခုကာလတွင် မီဒီယာများ အနေဖြင့် မြန်မာ့တပ်မတော်ထံမှ သတင်းအချက်များရရှိရန် စီစဉ်ခြင်းကို ကြိုဆိုသည်ဟု ဆိုသည်။

အဆိုပါတွေ့ဆုံပွဲတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ ကာကွယ်ရေးဝန်ကြီးဌာနမှ ကြည်းရေလေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချူပ်ကြီးလှဌေးဝင်း၊ တပ်မတော် စစ်ဖက်ရေးရာ အရာရှိချုပ်နှင့် အထူးစစ်ဆင်ရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးမြထွန်းဦး၊စစ်ရေးချုပ် ဗိုလ်ချုပ်စန်းဦး၊ စစ်ထောက်ချုပ် ဗိုလ်ချုပ်ညိုစော၊ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဗိုလ်မှူးချုပ်အောင်သော်၊ ဒုတိယတပ်မတော် လေ့ကျင့်ရေးအရာရှိချုပ် ဗိုလ်မှူးချူပ်စိုးနိုင်ဦး၊ တပ်မတော်ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓါတ်စစ်ဆင်ရေးဌာန ညွှန်ကြားရေးမှူး ဗိုလ်ချုပ်အောင်ရဲဝင်းတို့တက်ရောက်ကြသည်။

မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)ဘက်မှ ဒုတိယဥက္ကဋ္ဌဦးခင်မောင်လေး (ဖိုးသောကြာ)နှင့်အတူ အတွင်းရေးမှူးဦးကျော်မင်းဆွေ၊တွဲဖက်အတွင်းရေးမှူး ဒေါ်နန်းကလျာဝင်း၊ ကောင်စီဝင်များဖြစ်ကြသော ဦးကိုကို၊ ဦးသီဟစော၊ ဦးဇော်သက်ထွေးနှင့် ဦးရဲမင်းဦးတို့ တက်ရောက်ကြသည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List