ယခုအစိုးရ လက်ထက်တွင် အခွင့်အရေးအရဆုံး ရွှေတောင်၊ ရွှေသံလွင် အပါအဝင် ပြည်ပကုမ္ပဏီများမှ ရင်းနှီးမြှုပ်နှံရန် အဆိုပြုထားသော နိုင်ငံတကာအဆင့်မီ အဆောက်အအုံအဖြစ် ပြောင်းလဲမည့် ရန်ကုန် ဘူတာကြီး စီမံကိန်းကို ရရှိသည့်ကုမ္ပဏီ မကြာမီသိရှိရမည်ဖြစ်ကြောင်း ရထားပို့ဆောင် ရေးဝန်ကြီးဌာနက တာဝန်ရှိသူတစ်ဦးမှ ပြောကြားသည်။
ရထားပို့ဆောင်ရေး ဝန်ကြီးဌာန၊ ပို့ဆောင်ရေးမန်နေဂျာနှင့် လက်ရှိရန်ကုန်ဘူတာကြီး အဆင့်မြှင့်တင်ရေး စီမံကိန်းအတွက် အဓိကတာဝန်ယူထားသည့် ဦးမြင့်ဝေက “မကြာမီထုတ်ပြန်မှာပါ။ အသေးစိတ်ကိုတော့ နိုင်ငံပိုင်သတင်းစာထဲမှာပဲ ကြေညာသွားပါမယ်” ဟု ပြောကြားသည်။
ရန်ကုန်ဘူတာကြီး၊ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံလိုသူများ၏ အဆိုပြုလွှာများကို ၂ဝ၁၄ ခုနှစ်ဧပြီလအတွင်းက ခေါ်ယူခဲ့ရာ မြန်မာ၊ မလေးရှား၊ အီတလီ၊ ကိုရီးယား၊ ကာတာ၊ ပြင်သစ်၊ ထိုင်ဝမ်၊ ဂျပန်၊ တရုတ်၊ စင်ကာပူ၊ ကနေဒါနှင့် ဗီယက်နမ်နိုင်ငံများမှ အဆိုပြုလွှာ ၃၄ စောင် ပေးပို့ခဲ့ကြကြောင်း သိရသည်။
ရထားပို့ဆောင်ရေး ဝန်ကြီးဌာနမှ အဆိုပြုလွှာများအပေါ် လေ့လာဆန်းစစ်ပြီး ဖြစ်နိုင်ခြေရှိမည့် ရင်းနှီးမြှုပ်နှံ သူ ၂၈ ဦးကို ဆန်ခါတင်အဖြစ် ရွေးချယ်ခဲ့ပြီး စက်တင်ဘာလအတွင်း ထုတ်ပြန်ခဲ့ရာ မြန်မာကုမ္ပဏီများမှ ရွှေတောင်၊ ရွှေသံလွင်၊ ဧရာဟင်္သာ၊Fortune နှင့် Malaysian Resources Corporation (MRCB)၊ Lotte Asset Development Co.Ltd၊ Ooredoo Myanmar Ltd. ၊ Yunnan Construction Engineering Group၊ China Harbor Engineering Company Ltd(CHEC)၊ Mitsubishi Corporation တို့ ပါဝင်နေသည်။
မြန်မာကုမ္ပဏီအချို့မှာ ပြည်ပရင်းနှီးမြှုပ်နှံသူများနှင့် ဖက်စပ်လုပ် ကိုင်ခြင်းဖြစ်ကြောင်း သိရသည်။ ရန်ကုန် ဘူတာကြီး ဘက်စုံဖွံ့ဖြိုးရေး စီမံကိန်းတွင် အထပ်မြင့် အဆောက်အအုံများ အပါအဝင် ဟိုတယ်နှင့် စီးပွားရေး လုပ်ငန်းများ ပါဝင်မည်ဖြစ်ကြောင်း၊ ယင်း အပြင် ဘူတာရုံနှင့် ပတ်သက်သော အဆင့်မြှင့်တင် မှုလုပ်ငန်းများ၊ နားနေဆောင်များကိုပါ ထည့်သွင်းရေးဆွဲထားကြောင်း ရထားပို့ဆောင်ရေး ဝန်ကြီးဌာနမှ သိရသည်။
တင်ဒါအောင်မြင်သည့် ကုမ္ပဏီမှာ လက်ရှိရန်ကုန်ဘူတာကြီး နယ်မြေဖြစ်သည့် ၂၅ ဒသမ ၃ ဟက်တာပေါ် တွင် ရထားအဆောက်အအုံနှင့် ပတ်သက်သောအထပ်မြင့် အဆောက်အအုံများပေါ်တွင် စီမံကိန်းလုပ် ဆောင်ရမည် ဖြစ်ကြောင်း သိရသည်။
Eleven Media Group
No comments:
Post a Comment