Sunday, October 12, 2014

စည်ပင်သာယာရေးကော်မတီ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းများစာရင်း ခြောက်ရက်အတွင်း စိစစ်ထုတ်ပြန်မည်



နှစ်ပေါင်း ၆၀ ကျော်အကြာမှ ပြန်လည်ပြုလုပ်မည့် စည်ပင်သာယာရေး ကော်မတီ အဆင့်ဆင့် ရွေးကောက်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရမည့် ကိုယ်စားလှယ်လောင်းများ စာရင်းကို ခြောက်ရက်အတွင်း စိစစ်ပြီးနောက် ထုတ်ပြန် ကြေညာမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး က ပြောကြားသည်။
အောက်တိုဘာ ၁၀ ရက်နေ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ရုံးအတွင်း ပြုလုပ်သည့် စည်ပင်သာယာ ရေး ကော်မတီ အဆင့်ဆင့် ရွေးကောက်ပွဲနှင့် ပတ်သတ်သော သတင်းစာရှင်းလင်းပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

အဆိုပါ ရွေးကောက်ပွဲများကို ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ပြုလုပ်မည်ဖြစ်ပြီး ရန်ကုန်မြို့တော် ကော်မတီဝင်၊ ခရိုင် ကော်မတီဝင်နှင့် မြို့နယ်ကော်မတီဝင် အသီးသီး ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်များ စာရင်းကို အောက်တိုဘာ ၂၀ ရက်နေ့ နောက်ဆုံးထား ပေးသွင်းရန် ကြေညာထားကြောင်း ၎င်းက ရှင်းပြသည်။

“ကိုယ်စားလှယ်လောင်း စာရင်းကို စိစစ်ဖို့အတွက် ခြောက်ရက်ပဲ အချိန်ရတယ်” ဟု ဦးတင်အေးက ဆိုသည်။

ယင်းသို့ ရွေးကောက်ပွဲများ ပြုလုပ်ရန် အချိန်နည်းပါးခြင်းသည် ကိုယ်စားလှယ်လောင်းများ ရွေးချယ်ရာတွင် မျှတမှန်ကန်မှု နည်းပါးနိုင်ပြီး မဲဆန္ဒရှင် စာရင်းများအတွက် ပြည်သူများမှာလည်း ဂရုစိုက် စောင့်ကြည့်သင့်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ဆိုသည်။

“အရင် ဗဟိုဦးစီးစနစ်ကနေ၊ ပြည်သူတွေ ရွေးချယ်တင်မြှောက်လို့ ရသွားတာကိုတော့ ကြိုဆိုပါတယ်။ ဒါပေမဲ့ စည်ပင်သာယာက ဖွဲ့စည်းပေးတဲ့ ကော်မရှင်က ဘယ်လောက်မှန်ကန်အောင် ဆောင်ရွက်ပေးမလဲ ဆိုတာတော့ စောင့်ကြည့်ရမယ်” ဟု ၎င်းကဆိုသည်။

အဆိုပါ ကိုယ်စားလှယ်လောင်းများကို ပြည်သူများ တိုက်ရိုက်မဲပေးနိုင်ရန် အတွက် သက်ဆိုင်ရာ မြို့နယ်များတွင် အိမ်ထောင်စု တစ်စုလျှင် ၁၈ နှစ် ပြည့်ပြီးသူ အိမ်ထောင်ဦးစီး သို့မဟုတ် အိမ်ထောင်စု ကိုယ်စားပြုသူ မဲဆန္ဒရှင် စာရင်းများကို ကောက်ယူပြီး မြို့နယ်ကော်မရှင် ရုံးများတွင် ကြေညာမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ရွေးကောက်ပွဲ ကော်မရှင်ထံမှ သိရသည်။

ထို့အပြင် ရွေးကောက်ပွဲကို ရက်ပေါင်း (၉၀) အတွင်း ပြုလုပ်ရန် ရေးဆွဲထားသော အချိန်အကန့်အသတ်အရ လူတစ်ဦးနှုန်း မဲပေးစနစ်မှ အိမ်ထောင်တစ်စုလျှင် တစ်ယောက်နှုန်း မဲပေးရသည့် စနစ်ကို အသုံးပြုရခြင်း ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အတွင်းရေးမှူး ဦးကျော်စိုးက ပြောကြားသည်။

“တစ်အိမ်ထောင် တစ်ယောက်နှုန်းဆိုလျှင် လုပ်ရမယ့် အလုပ်က အရမ်းကျယ်ပြန့်သွားတယ်။ နောက်ပြီး ကုန်ကျ စရိတ်က တက်လာမယ်။ ရတဲ့အချိန်က နည်းတော့ အခက်အခဲတွေ ရှိပါတယ်” ဟု ၎င်းကဆိုသည်။

ရွေးကောက်ပွဲ အဆင့်ဆင့် ကျင်းပနိုင်ရေးအတွက် ငွေကျပ် သိန်းပေါင်း ၅၀၀၀ ကျော် အသုံးပြုရန် လျာထားပြီး မဲစာရင်းများ မရှုပ်ထွေးစေရန်အတွက် ခရိုင်၊ မြို့နယ်၊ ရပ်/ကျေး ရွေးကောက်ပွဲ ကော်မရှင်ရုံးများ၊ စိစစ်ရေးအဖွဲ့များကို ဖွဲ့စည်းထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

The Voice Weekly

No comments:

Post a Comment

My Blog List