Monday, January 26, 2015

ကျောင်းဆရာမနှစ်ဦးအသတ်ခံရမှုနှင့်ပြည်သူ့အသံ


ကချင်နှစ်ခြင်းခရစ်ယာန်အသင်းချုပ် (KBC) မှ စေတနာ့ဝန်ထမ်း ဆရာမနှစ်ဦးသည် ပန်ဆိုင်းမြို့နယ် ကောင်းခါးကျေးရွာတွင် ဇန်န၀ါရီ ၁၉ ရက်ညက အဓမ္မ ပြုကျင့်သတ်ဖြတ်ခြင်း ခံခဲ့ရသည်။ ဝေးလံခေါင်ဖျားသည့်ဒေသတွင် ကလေးငယ်များ ပညာရေးအတွက် လုပ် အားပေးနေရင်း အသက် (၂၀) စွန်းစအရွယ်သာ ရှိသေးသော ဆရာမနှစ်ဦး ကြုံတွေ့ခဲ့ရသည့် ဖြစ်ရပ်ဆိုးအတွက် အမေရိကန် အစိုးရက တရားခံမှန်ဖော်ထုတ်အရေးယူပေးရန် တိုက်တွန်းထားပြီး ပြည်တွင်းအဖွဲ့အစည်းများက လည်း ဆန္ဒထုတ်ဖော်ထားကြ သည်။ ကျောင်းဆရာမနှစ်ဦး အသတ်ခံရမှုနှင့်ပတ်သက်၍ ပြည်သူများ၏ အမြင်မျိုးစုံကိုစုစည်းဖော်ပြပေးလိုက်ပါသည်။
နော်ပီသလော

တာကပေါအဖွဲ့၊ ထားဝယ်

စစ်ပွဲတွေဖြစ်နေတဲ့ ဒေသမှာ ဒီလိုမျိုးအမှုတွေ ဖြစ်ပွားတာတော့ မဆန်းပါဘူး။ တနင်္သာရီမှာ ၁၉၉၇ ခုနှစ်လောက်က စစ်ကြောင်း ထိုးတော့ တိုင်းရင်းသားရွာတွေမှာ ရွာလုံးကျွတ်ပေါ်တာ လိုက်ရတာတွေရှိတယ်။ အမျိုးသမီးတွေကျတော့ မုဒိမ်းကျင့်ခံကြရတယ်။ တချို့ဆို နှစ်ကြိမ်၊ သုံးကြိမ်ဖြစ်ကြတယ်။ ဒါပေမဲ့ အခုလိုမျိုးမီဒီယာတွေ မရှိတော့ တခြား သူတွေ မသိလိုက်ကြဘူး။ မြန်မာပြည် သူတွေရဲ့ ဘ၀က မလုံခြုံဘူး။စစ်ဖြစ်ပွားနေတဲ့တိုင်းရင်းသားဒေသတွေမှာဆို အမျိုးသားတွေထက် အမျိုးသမီးတွေရဲ့ ဘ၀တွေက ပိုပြီးခြိမ်းခြောက်ခံနေရတယ်။ ဒါပေမဲ့ဒေသခံတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက တိုင်းရင်းသူတွေကို စော်ကားတယ်ဆို တာရာခိုင်နှုန်းနည်းတယ်။ အခုဖြစ်ပွားနေတဲ့ ဖြစ်ရပ်ကို အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ ဒီဒေသမှာ လုပ်ဆောင်နေကြတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ဒေသခံ ပြည်သူတွေပါဝင်ပြီးတော့ အမြန်ဆုံးအဖြေမှန်ပေါ်အောင် စုံစမ်းသင့် တယ်။ တကယ်လို့ စစ်တပ်ကသာ အခုဖြစ်ရပ်မှာ ကျူးလွန်ခဲ့ရင် ဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေးကို ထိခိုက်နိုင်တယ်။ နှစ်ဦးနှစ်ဖက် တည်ဆောက်နေတဲ့ ယုံကြည်မှုတွေ အားနည်းသွားနိုင်တယ်။

အမွန်း

ကချင်တိုင်းရင်းသူ၊ အဆိုတော်

အရမ်းကို နာကျင်ခံစားရပါတယ်။ ဒီဖြစ်စဉ်က မြန်မာနိုင်ငံက အမျိုးသမီးတွေအတွက် မလုံခြုံမှုလို့တော့ ခြုံငုံပြောလို့ မဟုတ်သေး ဘူးထင် တယ်။ ဘာဖြစ်လို့လဲဆိုတော့ မြို့ကြီးပြကြီးတွေနဲ့ တခြားနယ်မြို့တွေမှာ ရော အေးအေးငြိမ်းငြိမ်းချမ်းချမ်းနဲ့ မိန်းကလေးတွေ အတွက် ငြိမ်သက် နေတဲ့နေရာတွေ အများကြီးရှိပါတယ်။ နောက်ပြီး ဒီနိုင်ငံကလည်း မင်းမဲ့ တိုင်းပြည်မဟုတ်တဲ့အတွက် ကိုယ်လုပ် စရာရှိတာကို အေးအေးချမ်းချမ်း လုပ်နေခွင့်ရတဲ့ နိုင်ငံပါ။ ဒါပေမဲ့တရားဥပဒေစိုးမိုးရေးလိုအပ်နေတဲ့ နေရာ၊ လုံခြုံမှုတွေလိုအပ်နေ တဲ့ နေရာ၊ အကာအကွယ်ခိုင်ခိုင်မာမာမရှိတဲ့နေရာမှာ ဖြစ်သွားတဲ့ကိစ္စ၊ ၀င်ရလွယ်သွားတယ်၊ ရာဇ၀တ်သားတွေ အနေနဲ့လည်း အကွက်ရသွားတယ်လို့ ထင်ပါတယ်။ လောလောဆယ် အစိုးရက ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘယ်လိုဆောင်ရွက်နေတယ်ဆို တာ သေသေချာချာတော့ မသိဘူး။ ဒါပေမဲ့အမှန်တရားက ပေါ်သင့်ပါ တယ်။ ရာဇ၀တ်မှုကျူးလွန်သွားတဲ့သူတွေက ရက်စက်လွန်းပါ တယ်။ အဲဒီလိုအမှုတွေ နောက်ထပ်နောက်ထပ်မဖြစ်အောင်ပိုပြီးတင်းတင်း ကျပ်ကျပ်ကိုင်တွယ်သွားသင့်တယ်။ ဘယ်သူဆိုတာ ဖော် ထုတ်သင့် တယ်။ ရာဇ၀တ်သားတွေကိုလည်း ထိရောက်တဲ့အပြစ်ပေးသင့်တယ်လို့ ထင်ပါတယ်။

ဦးရောဘတ်စန်းအောင် (လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်များတွင်

စေတနာဖြင့် အခမဲ့ဆောင်ရွက်ပေးနေသော တရားလွှတ်တော်ရှေ့နေ)

ဒီကိစ္စဟာ တပ်မတော်အတွက် အင်မတန်အရေးကြီးတဲ့ကိစ္စဖြစ်တယ်။ တပ်မတော်ကရော၊ ကချင်ပြည်နယ်နယ်စပ်ရေးရာနဲ့လုံခြုံရေး ၀န်ကြီးအပါအ၀င် ပြည်ထောင်စုအစိုးရအဖွဲ့ တစ်ဖွဲ့လုံးက တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရအောင် အမှုမှန်ကို အလျင် အမြန်ဖော်ထုတ် ဖို့လိုတယ်။ မဟုတ်ရင် ပြည်တွင်းငြိမ်းချမ်းရေးဆိုတာက လေထဲမှာ လွှင့် ထုတ်နေတဲ့ အရာပဲဖြစ်လိမ့်မယ်။ အခုဆိုရင် တိုင်းရင်းသားဒေသမှာ ပြဿနာတွေပိုပေါ်လာတယ်။ တပ်အနေနဲ့ သိက္ခာမကျရအောင် အမြန် အရေးယူဖို့လိုပါတယ်။ ဒါကို မဖြေရှင်းနိုင်ရင် တပ်သိက္ခာကျမယ်။ စစ် တပ်နဲ့ အစိုးရက ကျွန်တော်တို့နိုင်ငံမှာ တစ်ထပ်တည်းကျနေတယ်။ သံကိုသံဖျက် သံချေးတက်ဆိုတဲ့ စကားမှာ စစ်တပ်သံချေးတက်အောင် စစ်တပ်က လူတွေပဲလုပ်နေတာပါ။ အပြင်ကလူတွေက သံချေးခွာနေ တာ။ သတင်းစာတွေက ဖော်ပြတယ်ဆိုတာ သံချေးခွာပေးတာပါ။ အခု အမှုကို နိုင်ငံတကာလက်ခံတဲ့အဆင့်၊ ပြည်သူလူထုလက်ခံတဲ့ အဆင့်ရ အောင် အမြန်ဆုံးဖြေရှင်းသင့်တယ်။ ပြည်သူတွေကိုတော့ စည်းကမ်း ပြည့်ဝတဲ့ ပြည်သူဖြစ်အောင်လုပ်ဖို့ပြောနေပြီး ဖြစ် သင့်တာကတော့ စည်းကမ်းပြည့်ဝတဲ့ အစိုးရဖြစ်သင့်တာပါ။

စွတ်ထန်

ကချင်တိုင်းရင်းသား၊ မြစ်ကြီးနားဒေသခံ

ဖြစ်သွားတာက အရမ်းဆိုးလွန်းတော့ ကချင်တိုင်းရင်းသားတစ် ရပ်လုံးစိတ်မကောင်းဖြစ်ကြရတယ်။ ကချင်တင်မဟုတ်ဘူး။ တိုင်းရင်း သားတော်တော်များများ စိတ်မချမ်းမြေ့ဖြစ်နေရတယ်။ ဘယ်သူ့ကို တရားခံ၊ ဘယ်သူက လုပ်တာပါဆိုပြီးလည်း မစွပ်စွဲချင်ဘူး။ အမှုမှန် ပေါ်ပေါက်ဖို့ပဲလိုလားတယ်။ ဖြစ်သွားတဲ့ အချိန်မှာ အဲဒီနေရာကို အစိုးရ စစ်ကြောင်းရောက်နေတဲ့ အချိန်ဖြစ်နေတော့ အများစုက သံသယရှိနေ ကြတယ်။ ကချင်မှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ တပ်မတော်ဘက် က အများကြီးရှိခဲ့တော့ ဒီကိစ္စမှာ တာဝန်ရှိတယ်လို့တော့ မြင်တယ်။ ဘယ်သူပဲ ကျူးလွန်သည်ဖြစ်စေ၊ မှန်ကန်အောင် စစ်ဆေးပြီး ထိုက်သင့် တဲ့ အပြစ်ဒဏ်ပေးဖို့မျှော်လင့်မိပါတယ်။ လတ်တလောဒီကိစ္စကို အစိုးရ ပိုင်းက ကိုင်တွယ်တာ ပွင့်လင်းမြင်သာမှုတော့ရှိပါတယ်။ သူတို့ရဲ့ စစ်ဆေးနေတဲ့ အခြေအနေတွေကို မီဒီယာတွေကနေ ထုတ်ပြန်ပေးနေတာကို တော့ အားရပါတယ်။ အမေရိကန်ကလည်း ဒီကိစ္စကို အမြန်ဆုံးဖော် ထုတ်ဖို့တောင်းဆိုထားတော့ သူတို့အလေးထားဆောင်ရွက်တယ်လို့ တော့ မြင်တယ်။ ဒီကြားထဲ တိုက်ပွဲတွေပြန်ဖြစ်၊ အခုလိုဆိုးဆိုးရွားရွား လူ့အခွင့်အရေးချိုးဖောက်မှုတွေဖြစ်နေတော့ ငြိမ်းချမ်းရေးအတွက်တော့ အရမ်းစိုးရိမ်မိတယ်။ ကချင်မှာ ဒုက္ခသည်တွေလည်း အရမ်းများနေပြီ။

ဒေါ်အမာနီ

တက်ကြွလှုပ်ရှားသူ

မိန်းကလေးတွေအတွက် လုံခြုံမှုလုံးဝမရှိဘူးဆိုတာကို သက်သေပြလိုက်တာပဲ။ မုဒိမ်းကျင့်ခံရရုံတင် မဟုတ်ဘူး။ အသက်ပါဆုံးရှုံးသွားရတာလေ။ အမျိုးသမီးတော်တော်များများက ကလေးအရွယ်ကစ အသက်ကြီးချိန်အထိ လုံခြုံမှုက တော်တော်လေးကင်းမဲ့နေပါတယ်။ အစိုးရရဲ့ဖြေရှင်းပုံက လုံးဝအားရစရာမရှိဘူး။ အမြဲတမ်းပဲ အစိုးရဘက်က ဝေ့လည်ကြောင်ပတ်လုပ်နေတယ်။ အစိုးရအနေနဲ့ ဒီဖြစ်စဉ်ကို တရားဝင်ထုတ်ပြန်ပြီး တရားဝင်ဖြေရှင်းပေးသင့်တယ်။ပွင့်လင်းမြင်သာမှုရှိအောင် လုပ်ကိုလုပ်ပေးရမှာလေ။ အစိုးရအနေနဲ့က အမျိုးသမီးတွေအပေါ် ကာကွယ်ပေးနိုင်မှုက အတော့်ကို အားနည်းနေပါတယ်။ အခုကချင်တိုင်းရင်းသူလေးတွေဖြစ်သွားတဲ့ ဖြစ်စဉ်အရ အစိုးရအနေနဲ့ တကယ်အကျပ်အတည်းတစ်ခုကို ရောက်သွားမယ်လို့ထင်တယ်။ နောက်တစ်ခုကလည်းရှိတယ်။ဒီအစိုးရအနေနဲ့ကလည်း ယုံရတဲ့အထဲမှာ မပါဘူး။ လှည့်ကွက်တွေကလည်း အရမ်းများတယ်။ သူများအသက်တွေ၊ အရှက်တွေရင်းပြီး လှည့်ကွက်တွေကတော့ အမြဲလုပ်နေတာပဲ။ ဒေါ်အောင်ဆန်းစုကြည်ကိုတောင် လုပ်ကြံသေးတာပဲ။

မဟေမန်သွယ်

ထိုင်းရောက် မြန်မာအမျိုးသမီးများအရေးဆောင်ရွက်နေသူ

အမှုကိုဘက်မလိုက်ဘဲ တရားမျှတမှုအတွက် အရင်ဆုံးစုံစမ်းစစ် ဆေးသင့်ပါတယ်။ ဒီအမှုနဲ့ ပတ်သက်ပြီး စစ်တပ်ကဆိုပြီး တထစ်ချ ယုံကြည်နေတာတွေရှိတယ်။ စစ်တပ်ကိုလည်း အရမ်းကြိုက်လွန်းလို့ တော့ မဟုတ်ဘူး။ စစ်တပ်ကလည်း အကျပ်ရိုက်နေမှာတော့ အမှန်ပဲ။ အဲဒီလိုဖြစ်အောင်လည်း တမင်အကွက်ချထားတယ်လို့တောင်ထင်ရ တယ်လေ။ အဓိကကတော့ ကျွန်မတို့နိုင်ငံရဲ့ တရားဥပဒေစိုးမိုးမှုက တကယ်ကို တရားမျှတဖို့ အမှန်တရားတွေကို လုပ်ဆောင်ဖို့လိုအပ်နေ ပါပြီ။ မြန်မာ့အမျိုးသမီးထုတစ်ရပ်လုံးအတွက်က ကိုယ့်နိုင်ငံ၊ ကိုယ့်နေ ရာ၊ ကိုယ့်အိမ်ထဲမှာလာပြီး အခုလိုမုဒိမ်းကျင့်ရက်ရက်စက်စက်အသတ် ခံနေရတယ်ဆိုတော့ တရားဥပဒေစိုးမိုးရေးဆိုတာကြီးကို စာအုပ်ထဲမှာ ရေးထားဖော်ပြထားတဲ့အတိုင်း လက်တွေ့မှာ အကောင်အထည်ဖော်ဖို့ အထူးကာကွယ်စောင့်ရှောက်မှုတွေရဖို့လိုအပ်နေပါပြီ။

ဒေါ်ဘောက်ဂျာ (ဥက္ကဋ္ဌ)

ကချင်ပြည်နယ် (အမျိုးသားဒီမိုကရေစီအင်အားစုပါတီ)

ကျောင်းဆရာမဖြစ်တဲ့အပြင် အစိုးရကျောင်းလက်လှမ်းမမီတဲ့ ဒေသမှာ အခုလိုမျိုးကိုယ်ကျိုးစွန့်လုပ်ဆောင်နေတဲ့သူကို လူမဆန်စွာ လုပ်သွားတာ ဘယ်သူမှ လက်မခံနိုင်စရာပါ။ ဒီကိစ္စက ကချင်ပြည်နယ် စစ် ပွဲတင်မကဘူး။ မြန်မာတစ်နိုင်ငံလုံးက အမျိုးသမီးတွေဘ၀မလုံခြုံဘူးဆို တာ မီးမောင်းထိုးပြတာဖြစ်တယ်။ အစိုးရက ဥပဒေတွေ ချမှတ်ထားတာကို ထိထိရောက်ရောက်လိုက်နာအောင်လုပ်သင့်တယ်။ ဘယ်လိုအရေးယူ မယ်ဆိုတာကိုလည်း ပွင့်ပွင့်လင်းလင်းချပြသင့်တယ်။ မြန်မာနိုင်ငံမှ အမျိုးသမီးတွေဘ၀က မွေးကတည်းက သေတဲ့အထိလုံခြုံမှုတွေ၊ အကာ အကွယ်မဲ့မှုတွေကြုံနေတယ်။ အပြစ်အနာအဆာမရှိတဲ့ မိန်းကလေးတွေ ရဲ့ ဘ၀လုံခြုံမှုကို အစိုးရက တာဝန်ယူဆောင်ရွက်ပေးရမယ်။

ဦးအောင်မျိုးသန့်

ရှေ့နေ

စစ်တပ်နဲ့ ကေအိုင်အေစစ်ဖြစ်ပွားနေတဲ့အချိန်မှာ လုပ်အားပေးနေ တဲ့ ကချင်ကျောင်းဆရာမ နှစ်ဦးကို သားမယားပြုကျင့်ပြီး အသတ်ခံလိုက်ရ တာဟာ အစိုးရအနနဲ့ အကျပ်ရိုက်ခံရတာပဲ။ စစ်တပ်က အရာရှိတွေက ပိုဆိုးမှာပေါ့။ တွေးတောစရာတွေဖြစ်တာပေါ့။ တရားခံဘယ်သူမှန်း မသိသေးတဲ့အချိန်မှာ ရမ်းသန်းပြောနေတာတွေ မလုပ်သင့်ပါဘူး။ ဒီပြဿနာက အရမ်းအရေးကြီးပါတယ်။ စစ်မှန်တဲ့ တရားခံကို အမြန်ဆုံးဖော်ထုတ် ရမှာပါ။ ဒါမှ အားလုံးအတွက် ကောင်းမှာပါ။ တိုင်းရင်းသားတွေ နေထိုင် တဲ့နေရာတွေမှာ ဒါမျိုးတွေဖြစ်နေတာ အရမ်းများနေပါပြီ။ တရားခံဟာ ဘယ်သူတွေပါလို့ မပြနိုင်မချင်း စစ်တပ်အနေနဲ့ ဝေဖန်ခံနေရမှာပဲ။

ဒေါ်မျိုးမျိုးအေး

MTUF အဖွဲ့အကြံပေး

ဆရာမနှစ်ယောက်ကိစ္စလုပ်ကြံခံရတယ်ထင်တယ်။ မျက်မြင်မရှိ တော့ ဘယ်သူသတ်တယ်ပြောမလဲ။ အသတ်ခံရတဲ့ နှစ်ယောက်ဆို လည်း သေပြီးမှ ပုံတွေဖော်ပြပြီးထပ်အရှက်ခွဲခံနေရတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် အမျိုးသမီးတွေ ဓားစာခံဖြစ်နေရတယ်။ စစ်ပွဲတွေဖြစ်တိုင်း ကြားကခံနေရတာ အမျိုးသမီးတွေနဲ့ ကလေးတွေပဲ။ တို့တွေက သူတို့ ပစ်မှတ်ဖြစ်နေတာလား။ ဘယ်သူပဲသတ်သတ်မဖြစ်သင့်ဘူး။အစိုးရက ပြတ်ပြတ်သားသားဖော်ထုတ်အရေးယူသင့်တယ်။ တရားခံဖော်ထုတ်ဖို့ ကို အစိုးရဘက်က နှာစေးနေလို့မရဘူး။

ဦးမြအေး

၈၈ မျိုးဆက်ကျောင်းသားဟောင်း၊ ငြိမ်းပွင့်

ကျွန်တော့်အမြင်ကတော့ လူမဆန်ဘဲ ရက်ရက်စက်စက်သတ်ဖြတ် ခံရတယ်။ အားလုံးသိတယ်။ စစ်မက်မကင်းတဲ့ ဒေသဖြစ်လို့လည်း တစ် ဖက်နဲ့တစ်ဖက် အထင်အမြင်တွေလွဲမှားစရာတွေ ဖြစ်လာတာတွေ့ရ တယ်။ သက်သေမရှိသေးတော့ ဘယ်သူ့ကိုမှ မစွပ်စွဲချင်ဘူး။ ကျူးလွန် သူဘယ်သူဖြစ်ဖြစ် ထိထိရောက်ရောက်အရေးယူပေးရမှာ။ ပြီးတော့ ကချင်လူမျိုးတွေရဲ့ စိတ်ထိခိုက်ခံစားရမှုကို နှစ်သိမ့်ပေးရမယ်။ အဲဒါ ကတော့ တရားမျှတမှုပေါ့။ တရားဥပဒေစိုးမိုးရေးက မေးခွန်းထုတ်စရာဖြစ်လာတယ်။ စစ်အစိုးရလက်ထက်က ငါးလောင်းပြိုင်လူသတ်မှု အခု ထိမပေါ်ဘူး။ အခုဒီဖြစ်ရပ်တွေဖြစ်လာတယ်။ မဖော်နိုင်ရင် အစိုးရရဲ့ ဆောင်ရွက်ချက်ဟာ လျော့တိလျော့ရဲဖြစ်စေတယ်လို့ ဝေဖန်ချင်တယ်။ ဒီကိစ္စက သာမန်သေမှုသေခင်းမဟုတ်ဘူး။ နိုင်ငံရေးပါလာတယ်။ ဘာ ကြောင့်လဲဆိုရင် ကချင်လူမျိုးတွေရဲ့ စိတ်ထိခိုက်ကြေကွဲမှုကို နာရေး မှာလည်း တွေ့ရတယ်။ ဒါနိုင်ငံရေးပြဿနာပဲ။ KBC ဟာ ကချင်လူမျိုး တွေအပေါ် သြဇာတိက္ကမကြီးမားတဲ့ အဖွဲ့အစည်းဖြစ်တယ်။ KBC နဲ့ တပ်နဲ့ ပူးပေါင်းပြီး အစိုးရဦးဆောင်ပြီး ဖြစ်ရပ်မှန်ဖော်ထုတ်ပေးသင့်တယ်။ ကချင်တွေကို နွေးထွေးမှုပေးစေချင်တယ်။

ဒေါ်ဖြူအိသိမ်း

ရေးဗားဧရာဝတီပြခန်းတည်ထောင်သူ

ဒါက(အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု၊ အမျိုးသမီးတွေရဲ့ဘ၀ မလုံခြုံမှုကို) မီးမောင်းထိုးပြတာပါပဲ။ အခုဆိုရင် ဒါကိုသိတဲ့သူတွေ၊ အဝေးမှာ အလုပ်လုပ်နေတဲ့ သားသမီးတွေအတွက် မိဘတွေက စိတ်ပူ နေကြပြီ။ နယ်စွန်နယ်ဖျားမှာ တော်ရုံသတ္တိနဲ့ သွားဖို့မဖြစ်တဲ့နေရာမှာ သွားပြီးတော့ အလုပ်လုပ်ပေးတဲ့သူတွေ အခုလိုဖြစ်တော့ နောက်အဲဒီလို သွားမယ့်လူတွေအတွက် အဟန့်အတားဖြစ်သွားစေတယ်။ နောက်ပြီး အမျိုးသမီးတွေကို ဓားစာခံအဖြစ် အသုံးချတာကိုမြင်ရတယ်။ နောက် ပိုင်းဖြစ်တဲ့ကိစ္စတွေဟာ အမျိုးသမီးတွေနဲ့ ဆက်နွှယ်နေတယ်။ အစိုးရ အနေနဲ့ ပြဿနာတစ်ခုခုဖြစ်လာရင် ချက်ချင်းအရေးတယူလုပ်မှု မရှိဘူး။ ဘုရားကျောင်းထဲမှာဖြစ်တာကလည်း ဘယ်လိုမှကို မဖြစ်သင့်တဲ့ကိစ္စပါ။ တကယ်တော့ သူတို့အခု ကချင်ဆရာမလေးနှစ်ယောက်ကိစ္စမှာနယ်မြေမလုံခြုံဘူး၊ နယ်မြေမလုံခြုံတာကြောင့်ဆိုရင်လည်း ဒါကို ဘယ်လိုလုပ်မလဲ အစိုးရက စဉ်းစားဖို့ဖြစ်လာပြီ။ တရားဥပဒေစိုးမိုးမှုရှိအောင်ပြည်သူကိုလုံခြုံအောင် လုပ်ရမှာ အစိုးရတာဝန်ပါပဲ။

ဦးစိုင်းဌေးအောင်

ရှမ်းနီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌ

ဒီကိစ္စက ကချင်တိုင်းရင်းသူဖြစ်လို့သာ ဒီလောက်ထိ ကြီးကျယ်ခဲ့ တာပါ။ ရှမ်းနီတိုင်းရင်းသူသာဖြစ်ရင် ဒီလောက်အသံကျယ်မှာ မဟုတ် ဘူး။ ရှမ်းနီတွေ မုဒိမ်းကျင့်သတ်ခံခဲ့ရလို့၊ ပစ်သတ်ခံရလို့ လူမသိသူမသိ သေခဲ့ရတယ်။ အလောင်းတောင် မရခဲ့ပါဘူး။ နှစ်ဖက်လက်နက်ကိုင် တပ်ဖွဲ့တွေ ဥပဒေလေးစားလိုက်နာရင်ကောင်းမယ်။ လက်နက်မဲ့ပြည် သူတွေကို အခုလိုမျိုးသတ်ဖြတ်တာ ဘယ်လိုမှ လက်ခံနိုင်စရာမရှိဘူး။ လက်နက်ကိုင်တပ်ဖွဲ့တွေအတွက်အဓိကထိုးနှက်မှုတစ်ခုဖြစ်သွားတယ်။ နယ်မြေမငြိမ်းချမ်းတဲ့ ကချင်ဒေသတွေမှာ အစိုးရတင်မကဘူး။ကေအိုင်အိုကပါ ဒီလိုမျိုးလုပ်နေတယ်ဆိုတာ ပြောချင်တယ်။

ဆန်းဘောက်ရာ

ဒီဇိုင်နာ

ဒါက အဲဒီဆရာမနှစ်ယောက်ကိုပဲ စော်ကားတာမဟုတ်ဘူး။ အမျိုး သမီးထုကြီးတစ်ခုလုံးကို စော်ကားတာလို့ခံစားရပါတယ်။ ကိုယ့်အိမ် ကိုယ့်ရာမှာနေပြီး မလုံခြုံတဲ့ အမျိုးသမီးတွေရဲ့ ဘ၀ကို မီးမောင်းထိုးပြ လိုက်တဲ့ အဖြစ်အပျက်ကြီးလို့ ခံစားရပါတယ်။ ဥပဒေစိုးမိုးတဲ့ နိုင်ငံတိုင်း မှာ အမှုမှန်က ပေါ်ထွက်လာမှာပါ။ အစ်မတို့ နိုင်ငံမှာကျတော့ အရှေ့ မှာလည်း သာဓကတွေရှိတယ်။ သက်သေမခိုင်လုံလို့ မစွပ်စွဲနဲ့ဆိုတာ မျိုးတောင် ပြန်ပြောတာဆိုတော့ သက်သေက ဘာသက်သေကိုလိုချင် တာလဲ။ Rape လုပ်နေတဲ့ သက်သေကို လိုချင်ရင်တော့ Rape လုပ်နေ တဲ့ အချိန်မှာ ရိုက်မှပဲ သက်သေလို့ခံယူမှာလား။ ဒါပေမဲ့တိုင်းရင်း သားပြည်သူတွေရဲ့ စိတ်ထဲမှာ ဒီလိုဖြစ်ရင် ဘယ်သူလဲဆိုတာ ပြောပြစ ရာမလိုဘူး။ လူတိုင်းက သိပြီးသားပဲ။ ခံရတာ ဒီတစ်ခါတည်းမဟုတ်ဘူး။ အကြိမ်ကြိမ်အခါခါဆိုတော့ ဘယ်သူလဲဆိုတာ ဥပဒေအရ မဖော်ထုတ် ပေးဘူးဆိုရင်တောင် ပြည်သူတွေရဲ့ စိတ်ထဲမှာ တရားခံဘယ်သူလဲ ဆိုတာ သိပြီးသားပါ။ ဒီကိစ္စက ပြည်သူတွေအကုန်လုံးအဓိက အစ်မတို့ လို အမျိုးသမီးတွေရဲ့ စိတ်ထဲမှာ တစ်သက်လုံးထင်ကျန်ရစ်မယ့် အမာ ရွတ်ပါ။

7 day

No comments:

Post a Comment

My Blog List