Thursday, January 29, 2015

တောင်သာသမိုင်းမရိုင်းစေရ


သပြေပန်း၊ နှင်းဆီပန်းများ ကိုင် ဆောင်ထား သော   တောင်သာ မြို့ခံများက မြို့နှင့် တစ်မိုင်ခန့်ဝေးရာသို့ တဖွဲဖွဲရောက်လာကြသည်။ အမျိုးသားပညာရေး ဥပဒေကိုဆန့်ကျင်သပိတ်မှောက်ပြီးချီတက် လာသော ကျောင်းသားများ အား ကြိုဆိုရန်ရောက်ရှိလာကြခြင်းဖြစ်သည်။
မြို့တွင်းသို့ ရောက်လာ သော သပိတ်မှောက်ကျောင်း သားများကို တောင်သာမြို့ခံများက လမ်းဘေးဝဲယာ များမှ ထွက်ကြိုဆိုခဲ့ကြပြီး သံပြိုင်အော်ဟစ်ခဲ့ကြသည်။ ‘‘တောင်သာသမိုင်းမရိုင်း စေရ၊ တောင်သာ သမိုင်း မရိုင်းစေ ရ’’ဟူ၍ ဖြစ်သည်။

ထိုကဲ့သို့ အစိုးရကို ဆန့်ကျင်သူများအား ထောက်ခံသည့်လုပ်ရပ်မှာ တောင်သာဒေသခံများ အတွက် နှစ်ပေါင်း  ၃၀ ခန့်တွင် ပထမဆုံးပြုလုပ်ခြင်း ဖြစ်သည်။

‘‘တောင်သာရဲ့ သိက္ခာကို ပြန်ဆယ်တဲ့အနေနဲ့ သပိတ်မှောက်ကျောင်းသားတွေ ကို ကြိုဆိုတာ ပါ။ ဒီမြို့က ဦးအောင်သောင်းမြို့ မဟုတ်ဘူးဆိုတာ ဒီနေ့ပြလိုက် တာပဲ’’ဟု တောင်သာဒေသခံ အ သက် (၆၃)နှစ် အရွယ် ဦးခင်မောင်သန်း က ပြောသည်။

တောင်သာမြို့ဟု ပြောလိုက် ရုံဖြင့် ပြည်ခိုင်ဖြိုးပါတီအကြီးအ ကဲဖြစ်သူ ဦးအောင်သောင်းကို မျက်စိထဲမြင် လာကြသည်။

ဦးအောင်သောင်းနှင့် တောင်သာ ခွဲမမြင်ခဲ့ကြပေ။ ဦးအောင်သောင်းသည် စစ်အစိုးရလက်ထက်တွင် နာမည်ကြီးသူဖြစ်သည်။   ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ၏   ညာလက်ရုံးတစ်ဦးဖြစ်ခဲ့ပြီး ကြွယ်ဝချမ်းသာသူ ဖြစ် သည်။ ပြည်ခိုင်ဖြိုး ပါတီတွင်လည်း သြဇာကြီးမားသူ ဖြစ်သည်။

၎င်း၏ ကြွယ်ဝချမ်းသာသော ငွေကြေးအချို့ကို တောင်သာ ဒေသတွင် ဖွံ့ဖြိုးရေးလုပ်ငန်းများ ပြုလုပ်၍ ဒေသ ခံများ၏ ထောက်ခံမှုရရန် စည်းရုံးသည်။ ထို့ကြောင့်လည်း မြန်မာနိုင်ငံသားများက တောင်သာမြို့ကို ဦးအောင်သောင်းမြို့ဟု နားလည်ထားကြသည်။ ဦးအောင်သောင်းဖွဲ့စည်းထားသော တောင်သာတပ်ဟု နားလည်ကြသည်။

စစ်အစိုးရလက်ထက်တွင် လွတ်လပ်ရေးနှင့် အာဇာနည်နေ့ အခမ်းအနားများမပြုလုပ်ရန် ဦး အောင်သောင်း က အမိန့်ပေးတား မြစ်ထားသည်ဟု ဒေသခံများက ဆိုသည်။ သို့သော် စစ်အစိုးရအားထောက်ခံသည့်ပွဲ များကိုမူဦးစွာ ပြုလုပ်သည့် မြို့ဖြစ်သည်။

ထို့အပြင် ဒေါ်အောင်ဆန်းစု ကြည်ကို  လုပ်ကြံရန်  ပြုလုပ်ခဲ့ သည့် ဒီပဲယင်းအရေးအခင်းတွင် ဦးအောင်သောင်းဦးဆောင်သည် ဟု စွပ်စွဲပြောဆိုမှုများရှိခဲ့သည်။ ဦးသိန်းစိန်အစိုးရလက်ထက်တွင် အမေရိကန်နိုင်ငံမှ ဖြေလျှော့မှု များလုပ်နေချိန်တွင် ဦးအောင် သောင်းအား အမည်ပျက်စာရင်း သွင်းခဲ့သည်။ ထို့ကြောင့်လည်း သပိတ်မှောက်ကျောင်းသားများ တောင်သာမြို့ကိုဖြတ်သန်းမည့်အချိန်တွင် အားလုံးက စိုးရိမ်ခဲ့ကြသည်။

တိုက်တိုက်ဆိုင်ဆိုင်သပိတ်မှောက်ကျောင်းသားများကို လုံခြုံရေးအဖွဲ့များက တောင်သာနှင့် မြင်းခြံမြို့ကြား တွင် တားဆီးခဲ့ကြ သည်။ သို့သော် ဒေသခံများကမူ အခွင့်အရေးတစ်ခုကို ကောင်းစွာ အသုံးချခဲ့ကာ သပိတ်မှောက်ကျောင်းသားများကို တစ် မြိုလုံးနီးပါးထွက်၍ ကြိုဆိုခဲ့ရာ သပိတ်မှောက်ကျောင်းသား များနှင့် ပြည်သူများ အံ့သြသွားသည်။

‘‘မြို့ခံတွေအနေနဲ့ အမည်း စက်ကြီးကို ချေဖျက်ချင်နေတယ်။ အပြင်သွားရင်တောင် တောင်သာ ကလို့ ပြော ရမှာတောင် ရှက်တယ်။အခုကစပြီး တောင်သာမြို့က ဦး အောင်သောင်းမြို့ မဟုတ်ဘူး။ သူအမိန့်ပေးတိုင်း လိုက်လုပ်ကြ မယ့်သူတွေ မဟုတ်တော့ဘူး။ တောင်သာမြို့ခံတွေကလည်း တခြားမြို့ခံပြည်သူတွေလို ဒီမိုက ရေစီကို မြတ်နိုးတဲ့သူတွေပါ’’ဟု သပိတ်မှောက်ကျောင်းသားများ အား ညအိပ်ခိုလှုံခွင့်ပေး ခဲ့သော တောင်သာမြို့ စိန္တိတာရာမမုန်ပင် ကျောင်းတိုက် ကျောင်းထိုင်ဆရာ တော် ဦးစိန္တိတက မိန့်ကြားသည်။

ယခုအချိန်တွင် တောင်သာ မြို့ပြည်သူအများစုသည် ဒီမိုက ရေစီစနစ်ကို လိုလားနေသူများ ဖြစ်ပြီး လူအနည်းစုကသာ ယခင် အာဏာရှင်စနစ်ကို လိုလားနေကြခြင်း ဖြစ်သည်။

‘‘ဦးအောင်သောင်းမြို့လို့ အ ပြောခံရတာ ရင်ထဲမှာနာတယ်။ တောင်သာမြို့အကြောင်းဆိုရင် အကောင်းပြောကြတာမရှိဘူး။ အခုအချိန်မှာ ခင်ဗျားတို့ထင်နေ ကြသလို မဟုတ်တော့ဘူးဆိုတာ အားလုံးကို သိစေချင်တယ်’’ဟု မြို့ခံ ကိုဝဏ္ဏက ပြောသည်။

ဦးအောင်သောင်းအနေဖြင့်တောင်သာမြို့အတွက် မည်သည့်ကောင်းကျိုးများပြုလုပ်ပေးခဲ့သနည်းဟုဆိုလျှင် တစ်နှစ်တစ်ခါ ပညာရည်ချွန်ဆုပေးပွဲပြုလုပ်ပေးခဲ့သည်သာရှိသည်ဟု ဆရာတော် ဦးစိန္တိတက မိန့်ကြားသည်။

‘‘အရင်ကဆို တောင်သာမြို့ မှာ NLD ပါတီမရှိရ၊ NLD အဖွဲ့ ၀င်များမရှိရလို့ သူကလုပ်ခဲ့တယ်။တောင် သာမြို့က သူ့ရဲ့ ဖိအားရှိ နေပေမယ့် အခုချိန်မှာတော့ မ သက်ရောက်တော့ပါဘူး။ ဦး အောင်သောင်းရဲ့ မြို့ဆိုပြီးတော့ လူမှုကွန်ရက်တွေမှာ အစော်ကား ခံရတာတွေ ရှိတယ်။ အဲဒါတွေကို မြို့သူမြို့သားတွေက ရင်ထဲမှာ နင့်ခနဲ နင့်ခနဲ ဖြစ်ရတယ်’’ဟု တောင်သာမြို့ခံ ကိုမင်းသူက သူ၏ ခံစားချက်ကို ပြောသည်။ အမေရိကန်အစိုးရက ဦးအောင်သောင်းကို အမည်ပျက်စာရင်းသွင်းခဲ့သည့်အတွက် တောင်သာဒေသခံ များက နိုဝင်ဘာလအတွင်းက တန်ပြန်ဆန္ဒပြ ကန့်ကွက်ခဲ့ကြသည်။ အဆိုပါကန့်ကွက်ဆန္ဒပြပွဲတွင် ပါဝင်သောသူများသည် မြို့ခံများမဟုတ်ကြောင်း တောင်သာပြည်သူများက ပြောဆိုသည်။

‘‘အဲဒီတုန်းကလည်း တောင်သာဒေသခံတစ်ယောက်မှ မပါ ဘူး။ ဟိုရွာဘက်ကလူတွေကို သွားခေါ် လာတာ’’ဟု ကိုမင်းသူက ပြောသည်။

ဇန်န၀ါရီ ၂၈ ရက် နံနက်အ စောပိုင်းတွင် သပိတ်မှောက် ကျောင်းသားများသည် တောင် သာမြို့ မုန်ပင်ကျောင်းတိုက်မှ ၀ဲ လောင်မြို့သို့ ဆက်လက်ထွက်ခွာရန် ပြင်ဆင်နေကြသည်။ ကျောင်းတိုက် ၏ ရှေ့တွင် တောင်သာမြို့ ရှိ ဒေသခံအမျိုးသမီးများမှာ သ ပြေပန်း၊ နှင်းဆီးပန်းကုံးများကိုင် ကာ သပိတ်မှောက်ကျောင်းသား များကို နှုတ်ဆက်ရန် စောင့်ဆိုင်း လျက်ရှိသည်။ ၎င်းတို့၏ နှုတ်ဖျား တွင် ကျောင်းသားများ ကျန်းမာ ပါစေ၊ ချမ်းသာပါစေ၊ ကျောင်းသားများ လိုရာဆန္ဒပြည့်ပါစေဟု အော်ဟစ်နှုတ် ဆက်ခဲ့ကြသည်။

တောင်သာဒေသခံများ သည် မြို့နှင့် မိုင် ၃၀ ကွာဝေးသောသပိတ်ကျောင်းသားများ ချီတက်ရာ ၀ဲလောင် ရွာသို့ လိုက်လံပို့ ဆောင်ပေးခဲ့ကြပါသည်။

 7Day Daily

No comments:

Post a Comment

My Blog List