Tuesday, January 27, 2015

အလံသူခိုးတွေကိုပဲ အပြစ်တင်ကြပါ


တခါတုန်းက သြစတြေးလျ အမျိုးသားနေ့ တရက်မှာ သူငယ်ချင်းတွေနဲ့အတူ အဆောင်က သြစတြေးလျ အလံကို ဖြုတ်ချ၊ အရိုးခေါင်းတံဆိပ် ပင်လယ် ဓားပြအလံ လွှင့်တင်ခဲ့ဖူးတယ်။ ဘာရယ်မဟုတ် သူငယ်ချင်း များနဲ့ အပျော်လုပ် ခဲ့တာပေါ့။  ပြီးတော့မှ ဒေသခံ သူငယ်ချင်းတယောက်ကို မေးရတယ်၊ အဆောင်ပိုင်ရှင်ကို ရဲက ပြဿနာ လာရှာမလားပေါ့။  သူငယ်ချင်းက “မြန်မာပြည်မဟုတ်ဘူး ဟကောင်ရ၊ ဘယ်သူက ဘာအ တွက် ပြဿနာရှာနိုင်မလဲ၊ တို့နေတဲ့ နေရာ တို့ကြိုက်တဲ့ အလံတင်မှာပေါ့ဟ” လို့ ပြန်ဖြေတယ်။
တကယ်တော့ သြစတြေးလျသားတွေက မျိုးချစ်စိတ်ရှိသူ များပါတယ်။  ဗြိတိသျှ ယူနီယံ ဂျက်အလံ တစိတ် တဒေသ ဖြစ်နေပေမဲ့ သူတို့အလံကို တန်ဖိုးထားကြပါတယ်။  အမှီအခိုကင်း လွတ်လပ်သိက္ခာရှိတဲ့သူတို့ နိုင် ငံကိုလည်း ချစ်ကြတယ်။  ရာဇဝတ်သားများရဲ့ တကျွန်းနိုင်ငံ ဘဝကနေ မျက်မှောက် ဥရောပနဲ့ ဗြိတိန်မှာ စီးပွားရေး ကျပ်တည်းမှုကြောင့် ဥရောပသား လူငယ်ကလေးများ လိုလိုချင်ချင် အလုပ်လာရှာ၊ ရွှေ့ပြောင်းနေ ထိုင်ချင်စရာ နိုင်ငံကြီးဖြစ်လာတဲ့ သူတို့တိုင်းပြည်ကို ဂုဏ်ယူတတ်ကြပါတယ်။  ခုနက ပြောခဲ့တဲ့ သြစတြေး လျသား သူငယ်ချင်းကိုယ်တိုင် စစ်ပြန်အမှု ထမ်းဟောင်း တယောက်ပါ။  အလံတွေ၊ နိုင်ငံတော်သီချင်းတွေနဲ့ လူမှုနိုင်ငံရေး တည်ဆောက် ပုံဖော်ထားတဲ့ မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်အစွဲ ယုံကြည်ချက်ကို ဆုပ်ကိုင်ထားသူ၊ ဒီ တွန်းအားတွေနဲ့ ဘာမှ မသက်ဆိုင်တဲ့ ကမ္ဘာ့ထောင့်တနေ ရာက စစ်မြေပြင်ကို အမိနိုင်ငံတော် အတွက် ဆိုပြီး သွားခဲ့သူ၊ သေတွင်းက ထွက်ခဲ့သူ တဦးပါပဲ။

ဒါပေမဲ့ သူ့ဟာ ဒီမိုကရေစီ ပြည့်ဝ လွတ်လပ်တဲ့ လူ့ဘောင်စနစ်မှာ အသားကျနေ သူ နိုင်ငံကြီးသားပီပီ လွတ်လပ်တဲ့ အတွေးအခေါ် ရှိတယ်။  အများပြည်သူကို အနှောင့်အယှက်မဖြစ် မထိခိုက်တဲ့ လွတ်လပ်စွာ ထုတ်ဖော်ခွင့်ကို ရိုးတွင်းချဉ်ဆီထဲကနေ နားလည်လက်ခံ ကျင့်သုံးတတ်သူ ဖြစ်နေပြီး ဖြစ်တယ်။

သူ့မှာ ကျနော်လို စိုးရိမ်စိတ်၊ ကြောင့်ကြစိတ် မရှိဘူး၊ တနည်းအားဖြင့် အငုံ့စိတ်၊ ကျွန်စိတ် မရှိဘူး။  ဥပဒေဘောင်အတွင်း နေထိုင်တဲ့ လွတ်လပ်တဲ့ နိုင်ငံသား အနေနဲ့ ‘ရဲ’ ဆိုတာ ကြောက်ဖို့ မဟုတ်၊ အကူအညီလိုရင် တောင်းဖို့၊ ပြဿနာ ဖြေ ရှင်းစရာ ရှိရင် ခေါ်ခိုင်းဖို့ ‘ပြည်သူ့ဝန်ထမ်း’ သာ ဖြစ်တယ်ဆိုတဲ့ ဒီမိုကရေစီစနစ် လူ့အသိုင်းအဝန်းကို သူ့မှာ မွေးကတည်းက ကျင်လည် စံစား၊ ဓလေ့တွေကို ကျင့်သုံးတတ် ပြီးဖြစ်တယ်။  အာဏာပိုင် အုပ်ချုပ်သူ လူတန်းစားဆိုတာ မရှိ၊ တိုင်းပြည် အာဏာကို လက်ဝယ်ပိုင်သူဟာ အခွန်ထမ်း ပြည်သူပြည်သားထဲက တယောက်ဖြစ်တဲ့ ကိုယ်ကိုယ်တိုင် ဖြစ်တယ်ဆိုတာကို အသိစိတ်မှာ စွဲမြဲ၊ ကိုယ့်အခွင့်အရေးကို ရယူ ကျင့်သုံးတတ်ပြီး ဖြစ်တယ်။  တပါတည်း နိုင်ငံသား တယောက်ရဲ့ တာဝန်၊ ဝတ္တရား၊ စည်းကမ်းရိုသေမှုနဲ့ ဥပဒေကို လေးစား လိုက်နာမှုကလည်း တွဲပါလာပြီး ဖြစ်တယ်။

စစ်ဖိနပ်အောက်မှာ အကြောက်စိတ်နဲ့ ကြီးခဲ့ရသူ ကျနော့် အနေနဲ့တော့ လူ့အခွင့်အရေး၊ ဒီမိုကရေစီ အကြောင်း သီအိုရီတွေ လေ့လာ ပြောနေ ၊ ရေးနေပေမဲ့ ကျနော့်မှာ ကိုယ့်ရဲ့ အခွင့်အရေး၊ လွတ်လပ်မှုနဲ့ တာဝန်ခံ၊ တာဝန်ယူမှု ရေချိန် အတိုင်းအတာက မွေးကတည်းက လူမှုလောက အဝန်းအဝိုင်းမှာ ဒါတွေနဲ့ အခြေတကျ ပြုစုပျိုးထောင် လေ့ကျင့်ပေးခံရသူလို စံချိန်မမီပါဘူး။  အပေါ်ယံသဘောမှာ သူငယ်ချင်းများနဲ့အ တူ သူများကို မထိခိုက်စေဘဲ ကိုယ့်ဆန္ဒရှိရာ အပျော်အလုပ် တခုလုပ်ခဲ့ပေမဲ့ အတွင်း အဇ္ဈတ္တသန္တာန်မှာ ‘ရွံ့တီးရွံ့တွန့်’ ဖြစ် ‘ကျောချမ်း’ တဲ့ စိတ်အခံက မပျောက်ပါဘူး။  ရဲ လာလေမလား၊ ရပ်ကွက်လူကြီးက လာတားလေမလား အကြောင့်အကြက မသိစိတ်မှာ ရှိနေခဲ့ပါတယ်။  ကျောင်းသားဘဝ ညဘက် သူငယ်ချင်းအဆောင်တွေ လှည့်အိပ်ရင်လည်း ဧည့်စာရင်းများ စစ်လေမလား၊ သက်သေခံ လက်မှတ်များ ယူသွားရမလားဟဲ့ တွေးမိနေဆဲပဲ ဖြစ်ခဲ့ရတယ်။

ကျနော် နိုင်ငံပေါင်းစုံက လူငယ်ပေါင်းစုံနဲ့ တက္ကသိုလ်တွေမှာ၊ လုပ်ငန်းခွင်မှာ၊ လူမှုရေးရာတွေမှာ တွေ့ဖူး၊ ဆုံဖူး ပေါင်းသင်းဆက်ဆံဖူးပါတယ်။  သူတို့ အားလုံး ထူးခြား ထူးချွန် ဉာဏ်ရည်ထက် တော်လှချည်ရဲ့ ဆိုတာမျိုး မတွေ့ဖူးပါဘူး။  သူလိုကိုယ်လိုတွေချည်းပါပဲ။  ဒါပေမဲ့ ကိုယ့်ယုံကြည်ရာနဲ့ အခွင့်အရေးကို မပြော ရဲ မဆိုရဲ၊ အမြုံစိတ်၊ အငုံ့စိတ်၊ ကြောက်စိတ် ရှိမှု၊ အနည်းဆုံး စာသင်ခန်းထဲမှာ၊ အလုပ်မှာ “Yes Sir! (ဟုတ်ကဲ့ ခင်ဗျာ)” အမြဲ လိုက်တတ်၊ မေးခွန်းမထုတ်၊ ပြန်လည် မဝေဖန်၊ မဆန်းစစ် ငုံ့ခံ၊ ငုံ့မှတ် တတ်ကြတာ ကတော့ လာခဲ့တဲ့ တိုင်းပြည်အသီးသီးရဲ့ စနစ်နောက်ခံနဲ့ ဆိုင်ကြောင်း သတိထားမိခဲ့တယ်။

စင်ကာပူက နိုင်ငံတကာ တက္ကသိုလ်တခုရဲ့ ကျောင်းဖွင့်နေ့ အခမ်းအနားမှာ ရာနဲ့ချီတဲ့ ကျောင်းသားသစ်တွေ ဟာ ဘယ်နိုင်ငံက ဖြစ်ကြောင်း မိတ်ဆက်နေတယ်။  မွေးကတည်းက ပုဂ္ဂလိကကျောင်းတွေတက်ရင်း ကြီးခဲ့တဲ့ မြန်မာပြည်က လူ့မလိုင်သားသမီးများ အဲဒီကျောင်းမှာ တက်ကြပါတယ်။  ဒါပေမဲ့ တယောက်မှ တုတ်တုတ်မျှမလှုပ်ပါ။ 

ဒါနဲ့ မဖြစ်ချေဘူးဆိုပြီး ကျနော်ပဲ ကြောက်စိတ်ကိုဖျောက်၊ မြန်မာပြည် ကျန်သေးကြောင်း ထပြောခဲ့ရဖူးတာ သတိရတယ်။  ပိုက်ဆံရှိလို့ ပညာကောင်းကောင်း သင်ခဲ့ရပေမဲ့ စနစ်က ပုံသွင်းပေးလိုက်တဲ့ ကြောက်စိတ် ကတော့ မပျောက်တာကို ဆိုလိုချင်တာပါ။

တခြား ဥပမာပေးစရာတွေလည်း ရှိပါတယ်။  အိန္ဒိယနဲ့ တရုတ်ကို ကြည့်ပါ။  သူများတိုင်းပြည်မှာ ရေကြည် ရာ မြက်နုရာ လာရှာသူချင်း အတူတူမှာကို ဒီမိုကရေစီစနစ် မြေဆီမြေလွှာမှာ ကြီးပြင်းခဲ့ရတဲ့ အိန္ဒိယသားများ အတန်းထဲမှာ၊ ရုံးမှာအသံပိုစူးကြတယ်၊ ပြောရဲဆိုရဲ ရှိကြတယ်။ အာရှယဉ်ကျေးမှုတန်ဖိုး လောင်းရိပ်အောက် က လာသူချင်း လူကြီးသူမ ဆရာသမား၊ ရုံးအထက်လူကြီး ကို ရိုသေရတာချင်း အတူတူမှာ ကိုယ့်အခွင့် အရေး၊ ရပိုင်ခွင့်နဲ့၊ ကိုယ်မှန်တယ်ထင်ရာကို ပြောဆိုဝံ့မှုမှာ သူတို့ သာကြတာ သတိထားမိခဲ့တယ်။

ဒါမျိုးတွေရဲ့ အကျိုးဆက် ပညာတူ၊ ဉာဏ်တူ၊ အသက်အရွယ်တူချင်းမှာ ခေါင်းဆောင်မှုနေရာအတွက်၊ စွန့်ဦးတီထွင် အလုပ်တွေ အတွက်ကျ ကိုယ်ပိုင်အတွေးအခေါ်ရှိသူ၊ ပြောရဲဆိုရဲ ရှိသူများက ပို လုပ်နိုင်စွမ်း ရှိ၊ နေရာရတတ်တာကို မျက်မြင်တွေ့ခဲ့ရပါတယ်။ စနစ်နောက်ခံကနေ ကွဲပြားတဲ့ အရည်အသွေးနဲ့ လူတွေကို ထုဆစ်နိုင်တာကို သိနားလည်ခဲ့ရတယ်။

အလားတူပဲ စည်းကမ်းရိုသေမှု၊ အလုပ်လေးစားမှု၊ ပရမ်းပတာ မလုပ်မှု၊ တာဝန်ယူ တာဝန်ခံမှု၊ ကိုယ့်လွတ် လပ်မှုနဲ့အတူ တွဲပါလာတဲ့ စောင့်ထိန်းရမှု စတဲ့ လူကြီးလူကောင်း အပြုအမူတွေကိုလည်း ဒီမိုကရေစီ အခြေ တကျ ရှိပြီး ဖြစ်တဲ့ အမေရိကန်၊ ယူကေ၊ ကနေဒါ၊ သြစတြးလျနဲ့ ဥရောပက နိုင်ငံကြီးသားများမှာ ပိုလို့တွေ့ရ ပါတယ်။  

မင်္ဂလာသုတ် မသိတဲ့ အနောက်တိုင်းသား မိစ္ဆာဒိဋ္ဌိတွေ ယဉ်ကျေးကြောင်း လန်ဒန်တက္ကသိုလ်က မြန်မာစာ ပါမောက္ခဟောင်း ဆရာကြီး ဒေါက်တာ လှဘေ (၁၉၁၃-၂၀၀၇) စာတပုဒ်မှာ ရေးခဲ့ဖူးတာကို ကိုယ်တိုင် လက်တွေ့ သိနားလည်ခဲ့ရပါတယ်။  သူတို့ဆီမှာ လွတ်လပ်တဲ့ ဒီမိုကရေစီ မင်္ဂလာတရား ထွန်းကားနေတာကိုး။

သူတို့မှာလည်း မကောင်းတဲ့သူ လူတဦးချင်း အနေနဲ့ ရှိတာပေါ့။  ယေဘုယျကို သာ ဆိုလိုတာပါ။  သူတို့မှာ မလွတ်လပ်တဲ့ အာဏာရှင်တပိုင်းစနစ် စင်ကာပူ လို ဆေးလိပ်တို တခုအတွက် ဒေါ်လာသောင်းချီ ဒဏ်ကြေးမရှိ၊ လမ်းဘေး ဆေး မှုတ်တဲ့ အတွက် ကြိမ်ဒဏ် မပေးပေမဲ့ လူမျိုး၊ ဘာသာ မကွဲ လူသားအားလုံး လူ့သိက္ခာ အပြည့်နေထိုင်နိုင်ဖို့ ပုံဖော်ပေးထားတဲ့ စနစ်အဖွဲ့အစည်းကြောင့် လူအများဟာ စံမီတဲ့ စည်းကမ်းရိုသေမှု၊ ဥပဒေလိုက်နာမှု ပျမ်းမျှ ရှိကြတာပါပဲ။  ဒီလို ဥပဒေ ပြင်းထန်မှုထက် လွတ်လပ်ပြီး တရားမျှတ လူသားဆန်တဲ့ စနစ်အဖွဲ့အစည်းကို အသားပေးထားတဲ့ ရလဒ်အနေနဲ့ လွတ်လပ်ခြင်းရဲ့ အသီးအပွင့် စိတ်ကူးအတွေးအခေါ် တော်လှန်ဉာဏ်တွေ ထွန်းကားကာ ပညာ နည်းပညာခေတ်ကို ကျော်လွန်လာပြီး ဆန်းသစ်တဲ့စိတ်ကူးနည်းပညာ (Innovative Idea Technology) ခေတ်ကို ဒီလို ဒီမိုကရေစီ နိုင်ငံကြီးတွေကပဲ ဦးဆောင်နေတာပဲ မဟုတ်ပါလား။

ကျနော် အခုလို ရေးရခြင်းက မြင်းခြံမြို့မှာ ဒီမိုကရေစီပညာရေးအတွက် ဆန္ဒပြနေကြတဲ့ ကျောင်းသားတွေ ကျောင်းက နိုင်ငံတော် အလံကို ဖြုတ်ချ၊ ကျောင်းသားသမဂ္ဂ အလံလွှင့်တင်ခဲ့တာကို လူတွေ ဝိုင်းဝန်း ပြစ်တင်နေကြတာကြောင့်ပါ။  အစိုးရက ဥပဒေအရ အရေးယူမယ်လို့လည်း ကြားရတယ်။  ပြန်ကြားရေးဝန်ကြီးကလည်း သူ့ လူမှုကွန်ရက် စာမျက်နှာမှာ မလုပ်သင့်ကြောင်း ဆိုတားတယ်။  ကျောင်းသားသပိတ်ကို အမြင်မကြည် ဖြိုခွင်းလိုသူ အစိုးရနဲ့ ဖိနှိပ်လိုသူ အာဏာရှင် စိတ်ဓာတ်ရှင်များက ကြံဖန်ပြဿနာရှာ ဒီကိစ္စ အရေးယူမှာကို ထူးပြီး ဘာမှ မပြောလိုပါ။  ဒါပေမဲ့ ဝေဖန်တဲ့အထဲ သာမန် အရပ်သား လူကြီးများ၊ စာရေးဆရာကြီးတချို့တောင် ပါတော့ အခုလို အကျယ်တဝင့်ရေးဖို့ ဖြစ်လာရတာပါ။

ကိုယ့်ကျောင်းမှာ ကိုယ့်ကျောင်းသား လောကကို ကိုယ်စားပြုချင်တဲ့ အလံကို ကိုယ့်ဘာသာ လွှင့်တင်ခြင်းဟာ နိုင်ငံတော်ပုန်ကန်မှု မဟုတ်ပါ။  ကမ္ဘာ့နိုင်ငံအသီးသီးက တက္ကသိုလ်တိုင်းမှာ ကိုယ်ပိုင် သင်္ကေတ၊ အမှတ်အသား၊ အလံတွေရှိကြ၊ တန်းဖိုးထား လွှင့်တင်ကြတာ ဓမ္မတာပါ။  ဘယ်သူ့ကိုမှ မထိခိုက်ပါ။  အစိုးရက တောင်းဆိုချက်တွေကို မလေးစား မဖြည့်ဆည်းလို့ အစိုးရ အသိအမှတ်ပြု အလံကို ဖြုတ်ချခြင်းဟာလည်း ရာဇဝတ်မှု မဟုတ်ပါ။

အစိုးရ ပြဋ္ဌာန်းချက် ဒီနိုင်ငံတော်အလံ ဆိုတာကိုက နိုင်ငံကို၊ လူထုကို ဘယ်လောက် ကိုးစားပြုပါသလဲ ဆိုတာလည်း မေးခွန်းထုတ်စရာရှိပါတယ်။  ၂၀၀၈ နာဂစ် အလောင်းတွေကြားမှာ ဇွတ်အတင်း အတည်ပြု ခဲ့တဲ့ တိုင်းပြည်အခြေခံ ဥပဒေကိုတောင် အခုပြင်ဖို့ လူထုကတောင်းဆို ကြိုးစားနေကြတာပါ။  ဒီဖွဲ့စည်းပုံ က မွေးထုတ်လိုက်တဲ့ အလံသစ်ဟာ ပြည်သူ့ရင်ဘတ် နှလုံးအိမ်မှာ ဘယ်တုန်းကမှ မကိန်းအောင်းခဲ့ပါဘူး။

ဆိုတော့ လူကြီးဆိုသူများကို ပြောချင်ပါတယ်။  လူကြီးမျိုးဆက်ကနေ ကျနော်တို့မျိုးဆက်အထိ လွန်ခဲ့တဲ့ ဆယ်စုနှစ်များစွာ စစ်အာဏာရှင်များရဲ့ အကြောက်တရား လွှမ်းမိုး၊ ဖိနှိပ်ခြိမ်းခြောက်မှု မျိုးစုံကြား စနစ်ဆိုး မှာ ကြောက်စိတ်၊ အငုံ့စိတ်နဲ့ မဖြစ်သာလို့ အသားကျခဲ့ရပါတယ်။  ဒီအကျိုးဆက် အတွေးအခေါ် မြုံ၊ တီထွင် ဆန်းသစ်မှု ခေါင်းပါး၊ နာခံတော် နောက်လိုက် ကျွန်ကောင်းတွေသာ ဖြစ်ခဲ့ရပါတယ်။  ကိုယ့်ဆီမှာ နိုင်ငံရေး စနစ်ဆိုးကြောင့် ပညာ၊ ကျန်းမာ၊ လူမှု၊ စီးပွား လူစဉ်မမီရခြင်းနဲ့အတူ ကျွန်ပညာရေး ဆိုတာ တိုင်းတပါးသား အုပ်ချုပ်မှ မဟုတ်ဆိုတာကိုလည်း နိုင်ငံတကာထွက် ကျွန်လှည့်ခံရင်း ဇာတိပုညဂုဏ်မာန ကျပျောက်နေရ တဲ့ ခေတ်ကြီးကို ရင်ဘတ်ကြီးနဲ့ ခံစား၊ ကျောနဲ့ရင်း ဖြတ်သန်း နားလည်ခဲ့ပြီးပါပြီ။  လက်ရှိလူငယ် မျိုးဆက် နဲ့ နောက်တခေတ် လူငယ်ကိုတော့ ဒီဆိုးမွေးတွေ ထပ်လွှဲပြောင်း မပေးချင်ပါနဲ့တော့ ခင်ဗျာ။

ဒီမိုကရေစီလိုလားသူ ပြည်သူ့ဘက်တော်သား လူကြီးများရဲ့ ကြောင့်ကြမှုကို နားလည်ပါတယ်။  ကျောင်း သားကလေးတွေ လက်ယဉ်နေတဲ့ အစိုးရရဲ့ လက်ချက်ထိမှာ စိုးတာ လက်ခံပါတယ်။  လက်ပံတောင်းမှာလို မီးဗုံးဒဏ်ထိ၊ ကျည်ဆံစာမိမယ့် အဖြစ်မျိုးကို ကျနော်လည်း မလိုလားပါဘူး။  အရင် စစ်အစိုးရခေတ် ဒီပဲယင်း (၂၀၀၃) လို ဒေသခံ အယောင်ဆောင် အစိုးရခါးပိုက်ဆောင် အကြမ်းဖက် လူမိုက်ဂိုဏ်းတွေရဲ့ မင်းမဲ့စရိုက် ဒဏ်ကို အခုလူငယ်ကလေးတွေ ကြုံတွေ့ရမှာ ကျနော်လည်း အများနည်းတူ မလိုလားစိတ်နဲ့ စိုးရိမ်၊ စောင့် ကြည့်ရင်း တထိတ်ထိတ်နဲ့ ဆုတောင်းနေရတာပါပဲ။

ဒါပေမဲ့ ကျောင်းသားလေးတွေရဲ့ အလံကိုတည်မီပြီး ဆန္ဒထုတ်ဖော်ပြသခဲ့မှုကိုတော့ အပြည့်အဝ ထောက်ခံ ပါတယ်။  အပြစ်တင်လိုသူများကိုလည်း ရှုတ်ချပါတယ်။  အလံတင်ခြင်း၊ ချခြင်းကအပေါ်ယံပါ၊ လွတ်လပ်ခြင်း ကို အလေးပေးတဲ့ ဒီမိုကရေစီပညာရေးဆိုတဲ့ သရုပ်က အတွင်းသဘောပါ။  ဒါကို တန်ဖိုးထား လက်ခံရပါ မယ်။

ဒုတိယ ကမ္ဘာစစ်ကာလမှာ ကျနော်တို့ဆီက သခင်အောင်ဆန်း ဦးဆောင်တဲ့ မျိုးချစ်လူငယ်တစုတို့လိုပဲ ဂျပန်နဲ့ပေါင်း အင်္ဂလိပ်ကို တော်လှန်ခဲ့တဲ့ အိန္ဒိယအမျိုးသားရေးဝါဒီ ခေါင်းဆောင်ကြီး ဆူဘတ်ချန်ဒရာဘို့စ် (၁၈၉၇-၁၉၄၅) က ပြောဖူးခဲ့တယ်။  “ရဲဘော်တို့ရဲ့ သွေးတွေစတေးပါ၊ ငါ လွတ်လပ်ရေးကို ကတိပြုပါတယ်” တဲ့။  ဒါပေမဲ့ သူ့ကိုယုံကြည်လို့ စတေးပေးခဲ့တဲ့ သူ့နောက်လိုက် ရဲဘော်တွေရဲ့ အသက်၊ သွေးတွေ ဟာ နောက်ဆုံးမှာ အချည်းနှီးဖြစ်ခဲ့ရပါတယ်။  အိန္ဒိယကို တကယ် လွတ်လပ်စေခဲ့သူတွေက မြန်မာပြည်က ဗိုလ်ချုပ်အောင်ဆန်းလိုပဲ ပြည်သူ့အင်အားထောက်ခံမှု နောက်ခံကို အရင်းတည်ပြီး နိုင်ငံရေးနည်းနဲ့ အင်္ဂလိပ်ကို တွေ့ဆုံဆွေးနွေး ညှိနှိုင်းတောင်းဆိုခဲ့တဲ့ ဂန္ဒီ၊ နေရူး ဦးဆောင်တဲ့ အင်အားစုပါ။

အခုလည်း အလားတူပါပဲ။  “ကျောင်းသားလေးတွေ သွေးတွေ စတေးပါ၊ လွတ်လပ်ခြင်းကို ကတိပြုပါတယ်” မဆိုပါ။  ရဟန်းရှင်လူ ကျောင်းသား လူထု သွေး တိုင်းပြည်မှာ စွန်းခဲ့ရတာတွေ သမိုင်းမှာ လိုတာထက် ပိုလှပါပြီ။  ဘယ်သူမှ ဒုတိယ၊ တတိယ မဝင်းမော်ဦး မလိုလားပါ။  အခု လှုပ်ရှားမှု ဦးဆောင်နေတဲ့ ကျောင်း သားလေးတွေ ကိုယ်တိုင်လည်း ဒါတွေ မလိုလားလို့ ဗိုလ်ချုပ်နည်းနာ လူထုရင်ခွင်ကို ခိုလှုံရင်းကနေ အစိုးရကို တွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းတောင်းနေကြတာပါ။

ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ လွတ်လပ်ခြင်းကို မြန်မာ့နည်းမြန်မာ့ဟန် စစ်တပ်နည်း စစ်တပ်ဟန် တိုရေ ရှားရေပြု ဈေးဖြတ်ချင်လို့မရပါ။  ကိုယ့် ကြမ္မာကိုယ်ဖန်တီးခွင့်ဟာ ရွေးကောက်ပွဲ၊ မဲပုံးတွေနဲ့တင် ရပ်လို့မရ ပါ။  ပြည်သူလူထုရဲ့ စစ်မှန်တဲ့ ဆန္ဒနဲ့ နိုင်ငံ့အုတ်မြစ် ဖွဲ့စည်းပုံ ရေးဆွဲခြင်း၊ ပြင်ဆင်ခြင်းလို၊ လူမျိုးစုများ ကိုယ့်ကြမ္မာ ကိယ့်အနာဂတ် စိတ်ကြိုက်ဖန်တီးနိုင်တဲ့ ဖက်ဒရယ်ပြည်ထောင်စု အိပ်မက် အကောင်အ ထည်ဖော်ခြင်း လိုမျိုးတွေကအစ၊ တဦးချင်း ဆန္ဒသဘောထား ထုတ်ဖော်ခွင့်၊ စာနယ်ဇင်းလွတ်လပ်ခွင့်လို အလယ်ကနေ လူမှု၊ စီးပွား၊ ပညာရေး လွတ်လပ်ခွင့် အထိအဆုံး လူထုလူတန်းစား အသီးသီးဟာ လွတ်လပ်ခြင်း၊ ညီမျှခြင်း၊ ကိုယ်တိုင်ပါဝင်ခွင့်ရခြင်း စတဲ့ ဒီမိုကရေစီ ဓလေ့တွေ ကျင့်သုံးနိုင်ခွင့် ရရပါမယ်။

ကျောင်းသားလေးတွေရဲ့ တောင်းဆိုချက်ကို ဖတ်ကြည့်ကြပါ။  တရားလွန်တာ တခုမှ မပါပါ။  ဒါကိုမှ လူငယ်များက ဇွတ်လုပ်ပေးရမယ် ဆိုနေတာမဟုတ်ပါ၊ တွေ့ဆုံဆွေးနွေးဖို့၊ သူတို့ကို ပါဝင်ခွင့်ပေးဖို့ လူကြီးဆိုသူများကို တောင်းဆိုနေတာပါ။  ဒီကိစ္စ အစိုးရတခုတည်း တာဝန်ရှိတာလည်း မဟုတ်ပါ။  ဒီပညာရေးဥပဒေ ကို ဇွတ်အတင်း အဓမ္မ အတည်ပြုပေးလိုက်တဲ့ လွှတ်တော်မှာလည်း တာဝန်ရှိပါတယ်။  အစိုးရက အခု လွှတ်တော် ကို ဥပဒေအပေါ် ပြန်လည် သုံးသပ်ဖို့ စာပို့ခြင်းဟာလည်း ထုံးစံအတိုင်း ဘော် လီဘောပုတ်ခြင်းတမျိုးပါပဲ။  တကယ်က ကာယကံရှင် ကျောင်းသား ကိုယ်စားလှယ်များနဲ့တရားဝင် ဆွေးနွေး ညှိနှိုင်းမှု လုပ်ရမှာပါ။

ဆိုတော့ ခေတ်အဆက်ဆက်မှာ ကျောင်းသားလှုပ်ရှားမှု၊ တောင်းဆိုမှုတွေ ဒီရေတက်လာတိုင်း အကြမ်း ဖက် ဖြေရှင်းလိုတဲ့ စနစ်အဖွဲ့အစည်းဟောင်းနဲ့ ကျင့်သားရနေသူ လက်ရှိ အစိုးရ တာဝန်ရှိသူများ တော်တည့် မှန်ကန်မျှတတဲ့ ဖြေရှင်းမှုတွေ ပြုလုပ်ဖို့ တိုက်တွန်းပါတယ်။  ကျောင်းသားလေးတွေ နိုင်ငံရေး အသုံးချခံ မဖြစ်စေချင်ဘဲ စိုးရိမ်နေကြတဲ့ သာမန် လူကြီး ဆိုသူများကိုလည်း ဈေးပေါင်ကျိုး ဒီမိုကရေစီတရားတွေ ရှေ့ တန်းမတင်ဖို့ မေတ္တာရပ်ခံပါရစေ။  အာဏာပြ ပုံသွင်းခံ ခေါက်ရိုးကျိုး ပုံစံခွက်ထဲက အငုံ့စိတ်နဲ့ ကျနော်တို့ခေတ်ရဲ့ အမွေဆိုးတွေ အနာဂတ်မှာ မခံစားစေပါနဲ့တော့ ခင်ဗျာ။  နှစ်ငါးဆယ်ကျော် အကြောက်တရားလွှမ်းမိုး ငြိမ်ဝပ်ပိပြားစေခဲ့တဲ့ စနစ်ဆိုးကြောင့် တိုင်းပြည်မှာ ငြိမ်းချမ်းရေး ပင်စည် မရှင်သန်၊ တရားမျှတမှု အသီးအပွင့် မစားသုံးနိုင်၊ ဖွံဖြိုးတိုးတက် ချမ်းသာမှု အကိုင်းအခက် မကြီးထွားနိုင်၊ လွတ်လပ်ခြင်းအရသာ မခံစားနိုင်ဖြစ်ခဲ့တာတွေ ရပ်သင့်ပါပြီ။

နိဂုံးချုပ်ရရင် မျိုးဆက်သစ်ကို လွတ်လပ်တဲ့ ဒီမိုကရေစီပညာရေး အသီးအပွင့် ဆန်းသစ်တွေးခေါ် သုတေသန အသစ်တွေ့ရှိမှုတွေ ဝေဆာနေတဲ့ လွတ်လပ်၊ စိမ်းလန်း၊ ငြိမ်းချမ်းတဲ့ ပညာရပ်ဝန်းမျိုးပဲ ရရှိစေချင်ပါတယ်။ ဒီ့အတွက် တောင်းဆိုနေကြတဲ့ သပိတ်မှောက် ကျောင်းသားငယ်များကို အပြစ်မတင်ကြပါနဲ့ခင်ဗျာ။  အပြစ်တင်ချင်ရင် ကျနော်တို့ မျိုးဆက်ဟောင်းတွေရဲ့ စိတ်နှလုံးကို ကြောက်စိတ် ကိန်းအောင်းစေခဲ့သူများကိုသာ တင်ကြပါ။  တိုင်းပြည်ကို ရာစုဝက်ကျော် သေနတ်ကိုင် အဓမ္မအုပ်ချုပ်၊ လူသားအပါအဝင် အရင်းအမြစ်အားလုံးကို ထင်တိုင်းကြဲခဲ့ရင်း နောက်ဆုံးမှာ ဆက်လက် ရှင်သန်ရပ်တည် အာဏာလက်ဝယ် ဆုပ်ကိုင်ရေးအတွက် ၂၀၀၈ ဖွဲ့စည်းပုံကို စိတ်ကြိုက် ဖန်တီးကာ အရေခွံလဲ၊ အရောင်ပြောင်းရင်း အလံပါပြောင်းခဲ့သူ “အလံသူခိုး” လက်ရှိ အစိုးရနဲ့ လွှတ်တော်က အငြိမ်းစားဆိုတဲ့ ဗိုလ်ချုပ်ဟောင်း များကိုသာ အပြစ်မြင် အပြစ်တင် ဦးစားပေး ကန့်ကွက်ရမှာ ဖြစ်ကြောင်းပါ ခင်ဗျာ။

ဧရာဝတီ

No comments:

Post a Comment

My Blog List