Wednesday, January 28, 2015

ကချင်ဆရာမနှစ်ဦး အသတ်ခံရမှုနှင့် ပတ်သက်၍ KBC ၏ မုံးမောင်းဇုန်နယ် အတွင်းရေးမှူး ဆရာတော်ဦးဇော်ရာနှင့် တွေ့ဆုံခြင်း


အစိုးရလက်လှမ်းမမီသည့် ဒေသများရှိ ကလေးငယ်များအား ပညာသင်ကြားနိုင်ရန် ရည်ရွယ်ပြီး ကျောင်း ဆရာ၊ ဆရာမများကို ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC)က ၎င်းတို့၏ ကိုယ်ပိုင်အစီအစဉ်ဖြင့် ဝေး လံခေါင်ဖျားသည့် ဒေသများသို့ စေလွှတ်လျက်ရှိပါသည်။
KBC မှ စေလွှတ်လိုက်သည့် အသက်(၂၀)၀န်းကျင်အရွယ် ကချင်ကျောင်းဆရာမငယ်နှစ်ဦးဖြစ်သည့် ဆရာမ မရန်လုရာနှင့် ဆရာမ တန်ဘောင်ခေါန်နန်စင်တို့သည် ၂၀၁၄ မေလအတွင်း ရှမ်းပြည်နယ် မူဆယ်ခရိုင် ပန်ဆိုင်းမြို့နယ်ခွဲ နမ့်တောင်းကျေးရွာအုပ်စုအတွင်းရှိ ကောင်းခါးကျေးရွာသို့ သွားရောက်ကာ ကလေးငယ် များအား ပညာသင်ကြားပေးခဲ့ကြရပါသည်။

ငယ်ရွယ်သော်လည်း သဘောထားပြည့်ဝပြီး ဒေသခံများနှင့် လိုက်လျောညီထွေ နေနိုင်သူများဖြစ်ကြောင်း လုပ်ဖော်ကိုင်ဖက်များနှင့် ဒေသခံများက ချီးကျူးကြသည့် ကျောင်းဆရာမငယ်နှစ်ဦးသည် ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက အဓမ္မပြုကျင့်ပြီး အသတ်ခံခဲ့ရပါသည်။

ဆရာမနှစ်ဦးအသတ်ခံရမှုနှင့် ပတ်သက်၍ အခြေအနေများနှင့် နောက်ဆက်တွဲ ဖြစ်လာနိုင်သည့် အကျိုး ဆက်များကို KBC ၏ မုံးမောင်းဇုန်နယ် အတွင်းရေးမှူး ဆရာတော် ဦးဇော်ရာနှင့် 7Day သတင်းထောက်များ မူဆယ်မြို့တွင် ဇန်န၀ါရီ ၂၅ ရက်က တွေ့ဆုံမေးမြန်းခဲ့ပါသည်။ ထိုအထဲမှ အချို့ကို ကောက်နုတ်ဖော်ပြ လိုက်ပါသည်။

မေး- ဒီဆရာမနှစ်ဦးက ဘယ်အချိန်ကတည်းကလာပြီး တာဝန်ထမ်းဆောင်နေတာပါလဲ။

ဖြေ- ၂၀၁၄ မေလလောက်ကတည်းက နှစ်ယောက်စလုံး အတူတူလာကြတာ။

မေး- သူတို့နှစ်ဦးအရင်ကော ဆရာမတွေ ဒီကျောင်းမှာလာပြီး တာဝန်ထမ်းဆောင်ဖူးတာရှိလား။

ဖြေ- ရှိတယ်။ ၂၀၀၈ ကနေစတာ။ ကျောင်းကလည်း ၂၀၀၈ ကနေ စဖွင့်တာ။

မေး- အရင်ကကော ဆရာမတွေကို နှောင့်ယှက်တာ၊ ဒီလိုမျိုး ဆိုးဆိုးရွားရွားမဟုတ်တောင် နောက်ပြောင် တာဖြစ်ဖြစ်၊ ခြိမ်းခြောက်တာဖြစ်ဖြစ် ဒါမျိုးတွေ ဆရာတို့ကို ပြန်တိုင်တာရှိဖူးလား။

ဖြေ- အဲဒါတော့မရှိဘူး။ ကျွန်တော်လည်း မကြားဖူးဘူး။

မေး- စာမေးပွဲနီးပြီဆိုတော့ ကလေးတွေ ပညာရေးကကော။

ဖြေ- ကျွန်တော်လည်း အဲဒါစဉ်းစားနေတာ။ မနက်ဖြန်ရက်လည် ဆုတောင်းအပြီးမှပဲ သူတို့ဆုံးဖြတ်ကြမယ်ထင်တယ်။

မေး- KBC အစီအစဉ်နဲ့ ပညာရေးအကူအညီပေးနေတာ ကျွန်တော်တို့ ကြားသလောက်တော့ ဒီဆရာမနှစ်ယောက်တည်းမဟုတ်ဘဲနဲ့ တခြားဆရာ၊ ဆရာမတွေလည်း အများကြီးအကူအညီပေးတာ ရှိတယ် ကြားပါတယ်။ ဒီဖြစ်ရပ်က ဆရာတို့ရဲ့ ပညာဒါနအစီအစဉ်ကို ဘယ်လောက်များ ဆိုးဆိုးရွားရွား ထိခိုက်စေလဲ။

ဖြေ- ကျွန်တော့်အထင်ပြောရရင် ဒီဒေသကို နောက်ထပ်သွားရဲမယ့်သူ မရှိသလောက်ဘူးထင်တယ်။ အဲဒီလိုဖြစ်လိမ့်မယ်။ သူတို့ (KBC ဆရာ၊ ဆရာမများ) သွားတာလည်း အားလုံး နယ်စွန်နယ်ဖျားတွေချည်းပဲ။ အားလုံးက တော်တော်လေးတော့ အရှိန်လျော့သွားမလားလို့ ကျွန်တော်က အဲဒီလို စဉ်းစားမိတယ်။ အဲဒီတော့ နောက်နောင်များ အဲဒီလို ပညာဒါနသွားမယ့် ဆရာ၊ ဆရာမတွေများ နည်းနည်းလျော့သွားမလား ကျွန်တော်လည်း စိုးရိမ်မိတယ်။ ထိုးစစ်ကလည်း အခုအရှိန်က တအားတက်လာတော့ တိုက်ပွဲတွေက မနေ့ကလည်းဖြစ်နေတယ်။ ဒီနေ့လည်းဖြစ်နေတယ်။ မူဆယ်အနီးအနားတောင်မှ ဖြစ်နေတယ်ဆိုတော့ အခြေအနေက ဆိုးသထက် ဆိုးရွားလာနိုင်တာပေါ့။ ဒီလိုမျိုးတိုက်ပွဲတွေဖြစ်နေတယ်ဆိုတော့ နယ်စွန်နယ် ဖျားမှာ တော်တော်လေးတော့ ထိခိုက်လာနိုင်တဲ့အကြောင်းရှိတယ်။

မေး- ဒီဝမ်းနည်းစရာကောင်းတဲ့ကိစ္စတွေဖြစ်ပြီးတော့ အကူအညီပေးရေး လုပ်ငန်းတွေဆက်ပြီး လုပ်ဖို့၊ မလုပ်ဖို့ ဆုံးဖြတ်ထားတာရှိလား။

ဖြေ- ဒါက တစ်ဦးတစ်ယောက်နဲ့ ဆုံးဖြတ်လို့မရဘူးလေ။ ကချင်နှစ်ခြင်းအဖွဲ့ချုပ်က ဇုန်နယ် ၁၄ ခုရှိတယ်။ အဲဒီထဲမှာ ရှမ်းပြည်မှာသုံးခုရှိတယ်။ အောက်ခြေက ဆက်လုပ်ပါဆိုရင် ဆက်လုပ်ရမှာပဲ။ လွှတ်တော်တက် သလိုပေါ့၊ အဆင့်ဆင့်တက်ပြီးတော့ အစည်းအဝေးကျမှ ဆုံးဖြတ်ကြတာလေ။

ပန်ဆိုင်းမှာ ကလေးတွေကို စာသင်တဲ့ ဆရာမတွေတောင်မှ ညအစီအစဉ်ဖျက်နေတာလေ။

မေး- တချို့ကျတော့လည်း အားမလိုအားမရဖြစ်ကြတယ်။ အစိုးရဘက်က စုံစမ်းစစ်ဆေးရေးအပေါ်ကိုလေ။ ဆရာ့အမြင်အရကော အစိုးရဘက်က စုံစမ်းရေးတွေက ထိထိရောက်ရောက် လျင်လျင်မြန်မြန် အကျိုး သက်ရောက် မှုရှိတယ်ထင်လား။ ဒါမှမဟုတ် ဘာများအကြံပေးချင်လဲ။

ဖြေ- အကြံကတော့ ကျွန်တော်လည်း ဘယ်လိုမှ မပေးတတ်ဘူး။ အားနည်းတဲ့အပိုင်းလို့တော့ တချို့ကမြင် ကြတာပေါ့နော်။ ကျွန်တော်လည်း စိတ်ထဲမှာထင်လို့ ဒီနေ့လည်း ခရိုင်ရဲမှူးကိုမေးလိုက်တော့ ပုဒ်မကလည်း ၃၀၂ (လူသတ်မှု)ဘဲလားလို့ သူ့ကို ကျွန်တော်မေးလိုက်တယ်။ သူပြောတာက ၃၀၂ /၃၇၆ (လူသတ်မှုနှင့် အဓမ္မပြုကျင့်မှု)။ အဲဒါနဲ့ သူတို့လိုက်နေတဲ့ အကြောင်းပေါ့။ တရားဝင်မထုတ်ပြန်ရတဲ့အကြောင်းကို သူတို့ပြန် ရှင်းပြတယ်။ ရဲရဲ့လျှို့ဝှက်ချက် အနေနဲ့ မထုတ်ပြန်ခြင်းဖြစ်တဲ့ အကြောင်းပေါ့။ ဘာကြောင့်လဲဆိုတော့ တရား ခံက ဟိုထင်ဒီထင် တစ်အားလျှောက်လုပ်လိုက်ရင် တရားခံလွတ်သွားတတ် တယ်ပေါ့။ လျှို့လျှို့ဝှက်ဝှက်လုပ် ထားတဲ့ အကြောင်းတွေ သူကပြန်ရှင်းပြတာပေါ့။

မေး- ကျွန်တော်တို့ရတဲ့ သတင်းတွေက ဘယ်လောက်မှန်၊ မမှန်တော့ မသိဘူး။ ရဲက ချက်ချင်းမလာဘူး၊ ရဲကတော်တော်ကြာမှလာတယ် အဲဒီလိုမျိုး လည်း ပြောသံကြားတယ်။ အဲဒီဟာကကော တကယ်လား။

ဖြေ- သူတို့ ပြောတာကတော့ ကြောက်လို့လို့ပြောတယ်။ ကြောက်လို့ တစ်ခါတည်းမလာရဲတာလို့ပြော တယ်။ နောက်တော့ နမ့်တောင်းအုပ်ချုပ်ရေးမှူးက သွားခေါ်တယ်။ သွားခေါ်တော့ လိုက်လာတာပေါ့။ (အခင်းဖြစ်ပွားရာ နေရာ သို့သွားရာ လမ်းတစ်လျှောက်နှင့် အနီးတစ်ဝိုက်တွင် လက်နက်ကိုင်တပ်ဖွဲ့များ ရှိနိုင်သောကြောင့် လုံခြုံရေးအရ သတိထားသွားလာသင့်သည့်နေရာဖြစ်ကြောင်း အစိုးရ၀န်ထမ်းများနှင့် ဒေ သခံများက သတ်မှတ်ထားကြသည်)

မေး- ကြောက်လို့ဆိုတာ လုံခြုံရေးပိုင်းလား ဆရာ။

ဖြေ- ဟုတ်တယ် လုံခြုံရေးပိုင်း။ မူဆယ်ကလည်း လှမ်းခေါ်တယ်။ သူတို့ လည်းကြောက်လို့ အဲဒီနေ့က မလာဖြစ်ဘူး။ နောက်နေ့မှလာတယ်။ နောက် ကျမှ ပြည်နယ်ကလည်း ချက်ချင်းအကြောင်းပြန်ကြား လာတော့ သူတို့ကော် မတီချက်ချင်းဖွဲ့တာပေါ့။ နောက်နေ့ ကျွန်တော်လည်းလိုက်သွားတယ်လေ။ ခရိုင်ရဲမှူးစိုးသန်းရယ်၊ ရဲအရာရှိတွေနာမည်အားလုံးတော့ ကျွန်တော်မမှတ်မိဘူး။ စီအိုင်ဒီတို့ ဘာတို့ အကုန်ပါတယ်။ သွားပြီးတော့ ၂၁ ရက်နေ့မှာပဲ ရဲဘော်တွေလည်း ခေါ်လာတယ်။ အယောက် ၂၀ ၀န်းကျင်လောက်ရှိမယ်။ ရွာသားတွေလည်း အကုန်ခေါ်မေးတာပေါ့နော်။ မနက် ၈ နာရီလောက်က တည်းကမေးတာ နေ့လယ် ၂ နာရီလောက်ထိပဲ။

မေး- တချို့က စွပ်စွဲတာရှိတယ်ပေါ့။ တပ်ကလည်း အဲဒီအချိန်ရောက်တယ်။ အဲဒီညကလည်းဖြစ်တယ် ဆိုတော့ တပ်ကပါတယ်လို့လည်း တချို့က တိုက်ရိုက်စွပ်စွဲတယ်။ တချို့ကလည်း ပါနိုင်တယ်ပေါ့လေ။ ဆရာအမြင်ကကော။

ဖြေ- အဲဒါတော့ ကျွန်တော်မပြောနိုင်သေးဘူး။ အချိန်အများကြီးစောသေးတယ်။ ရဲတွေရဲ့ ပြောပြချက် အရတော့ သူတို့က အတတ်နိုင်ဆုံးကြိုးစားနေတယ်ပေါ့။ ဒီအချိန်မှာ ကျွန်တော်တို့ ဟိုလိုဖြစ်နိုင်တယ်၊ ဒီလိုဖြစ်နိုင်တယ်လို့ သွားပြောလိုက်ရင် မကောင်းဘူး။ အဖြေထွက်တဲ့အချိန်ကျမှ အားနည်းချက်က ဘာဖြစ်ပါတယ်ဆိုတာ အဲဒီအချိန်မှပြောတာ ကောင်းပါတယ်။

မေး- ဘာများပြောချင်ပါသေးလဲ။

ဖြေ- အဖြေမှန်ပေါ်မယ်လို့ပဲ ယုံတယ်။ ကျွန်တော်တို့အားလုံးလည်း ဆုတောင်းနေတာပေါ့။ ဘယ်သူဘယ်ဝါ ဆိုတာတော့ မညွှန်းချင်ဘူး။ ဒါပေမဲ့ လုပ်တဲ့သူကိုတော့ ကျွန်တော်တို့ဥပဒေအရ ကောင်းကောင်းအရေး ယူစေ ချင်တယ်။ ဒါနယ်မြေဒေသအေးချမ်းဖို့အတွက်ရော၊ နိုင်ငံအေးချမ်းဖို့အတွက်ရော အရေးကြီးတယ်။

ကျေးဇူးတင်ပါတယ်။

7Day News Journal

No comments:

Post a Comment

My Blog List