Wednesday, January 28, 2015

ဓာတုလက်နက် ထိန်းချုပ်ရေး ကန်လက်ထောက်ဝန်ကြီး မြန်မာ့တပ်မတော် အရာရှိများနှင့် နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး


 မြန်မာနိုင်ငံက ဓာတုလက်နက်ဖျက်သိမ်းရေး စာချုပ်တွင် အတည်ပြုပါဝင်မည့် ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ အမေရိကန် လက်နက်ထိန်းချုပ်ရေးဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဖရန့်ရို့စ်က မြန်မာ့ တပ်မတော် အရာရှိများနှင့် နေပြည်တော်၌ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
ဇန်န၀ါရီ ၂၇ ရက်က ကန်လက်ထောက်ဝန်ကြီးသည် နေပြည်တော်ရှိ ကာကွယ်ရေးဝန်ကြီးဌာန ထိပ်ပိုင်းခေါင်းဆောင်များ နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီးတို့နှင့်   တွေ့ဆုံခဲ့ခြင်း ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဌာနက သတင်းထုတ်ပြန်ခဲ့ပြီး ကာကွယ်ရေးဝန်ကြီးဌာနသို့ ဆက်သွယ်မေးမြန်းရာပြန်လည်ဖြေကြားမည့်သူ မရှိပေ။

  မြန်မာနိုင်ငံသည် ဓာတုလက်နက်ဖျက်သိမ်းရေးစာချုပ် တွင် ၁၉၉၃ ကတည်းက လက် မှတ်ရေးထိုးခဲ့သော် လည်း နှစ်ပေါင်း ၂၀ ကျော်ကြာ စာချုပ်၌ အတည်ပြု ပါဝင်ခဲ့ခြင်း မရှိခဲ့ဘဲ ဇန်န၀ါရီလဆန်းကမှ ပြန်လည် စတင်သည့် ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင် အတည်ပြုပါဝင်ရေး သဘောတူခဲ့သည်။

‘‘ဒီစာချုပ်မှာ မြန်မာက အဖွဲ့ ၀င်ဖြစ်သွားရင် ဓာတုလက်နက် ဘေးအန္တရာယ် ကာကွယ်ရေးကို အလေး ထားဆောင်ရွက်တယ်ဆိုတာ ကမ္ဘာကို ပြသရာရောက် သွားပါတယ်။ မြန်မာက ဓာတုလက်နက်နဲ့ ပတ်သက် လို့ နည်းပညာနဲ့ အသိပညာလိုအပ်ချက်ရှိတာက လွဲလို့ ဓာတုလက်နက် အသုံးပြု ထုတ်လုပ်ခြင်းမရှိတဲ့ အတွက် စာချုပ်ပြဋ္ဌာန်းချက်တွေကို အကောင်အထည်ဖော်ဖို့ အခက်အခဲမရှိပါဘူး’’ဟု နိုင်ငံခြားရေး ၀န်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးတစ်ဦးက ပြောကြားသည်။

အမေရိကန်လက်ထောက်ဝန်ကြီး၏ ဆွေးနွေးချက်များနှင့် ပတ်သက်၍ အသေးစိတ်ဖြေကြားခဲ့ခြင်း မရှိသော်လည်း မြန်မာက စာချုပ်တွင် အတည်ပြုပါဝင်ရန် ဆုံးဖြတ်ချက်အပေါ် အမေရိကန်က ကြိုဆိုကြောင်း အဆိုပါအရာရှိကြီးက ပြောကြားသည်။

မြန်မာနိုင်ငံသည် စာချုပ်တွင် အတည်ပြုပါဝင်လိုက်ပါက OPCW (ဓာတုလက်နက်ဖျက်သိမ်းရေးအဖွဲ့)ကဲ့သို့ အဖွဲ့အစည်းများနှင့် ပညာရှင်များက လာရောက်စစ်ဆေးခွင့်လည်း ရရှိမည် ဖြစ်သည်။

ဓာတုလက်နက်ထိန်းချုပ်ရေးစာချုပ်ရည်ရွယ်ချက်မှာ အစုလိုက် အပြုံလိုက် သေကျေပျက်စီး စေသည့် လက်နက်များ လုံးဝချုပ်ငြိမ်းရေးနှင့် လုံးဝလက်နက်ဖျက်သိမ်းရေးကို ဦးတည်ဆောင်ရွက်ရမည် ဖြစ်သည်။ စစ်ပွဲအသွင်နှင့် အဓိကရုဏ်းနှိမ်နင်းရေးတွင်လည်း ဓာတုပစ္စည်းများကို မသုံးစွဲစေရန် ဖြစ်ပြီး လက်ရှိတွင် ကမ္ဘာ့နိုင်ငံပေါင်း ၁၉၀ က အဖွဲ့ဝင်အဖြစ် ပါဝင်လက်မှတ်ရေးထိုးထားပြီးဖြစ်သည်။ ထို့ပြင် အဖွဲ့ဝင်နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုအရ ဓာတုလက်နက် မက်ထရစ်တန်ချိန် စုစုပေါင်း ၇၂,၅၂၄ တန်၏ ၈၄ ဒသမ ၉၅ ရာခိုင်နှုန်းကို ဖျက်ဆီး နိုင်ခဲ့ပြီး ဖြစ်သည်။

စာချုပ်တွင် အတည်ပြုပါဝင် ရန် မြန်မာနှင့် အစ္စရေးနှစ်နိုင်ငံအနက် ယခုအခါ မြန်မာက လက်မှတ်ရေး ထိုးတော့မည်ဖြစ်၍ အစ္စရေးတစ်နိုင်ငံတည်းသာ ကျန်တော့သည်။ စာချုပ်တွင် လုံးဝမပါဝင်ထားသော နိုင်ငံ များမှာ အင်ဂိုလာ၊ အီဂျစ်၊ မြောက်ကိုရီးယားနှင့် တောင်ဆူဒန်နိုင်ငံတို့ဖြစ်သည်။ မစ္စတာရို့စ်သည် လက်နက် ထိန်းချုပ်ရေးမဟာဗျူဟာနှင့် မူဝါဒများ၊ စာချုပ်များကို စိစစ်အတည်ပြုခြင်းနှင့် စာချုပ်ပါအချက်အလက်များ အပေါ် နိုင်ငံများက လိုက်နာခြင်း စသည့် ကိစ္စရပ်များအပေါ် အကြံပြုရသည့် တာဝန်ကို ထမ်းဆောင် ရခြင်း ဖြစ်သည်။ မြန်မာထိပ်ပိုင်းအရာရှိကြီးများနှင့် တွေ့ဆုံပြီးနောက် ၎င်းသည် တောင်ကိုရီးယားသို့ ဆက်လက်ထွက်ခွာမည်ဖြစ်ပြီး ကိုရီးယားကျွန်းဆွယ်အတွင်း အဏုမြူလက်နက်ထိန်းချုပ်ကာကွယ်ရေး တို့ကို ဆွေးနွေးမည်ဖြစ်ကာ တရုတ်နှင့် ဗြိတိန်နိုင်ငံသို့လည်း ခရီးဆက်လက်ထွက်ခွာမည် ဖြစ်သည်။

မြန်မာနိုင်ငံတွင် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းအလို့ငှာ ဓာတုပစ္စည်းသုံးစွဲမှု အချို့သာရှိပြီး ယင်းသို့ သုံးစွဲမှု များကို စောင့်ကြည့် ထိန်းသိမ်းရန် လိုက်နာရန် အမှတ် (၁) စက်မှုဝန်ကြီးဌာနက ၂၀၁၃ တွင် ဥပဒေထုတ်ပြန် ထားပြီးဖြစ်သည်။

မြန်မာနိုင်ငံသည် အဏုမြူ လက်နက်ထိန်းချုပ်ခြင်းဆိုင်ရာ စာချုပ်၊ ဇီဝလက်နက် တားဆီး ပိတ်ပင်ရေးဆိုင်ရာ သဘောတူ စာချုပ်တို့တွင် အတည်ပြုပါဝင်ပြီးနောက် ယခုစာချုပ်မှာ မြန်မာနိုင်ငံတတိယမြောက် အတည်ပြု ပါဝင်တော့မည့် နိုင်ငံတကာ လက်နက်ထိန်းချုပ်ရေးဆိုင်ရာစာချုပ် ဖြစ်လာမည်ဖြစ်သည်။


 7Day News Journal

No comments:

Post a Comment

My Blog List