၂ဝ၁၅-၁၆ ဘဏ္ဍာနှစ်အတွက် ပြည်တွင်း ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (ဂျီဒီပီ)ကို ၉ ဒသမ ၃ ရာ ခိုင်နှုန်း တိုးတက်လာရန် မျှော်မှန်းထားသည်ဟု ၂ဝ၁၅-၁၆ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်း တွင် ဖော်ပြထားသည်။
လာမည့်ဘဏ္ဍာနှစ်တွင် လယ်ယာကဏ္ဍမှ တိုးတက်မှုနှုန်း ၂ ဒသမ ၃ ရာခိုင်နှုန်းရှိရန် မျှော်မှန်းထားပြီး လူဦးရေ ၇၀ ရာခိုင်နှုန်းသည် ယင်းကဏ္ဍကို မှီခိုနေခြင်းဖြစ် သည်။
ဆက်သွယ်ရေး ကဏ္ဍတွင် ၄၆ ဒသမ ၉ ရာခိုင်နှုန်း၊ ငွေရေးကြေးရေးကဏ္ဍတွင် ၂၆ ဒသမ ၅ ရာခိုင်နှုန်း တို့ဖြင့် တိုးတက်ရန် အများဆုံးလျာထားပြီး ငှားရမ်းခနှင့် အခြားဝန်ဆောင်မှု ကဏ္ဍတွင် ၁၂ ဒသမ ၁ ရာ ခိုင် နှုန်းတိုးတက်ရန် လျာထားသည်။
ဆောက်လုပ်ရေးကဏ္ဍတွင် ၁၁ ရာခိုင် နှုန်း၊ စက်မှုလက်မှုကဏ္ဍတွင် ၁ဝ ဒသမ ၁ ရာခိုင်နှုန်း၊ သတ္တုနှင့် တွင်းထွက်ပစ္စည်းကဏ္ဍတွင် ၉ ဒသမ ၅ ရာခိုင်နှုန်း တိုးတက်ရန် လျာထားပြီး လျှပ်စစ်ဓာတ်အားကဏ္ဍနှင့် ပို့ဆောင်ရေးကဏ္ဍတို့တွင် ၉ ဒသမ ၁ ရာခိုင်နှုန်းစီ တိုးတက်ရန် လျာထားသည်။
ထို့အတူ သားငါးကဏ္ဍတွင် ရှစ်ရာခိုင်နှုန်း၊ ကုန်သွယ်မှုကဏ္ဍတွင် ၆ ဒသမ ၇ ရာခိုင်နှုန်း၊ စွမ်းအင်ကဏ္ဍ တွင် ၂ ဒသမ ၆ ရာခိုင်နှုန်း၊ လယ်ယာကဏ္ဍတွင် ၂ ဒသမ ၃ ရာခိုင်နှုန်း၊ သစ်တောကဏ္ဍတွင် ဝ ဒသမ ၂ ရာခိုင်နှုန်းစီ တိုးတက်လာ ရန် မျှော်မှန်းထားသည်။
ပြည်နယ်နှင့် တိုင်းဒေသကြီးများ ရန်ကုန်တိုင်းဒေသကြီးတွင် ၁၂ ဒသမ ၁ ရာခိုင်နှုန်း တိုးတက်ရန် အများ ဆုံးလျာထားပြီး ကရင်ပြည်နယ်တွင် ၁၁ ရာခိုင်နှုန်း၊ ပဲခူးတိုင်းတွင် ၁ဝ ဒသမ ၇ ရာခိုင်နှုန်း၊ တနင်္သာရီ တိုင်းတွင် ၁ဝ ဒသမ ၄ ရာခိုင်နှုန်း၊ စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းတို့တွင် ၁ဝ ဒသမ ၁ ရာခိုင်နှုန်းစီတိုး တက်ရန် လျာထားသည်။
ရင်းနှီးမြှုပ်နှံမှုစုစုပေါင်းတွင် နိုင်ငံပိုင်အခန်းကဏ္ဍမှ ၂၅ ဒသမ ၆ ရာခိုင်နှုန်း၊ သမဝါယမအခန်းကဏ္ဍမှ ဝ ဒသမ ဝ၁ ရာခိုင်နှုန်းစီ ပါဝင်မြှုပ်နှံရန်နှင့် ပုဂ္ဂလိက အခန်းကဏ္ဍမှ ၇၄ ဒသမ ၄ ရာခိုင်နှုန်း ပါဝင်ရင်းနှီး မြှပ်နှံ ရန် လျာထားသည်။
နှစ်အလိုက် ဈေးနှုန်းများအရ ပြည်ပပို့ကုန်ကို ကျပ် ၁၃,၁၅၈ ဘီလီယံတင်ပို့ရန်မျှော်မှန်းထားပြီး ပြည်သွင်း ကုန်ကို ကျပ် ၁၇,၃၄ဝ ဘီလီယံ တင်သွင်းရန် မျှော်မှန်းထားသည်။
၂ဝ၁၄ ခုနှစ် သန်းခေါင်စာရင်း ရှေ့ပြေး လူဦးရေစာရင်းအရ လူတစ်ဦးချင်းစီ၏ ပျမ်းမျှထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (Per capita GDP) သည် ကျပ် ၁,၂၈၁,၁ဝ၅ မှ ၁,၄ဝ၃,၉၇၈ ကျပ် ဖြစ်ပေါ်လာရန် လျာထားခြင်း ဖြစ်သည်။
၂ဝ၁၅-၁၆ ဘဏ္ဍာနှစ် အမျိုးသား စီမံကိန်းဥပဒေ အတည်ပြုပြဋ္ဌာန်းပြီးပါက ၂ဝ၁၅ ဧပြီ ၁ ရက်မှ စတင် သက်ရောက်မည်ဖြစ်ပြီး အဆိုပါ ဥပဒေသည် ၂ဝ၁၁-၁၂ ဘဏ္ဍာနှစ်မှ ၂ဝ၁၅-၁၆ ဘဏ္ဍာနှစ်အထိ ပထမ ငါးနှစ် စီမံကိန်း၏ နောက်ဆုံးနှစ် အတွက် အမျိုးသား စီမံကိန်း ဥပဒေ ဖြစ်သည်။
Mizzima - News in Burmese

No comments:
Post a Comment