ခွဲထွက်ရေး ပြောက်ကျားသူပုန်များနှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့သည့်နောက် ဖိလစ်ပိုင် ရဲတပ်ဖွဲ့၏ အထူးကွန် မန်ဒို (၃၀)ခန့် သေဆုံးကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။ ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းရှိ မွတ်ဆလင် ခွဲထွက်ရေး သူပုန်များနှင့် ဇန်နဝါရီ ၂၅ ရက်က တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဟု ဒေသဆိုင်ရာ အုပ်ချုပ်ရေးတာဝန် ရှိသူများက အတည်ပြု ပြောကြားခဲ့သည်။
အစိုးရနှင့် သူပုန်တပ်များကြား ငြိမ်းချမ်းရေး တည်ဆောက်ရန် ဆွေးနွေး သဘောတူထားသည့် တစ်နှစ်မျှ ကာလအတွင်း ရှားရှားပါးပါး အခြေအနေ တစ်ရပ်အဖြစ် တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဟု သိရသည်။
အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့မှုများအတွင် အစိုးရဘက်မှရော၊ သူပုန်တပ်များ ဘက်မှပါ မည်၍မည်မျှ အသေအပျောက် ရှိခဲ့သည် ဆိုခြင်းကို အတိအကျ သတင်းထုတ်ပြန်ရန် ခက်ခဲနေဆဲဟု မိုရို အစ္စလာမ်မစ် လွတ်မြောက်ရေး တပ်ဦး (MILF)၏ ငြိမ်းချမ်းရေး ညှိနှိုင်းမှု အရာရှိ မိုဟက်ဂါး အစ်ခ်ဘဲလ်က ပြောကြားခဲ့ သည်။
ဒေသဆိုင်ရာ ရဲတပ်ဖွဲ့ အကြီးအကဲ နိုဝယ်လ် အာမီလာက ရဲကွန်မန်ဒို (၆)ဦး၏ အလောင်းများကို ပြန်လည် ရရှိထားပြီဖြစ်ပြီး နောက်ထပ် ရဲတပ်ဖွဲ့ဝင်များကို အလောင်းကောက်ရန် ကြိုးပမ်းနေဆဲဟု ဆိုသည်။

“လောလောဆယ် အဲဒါက အကြီးဆုံး ပြဿနာ တစ်ခုပဲ”ဟု ၎င်းက ဝန်ခံခဲ့သည်။ ယခုတိုက်ခိုက်မှုများကြောင့် ငြိမ်းချမ်းရေး သဘောတူညီမှုအပေါ် မည်သို့မည်ပုံ သက်ရောက်မှု ရှိလာနိုင်ကြောင်းကိုမူ မှတ်ချက် မပေးနိုင်သေးဟု ၎င်းက ဆိုသည်။
အစိုးရနှင့် သူပုန်တပ်များဘက်က ယခုဖြစ်ရပ်အပေါ် စုံစမ်းစစ်ဆေးမှုများ ပြု လုပ်နေဆဲဟု ကြေညာထား သည်။ အစ်ခ်ဘဲလ်က မာဂွင်ဒါနာအိုရှိ သူပုန်တပ်များ ထိန်းချုပ်ထားသည့် မာမာဆာပါနိုမြို့သို့ ရဲတပ်ဖွဲ့ ကွန်မန်ဒိုများ ချဉ်းနင်း ဝင်ရောက်လာရာမှ တိုက်ပွဲစတင်ခြင်းဟု စွပ်စွဲ ပြောကြားထားသည်။
၎င်းက MILF အနေဖြင့် ငြိမ်းချမ်းရေး သဘောတူညီချက်ကို ဆက်လက် အသိအမှတ်ပြု ထိန်းသိမ်းထားမည် ဟုလည်း ဆိုသည်။ “ကျွန်တော်တို့က ငြိမ်းချမ်းရေး တည်ဆောက်မှုကို ဆက်ပြီး ထိန်းသိမ်းထားပါမယ်။ MILF ဘက်က အပစ်အခတ် ရပ်စဲရေးကိစ္စကို ဆက်ပြီး အသိအမှတ် ပြုထားမှာပါ”ဟု ၎င်းက AFPသို့ ပြော ဆိုခဲ့သည်။
အဆိုပါ ဖြစ်ရပ်များကြောင့် ဖိလစ်ပိုင် အမျိုးသား ရဲတပ်ဖွဲ့ အကြီးအကဲ လီယိုနာဒို အက်စ်ပီနာနှင့် ပြည်ထဲရေး ဝန်ကြီး မန်နျူရယ်လ် ရိုဆက်စ်တို့သည် မာဂွင်ဒါနာအိုသို့ ဇန်နဝါရီ ၂၆ ရက်တွင် ထွက်ခွာသွားပြီး အခြေအနေ ကို စစ်ဆေးသွားမည်ဟု ဆိုသည်။
သတင်းများက ရဲကွန်မန်ဒိုများသည် နိုင်ငံတောင်ပိုင်းတွင် ဗုံးဖောက်ခွဲမှုများ ကျူးလွန်ခဲ့သည့် အကြမ်းဖက် သမားတစ်ဦးကို လိုက်လံ ရှာဖွေရင်း သူပုန်တပ်များနှင့် ထိပ်တိုက် တွေ့ခဲ့ခြင်းဟု ခန့်မှန်း ရေးသားခဲ့သော် လည်း အစိုးရဘက်က ယင်းအပေါ် အတိအကျ မှတ်ချက်မပေးသေးဟု သိရှိရသည်။
Ref: CNA
7Day News Journal

No comments:
Post a Comment