Wednesday, January 28, 2015

ကုလ၏ ငြိမ်းချမ်းရေးဆောင်ရွက်ချက်ကို ထောက်ခံပေးရန် ရွှေကျင်သာသနာပိုင် ဆရာတော်ကြီးအား ကုလသမဂ္ဂ ဌာနေကိုယ်စားလှယ် လျှောက်ထား



ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့မှ ဆောင်ရွက်နေသော ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးဆောင်ရွက်ချက်များ အား ထောက်ခံပေးစေလိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ဌာနေကိုယ်စားလှယ်က ရွှေကျင် သာသနာပိုင် ၀ါဆိုဆရာတော်ကြီးအား လျှောက်ထားခဲ့ကြောင်း သတင်းရရှိသည်။
မြန်မာနိုင်ငံတွင် ဒုတိယအင်အားအကြီးဆုံး သံဃာ့ဂိုဏ်းအဖွဲ့ အစည်းကြီးဖြစ်သည့် ရွှေကျင် နိကာယဂိုဏ်း ၏(၁၉)ကြိမ်မြောက် ဂိုဏ်းလုံးကျွတ် သံဃာ့အစည်းအဝေးဖွင့်ပွဲအပြီးတွင် ဌာနေကိုယ်စားလှယ် Ms.Renata က ဆရာတော်ကြီးအား လျှောက်ထားခဲ့ခြင်းဖြစ်သည်။

‘‘တစ်ကမ္ဘာလုံး ငြိမ်းချမ်းဖို့ အတွက်၊ မြန်မာနိုင်ငံငြိမ်းချမ်းဖို့ အတွက် ဆရာတော်ဘုရားတို့ ဟောပြောမိန့်ကြား ချက်တွေကို တပည့်တော်မတို့က ကျေးဇူးအထူးတင်ပါတယ်။ ကုလသမဂ္ဂက လုပ်ကိုင်နေတဲ့ ကမ္ဘာလုံး ဆိုင်ရာ ငြိမ်းချမ်းရေးကိစ္စတွေကိုလည်း ဆရာတော်တို့အနေနဲ့ ထောက်ခံပေးပါ’’ဟု ဌာနေကိုယ်စားလှယ် က လျှောက်ထားခဲ့သည်။

ယင်းသို့ လျှောက်ထားမှုအပေါ်  ၀ါဆိုဆရာတော်ကြီးက ထောက်ခံပါကြောင်း၊ ၀မ်းသာပါကြောင်း ပြန်လည် မိန့်ကြားခဲ့သည်။

ထို့ပြင် သီရိလင်္ကာနိုင်ငံ ရွှေကျင်ဂိုဏ်းကိုယ်စားပြုတက်ရောက်သော အဆိုပါ နိုင် ငံသားဆရာတော်က ကမ္ဘာပေါ်တွင် လူသားများ တိုးမြှင့်ခံစားလာရသော စိတ်ပိုင်းဆိုင်ရာ အားနည်းလာမှုအပေါ် လျော့ကျ သက်သာစေရန် စိတ်စွမ်းအားကို တိုးမြှင့်ပေးနိုင်သည့် ၀ိပဿနာပြန့်ပွားရေးကိစ္စများကို ရွှေကျင်ဂိုဏ်းဝင် ဆရာတော်များ ဦးစားပေးဆောင်ရွက်စေလိုကြောင်း အစည်းအဝေးသို့ တင်ပြလျှောက်ထားခဲ့သည်။

ဇန်န၀ါရီ ၂၇ မှ ၂၉ ရက်အ ထိ သုံးရက်ကြာပြုလုပ်မည့် အဆိုပါ အစည်းအဝေး သို့ ပြည်တွင်း ပြည်ပ မှ ရွှေကျင်ဂိုဏ်းဝင် ဆရာတော်  ၁,၀၀၀  ခန့် တက်ရောက် ခဲ့ကြပြီး    ဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဉ်များ တင်ပြခြင်း၊ ရှင်းလင်းဆွေးနွေးခြင်း၊ သာသနာ တော်သန့်ရှင်းရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးခြင်း အစရှိသည်များကို ဆောင်ရွက်ကြမည် ဖြစ်သည်။

ဖွင့်ပွဲ အခမ်းအနားသို့ ယခင်တပ်မတော်အစိုးရအကြီးအကဲ တာဝန်ထမ်းဆောင်ခဲ့ သူများ၏  ဇနီးများ တက်ရောက်ခဲ့ပြီး ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး(ငြိမ်း) ၏ဇနီး ဒေါ်မြမြစန်း၊ ဒုတိယဗိုလ်ချုပ်ကြီး တင်ဦး(ကွယ်လွန်)၏ဇနီး ဒေါ်ခင်သန်းနွဲ့၊ ဗိုလ်ချုပ်ကြီးစိုးဝင်း(ကွယ်လွန်)၏ဇနီး ဒေါ်သန်းသန်းနွဲ့၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့်(ငြိမ်း)၏ဇနီး ဒေါက်တာဒေါ်တင်လင်းမြင့်တို့ တက်ရောက်ခဲ့ကြသည်။

ထို့ပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ နာယက ဦးတင်ဦးနှင့် လက်ရှိ ပြည်ထောင်စုဝန်ကြီးများဖြစ်သည့် ဦးဝင်းမြင့်နှင့် ဦးစိုးဝင်းတို့လည်း တက်ရောက် ခဲ့သည်။

ဓာတ်ပုံ - ကျော်ဇင်သန်း
 7Day News Journal

No comments:

Post a Comment

My Blog List