Wednesday, January 28, 2015

မြန်မာအစိုးရ သိမ်းဆည်းဖမ်းမိထားသည့် ယာဉ်နှင့် စက်ပစ္စည်းများအား တရုတ် သစ်ခုတ်ကုမ္ပဏီများက ပြန်လည်ရယူလို


ကချင်ပြည်နယ်တွင် တရုတ်နိုင်ငံသား သစ်ခုတ်သမား ၁၅၀ ကျော်နှင့် ယွမ်သန်း ရာချီ တန်ဖိုးရှိ စက်ပစ္စည်း ကိရိယာများ ဖမ်းဆီးထိန်းသိမ်းခံရမှုတွင် ၀င်ရောက်ဖြေရှင်းဆောင်ရွက်ပေးရန် ယူနန်ပြည်နယ်ဒေသခံ အာဏာပိုင်များထံ တရုတ်သစ်လုပ်ငန်းရှင်များက အသနားခံ တောင်းဆို ထားကြောင်း ဘေဂျင်းတိုင်းမ် သတင်းစာက ဖော်ပြသည်။ အဆိုပါ အသနားခံစာကို တရုတ်သစ်လုပ်ငန်းရှင် ၂၃ ဦးက လက်မှတ်ထိုး၍ နယ်စပ်ဒေသ တန်ချောင်စီရင်စု အာဏာပိုင်များထံ ပေးပို့ခဲ့သည်။

တရုတ်သစ်လုပ်ငန်းရှင်များက သစ်ထုတ်လုပ်ခွင့် လိုင်စင်ကြေးများကို KIA တပ်ဖွဲ့ဝင်ဟောင်းတစ်ဦးထံ ပေးအပ်ထားပြီးဖြစ်သည်ဟု ပြောကြားခဲ့ပြီး ထိုတပ်ဖွဲ့ဝင်မှာ မြန်မာအစိုးရထံ ဘက်ပြောင်းသွားခဲ့သည်ဟု ဆိုသည်။

ထို့အပြင် ထုတ်လုပ်ထားသည့် သစ်များအတွက် မြန်မာနှင့် တရုတ်နယ်စပ်ရှိ အခွန်အရာရှိများအား အသိပေးပြီးဖြစ်သည်ဟု တရုတ်လုပ်ငန်းရှင်များက ဆိုသည်။

မကြာခင်က အစိုးရစစ်တပ်က စီးနင်းဖမ်းဆီးခဲ့သည့် သစ်ထုတ်လုပ်ငန်းခွင်များတွင် တရုတ်အလုပ်သမားနှင့် ယာဉ်မောင်း ၁၇၀၀ ကျော် လုပ်ကိုင်လျက် ရှိပြီး ယွမ်သန်း ၃၀၀ တန်ဖိုးရှိ မော်တော်ယာဉ်များ၊ ကရိန်းများနှင့် အခြား အကြီးစား စက်ပစ္စည်းများကို ချန်ထားကာ ယူနန်ပြည်နယ်သို့ ခြေလျင်လျှောက် ၍ ပြန်ခဲ့ရ သည်ဟု သစ်ထုတ်လုပ်ငန်းရှင်များက ပြောကြား ခဲ့ကြောင်း ဘေဂျင်းတိုင်းမ် သတင်းစာက ဖော်ပြသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက အဖမ်းခံထားရသည့် တရုတ် သစ်ခုတ်သမားများ၏ အခွင့်အရေးကို ဥပဒေကြောင်း အရ ကာကွယ်ပေး ရန် မြန်မာအစိုးရထံ တောင်းဆိုထားပြီး ထိန်းသိမ်းခံထားရသူများ အစားအသောက် အဆင် မပြေဖြစ်နေမှုအပေါ် ဖြေရှင်းဆောင်ရွတ်ပေးနိုင် ခဲ့ကြောင်း ဘေဂျင်းတိုင်းမ် သတင်းစာ ဖော်ပြထားသည်။
KHTun
The Ladies News Journal

No comments:

Post a Comment

My Blog List