Friday, January 30, 2015

အမျိုးသားလွှတ်တော်၌ ကိုးကွယ်မှုဘာသာဆိုင်ရာ ဥပဒေကြမ်း အတည်မပြုရန် ကန့်ကွက်မှုများရှိ


မျိုးစောင့်ဥပဒေပါ ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်း သည် နိုင်ငံရေးအရ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ ကာလ အတွင်း ဘာသာရေးကို ခုတုံးလုပ် လှည့်ကွက်ပြုရန် ဖော်ဆောင်နေခြင်း ဖြစ်သည်ဟု ယူဆသဖြင့် လွှတ်တော်မှ အတည်ပြု မပေးရန် တားမြစ်ကန့်ကွက်မှုများ ရှိနေကြောင်း သိရသည်။
ယခုကျင်းပနေသည့် အမျိုးသား လွှတ်တော်၌ ကိုးကွယ်ရာ ဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်းနှင့် ပတ်သက် ပြီး ဆွေးနွေးနေစဉ် အမေရိကန် ဘာသာရေး လွတ်လပ်ခွင့် ကော်မရှင်နှင့် ပြည်တွင်း အမျိုးသမီး အဖွဲ့အစည်းများ၊ ချင်းအမျိုးသား ညီလာခံ ဘုံ သဘောတူညီချက် အကောင်အထည်ဖော်ရေး ကော်မတီတို့က လွှတ်တော်သို့ ကန့်ကွက်စာ များ ပေးပို့ခဲ့ခြင်း ဖြစ်သည်။

ကိုးကွယ်ရာ ဘာသာကူးပြောင်းခြင်း ဥပဒေကြမ်း အပါအ၀င် မျိုးစောင့် ဥပဒေဟု ခေါ်ဆိုသည့် ဥပဒေကြမ်း လေးခုသည် လက်ရှိအချိန်တွင် လွှတ်တော်အတွင်း မဆွေးနွေးသင့်သေးကြောင်း၊ လွှတ်တော်မှအတည်ပြုလိုက်ပါက လွှတ်တော် သိက္ခာကျဆင်းနိုင်ကြောင်း၊ လွှတ်တော်၏ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်က သုံးသပ်ထားကြောင်း ထိုကော်မရှင် အဖွဲ့ဝင် ဦးသန်းလွင်က ဧရာဝတီကို ပြောသည်။

ကန့်ကွက်ကြသူ အားလုံးက ကိုးကွယ်ရာ ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်းသည် လက်ရှိ မြန်မာနိုင်ငံတွင် ကျင့်သုံးနေ သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အချက်များနှင့် ကိုက်ညီမှုမရှိခြင်း၊ ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် ၁၈ ပါ အချက်များနှင့် ဆန့်ကျင်နေခြင်း၊ ဘာသာရေးအရ ရှုပ်ထွေးမှု ဖြစ်စေခြင်းတို့ကြောင့် ကန့်ကွက်ရခြင်း ဖြစ်ကြောင်း ပြောဆိုကြသည်။

အမျိုးသား လွှတ်တော်တွင် ကိုးကွယ်ရာ ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်းနှင့် ပတ်သက်ပြီး ကန့်ကွက်ခဲ့သူ တဦးဖြစ်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွှန့်က“မြန် မာနိုင်ငံက ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး စာတမ်းတွေနဲ့ အခြား လူ့အခွင့်အရေးဆိုင်ရာ စာတမ်းတွေကို တက်တက်ကြွကြွ လက်မှတ်ထိုးထားပေမယ့် ဒီဥပဒေ တွေကို အကောင်အထည်ဖော်ဖို့ ကြိုးစားတာက လက်မှတ်ထိုးထားတာတွေကို ဖောက် ဖျက်တာနဲ့ အတူတူပဲ”ဟု ပြောသည်။

ကိုးကွယ်ရာ ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေအပါအ၀င် မျိုးစောင့်ဥပဒေ ၄ ခုကိုရေးဆွဲပေးရန် ၂၀၁၃ ခုနှစ်အတွင်း သံဃာတော် များနှင့် ပြည်သူများက လက်မှတ် ၁၅ သိန်းကျော်ဖြင့် သမ္မတထံ တောင်းဆိုခဲ့ရာ၌ သမ္မတက တိုက်ရိုက် ညွှန်ကြားချက်ဖြင့် ကော်မရှင်ဖွဲ့၍ ရေးသားစေခဲ့ပြီး ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၃ ရက်တွင် ဥပဒေ မူကြမ်းအဖြစ် ထွက်ရှိ လာခြင်း ဖြစ်သည်။

ဥပဒေမူကြမ်းများ ထွက်ရှိစဉ်က အမျိုးသမီး အဖွဲ့များ အပါအ၀င် လူ့အခွင့်အရေး လှုပ်ရှားသည့် အဖွဲ့အစည်း ၉၀ ကျော်နှင့် ဗုဒ္ဒဘာသာ ၀င် မဟုတ်သည့် အခြားဘာသာဝင်များက ၎င်းတို့ကို ခွဲခြားဆက်ဆံခြင်း ဖြစ်သည့်အတွက် လက်မ ခံနိုင်ကြောင်း ကန့်ကွက် ခဲ့ကြသည်။

ထိုဥပဒေကို ထောက်ခံသူ အမျိုးသား လွှတ်တော်အမတ် ဦးခင်မောင်လတ် က“ဗုဒ္ဒဘာသာအတွက် ကိုယ့်စည်းရိုး ကိုယ်ကာတာပါ၊ တချို့ဘာသာတွေက ပြန့်ကားလာပြီး လွှမ်းမိုးတာ ရှိတယ်၊ တနိုင်ငံလုံး အခြားဘာသာ ကူးပြောင်း သွားကြတဲ့ နိုင်ငံတွေ ကမ္ဘာမှာ ရှိတယ်၊ ဒါတွေကို ဥပမာ ယူရမယ်၊ ဘယ်သူ့ကိုမှ ထိခိုက်တဲ့ ဥပဒေ မဟုတ်ပါဘူး”ဟု ၎င်း၏ အမြင်ကို ပြောဆိုသည်။

မျိုးစောင့်ဥပဒေကို ရေးဆွဲရန် လွှတ်တော်သို့ အဆိုတင်သွင်းခဲ့သူ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည် က မျိုးစောင့်ဥပဒေ ကန့်ကွက်သူများအား ပုဂ္ဂိုလ်ရေးအရ ပုတ်ခတ်သည့် စကားလုံးများကိုသုံးစွဲ၍ အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ပြောဆိုခဲ့သည်ဆိုပြီး လွှတ်တော် ဥက္ကဋ္ဌ ၏ သတိပေးခြင်း ခံခဲ့ရသည်။

ဒေါ်ခင်ဝိုင်းကြည်က“၂၀၁၅ အတွက် နိုင်ငံရေးကို ဘာသာရေးနဲ့ ခုတုံးလုပ်တယ်လို့ပြောတာက အင်မတန်သေးသိမ်ပြီး နိုင် ငံရေး ရေ ချိန်နိမ့်ပြီး ပညာမျက်စိ အမြင်မရှိတဲ့သူတွေရဲ့ စွပ်စွဲချက်လို့ပဲ ပြောချင်တယ်”ဟု ဇန်န၀ါရီ ၂၈ ရက်တွင် ပြုလုပ် သည့် အမျိုးသား လွှတ်တော် အစည်းအဝေးတွင် ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ဧရာဝတီ

No comments:

Post a Comment

My Blog List