Wednesday, January 28, 2015

ကျောင်းသားများ တောင်းဆိုသည့် လေးပွင့်ဆိုင် တွေ့ဆုံရေးကို လက်ခံကြောင်း သိရ


အမျိုးသားပညာရေးဥပဒေနှင့် ပတ်သတ်၍ မန္တလေးမှ ရန်ကုန်သို့ သပိတ်မှောက် လမ်းလျှောက် ဆန္ဒပြနေသော ကျောင်းသားများ တောင်းဆိုသည့် လေးပွင့်ဆိုင် တွေ့ဆုံရေးကို အစိုးရပိုင်းက လက်ခံ ခဲ့ကြောင်း ကနဦး ရရှိသော သတင်းများအရ သိရသည်။
ဇန်န၀ါရီ ၂၈ ရက်နေ့ နံနက်ပိုင်းက နေပြည်တော်တွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ကျောင်းသား ကိုယ်စားလှယ် ၁၀ ဦး ပါဝင်သော အဖွဲ့တို့ တွေ့ဆုံခဲ့ပြီးနောက် ယင်းသို့ သဘောတူညီခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ လက်ရှိအချိန်တွင် တွေ့ဆုံမှုကို ဖေဖေါ်ဝါရီ ၅ ရက် တွင် ပြုလုပ်ရန် ကျောင်းသားများဘက်က တောင်းဆိုထားသည်။ တွေ့ဆုံမှုမှာ ပြီးဆုံးခြင်း မရှိသေးပဲ ဆက်လက်ဆွေးနွေးနေဆဲ ဖြစ်ပါသည်။

ကျောင်းသားများ တောင်းဆိုနေသည့် အမျိုးသား ပညာရေး ဥပဒေနှင့် ပတ်သတ်ပြီး လေးပွင့်ဆိုင် တွေ့ ဆုံဆွေးနွေးရေး ဆိုသည်မှာ အစိုးရအဖွဲ့၊ လွှတ်တော်၊ မြန်မာနိုင်ငံ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံ လုံးဆိုင်ရာ ကွန်ရက် (NNER) နှင့် သပိတ်မှောက် လမ်းလျှောက် ဆန္ဒပြမှုကို ပြုလုပ်နေသော ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီတို့ တွေ့ဆုံခြင်းကို ဆိုလိုခြင်း ဖြစ်သည်။

လက်ရှိအချိန်တွင် မန္တလေးမှ ထွက်ခွာလာသော သပိတ်မှောက် လမ်းလျှောက် ကျောင်းသားစစ်ကြောင်း သည် ယမန်နေ့ညက တောင်သာမြို့တွင် တစ်ညနေ ထိုင်ခဲ့ပြီး ယနေ့နံနက်ပိုင်းတွင် ၀ဲလောင်ရွာဘက်သို့ ဆက်လက်ထွက်ခွာ သွားကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment

My Blog List