Tuesday, January 27, 2015

တက္ကသိုလ်ကျောင်းသားများ သပိတ်အရှိန်မြှင့်မည်

အမျိုးသားပညာရေးဥပဒေကို ဆန့်ကျင်သပိတ်မှောက် နေကြသည့် တက္ကသိုလ်ကျောင်းသားများကို အစိုးရ အဖွဲ့နှင့် တာဝန်ရှိသူများ လာရောက်ညှိနှိုင်း ခြင်း မရှိသေးသောကြောင့် အရှိန် မြှင့်တင်သည့်အနေဖြင့် သပိတ် လမ်းကြောင်းသုံးကြောင်းခွဲ၍ ရန်ကုန်မြို့သို့ တစ်ပြိုင်တည်း ခြေလျင် ချီတက်သပိတ်မှောက် တောင်း ဆိုသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
လက်ရှိ ခရီးရှည်ခြေလျင် လမ်းလျှောက်ချီတက်နေသည့် မန္တလေး-ရန်ကုန် သပိတ်လမ်း ကြောင်းကို ဗကသ များအဖွဲ့ချုပ်က ဆက်လက်ဦးဆောင်သွားပြီး ကျန်လမ်းကြောင်းများကို ဗကသ(မြေလတ်)နှင့် တကသများ က ဦးဆောင်၍ သပိတ်တိုက်ပွဲဆင်နွှဲသွားမည်ဖြစ်ကြောင်း ဦးဆောင်ခဲ့သည့် ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီက ထုတ်ပြန်ကြေညာခဲ့သည်။

‘‘အခုအချိန်ထိ ကျောင်းသား တွေကို လာရောက်ညှိနှိုင်းဆွေး နွေးမှု မရှိသေးလို့ သပိတ်ကိုအရှိန် မြှင့်တဲ့ အနေနဲ့ သပိတ်လမ်း ကြောင်းတွေကို သုံးကြောင်းခွဲပြီး တော့ ချီတက်သွားဖို့ ဆုံးဖြတ် လိုက်တာပါ။ ကျန်သ ပိတ်မှောက် ကျောင်းသားတွေက သပိတ်လမ်း ကြောင်းတွေ လမ်းခုလတ်မှာ ရော၊ ရန်ကုန်မြို့ကို ရောက်ခါနီး မှာရော လာရောက်ပူးပေါင်းဖို့ ရှိပါတယ်’’ဟု ဒီမိုကရေစီပညာ ရေး လှုပ်ရှားမှုဦးဆောင်ကော်မ တီဝင် ကိုချစ်ဝင်းမောင်(မြေလတ် ဗကသ)ကပြောသည်။

ရန်ကုန်မြို့အထိ ခြေလျင် ချီတက်မည့် သပိတ်လမ်းကြောင်း များမှာ မန္တလေး-ရန်ကုန်၊ ဧရာ ၀တီနှင့် ပခုက္ကူ လမ်းကြောင်းတို့ ဖြစ်ပြီး ထားဝယ်နှင့် ရခိုင်ပြည်နယ်များမှ ကျောင်းသားများက အဆိုပါ သပိတ်လမ်းကြောင်း များ ရန်ကုန်မြို့သို့ ရောက်ရှိချိန်တွင် လာရောက်ပူးပေါင်းသွားမည်ဖြစ် ကြောင်း သပိတ်မှောက်ရာတွင် ဦးဆောင်ခဲ့သည့် ဒီမိုကရေစီပညာ ရေး လှုပ်ရှားမှုဦးဆောင်ကော်မ တီမှ သိရသည်။

ဇန်န၀ါရီ ၂၀ ရက်မှ စတင် ၍ မန္တလေး-ရန်ကုန် ခရီးရှည်ခြေ လျင်ချီတက် သပိတ်မှောက်ဆန္ဒ ပြနေ သည့် ကျောင်းသားများ သည် သတ္တမမြောက်နေ့တွင် မြင်းခြံမြို့ရှိ နည်းပညာတက္ကသိုလ် နှင့် ဒီဂရီကောလိပ် များသို့ လှည့်လည်သပိတ်မှောက် ဆန္ဒပြခဲ့ပြီး ဇန်န၀ါရီ ၂၇ ရက် နံနက်တွင် တောင်သာမြို့ (မြင်းခြံ-တောင် သာ-ကျောက်ပန်းတောင်း လမ်း ပိုင်းအတိုင်း) ဆက်လက်ချီတက်မည်ဖြစ်ကြောင်း သိရသည်။

အလားတူ ပခုက္ကူမြို့မှ စတင်မည့် သပိတ်လမ်းကြောင်းကို ဗကသ(မြေလတ်)နှင့် တကသများက ဦးဆောင် ၍ ဇန်န၀ါရီ ၂၇ ရက် နံနက်တွင် ပခုက္ကူတက္ကသိုလ် ရှေ့မှ စတင်၍ ပခုက္ကူ၊ ချောက်၊ရေနံချောင်း၊ မကွေး၊ ပြည် မြို့ များကို ဖြတ်ကာ ရန်ကုန်သို့ ချီ တက်မည် ဖြစ်သည်။

ဧရာဝတီ သပိတ်လမ်း ကြောင်းကို ပုသိမ်၊ ဖျာပုံ၊ ဘိုက လေး၊ မအူပင်၊ ဟင်္သာတ၊ မြောင်းမြမှ ဗကသ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ ဦးဆောင်၍ ဇန်န၀ါရီ ၃၀ ရက်တွင် ရန်ကုန်မြို့သို့ လမ်းလျှောက်ချီ တက်လာ မည်ဖြစ်သည်။

အမျိုးသားပညာရေးဥပဒေ ကို သပိတ်မှောက်ဆန္ဒပြကြသည့် တက္ကသိုလ်ကျောင်းသားများသည် အစိုးရ အဖွဲ့၊ လွှတ်တော်၊ မြန်မာနိုင်ငံပညာရေးစနစ် ပြုပြင် ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက်(NNER) နှင့် သပိတ် မှောက်ဆန္ဒပြရာတွင် ဦးဆောင်ခဲ့ သည့် ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီ တို့ လေးပွင့်ဆိုင်တွေ့ဆုံညှိနှိုင်း၍ အ မျိုးသားပညာရေးဥပဒေတွင် ၎င်း တို့ ပြင်ဆင်လိုသည့် အချက်များ ကို ပြင်ဆင်နိုင်သည်အထိ သပိတ်မှောက်ဆန္ဒပြသွားမည်ဖြစ်သည်။

အမျိုးသားပညာရေးဥပဒေ ကို ပြန်လည်ပြင်ဆင်ပေးရန် တောင်းဆိုမှုများ ရှိလာသော ကြောင့် ပြည်ထောင်စု လွှတ်တော် အနေဖြင့် အမျိုးသားပညာရေးဥပဒေပါ ပြဋ္ဌာန်းချက်များအပေါ် ပြန်လည်သုံးသပ်ပြင်ဆင်ပေးရန် နိုင်ငံတော်သမ္မတဦးသိန်းစိန်က ဇန်န၀ါရီ ၁၉ ရက်စွဲဖြင့် ဇန်န၀ါရီ၂၀ရက်တွင် ပြည်ထေင်စုလွှတ်တော်သို့ သ၀ဏ်လွှာပေးပို့ထားခဲ့သည်။ ပြည်ထောင်စုလွှတ်တော် ဥပဒေမူကြမ်း ပူးပေါင်းကော်မတီက အမျိုးသား ပညာရေးဥပဒေ သည် အသက်ဝင်နေပြီး ပြင်ဆင်လိုပါက ပညာရေးဝန်ကြီးဌာနက ပြင်ဆင်သည့် ဥပဒေ ကြမ်းတစ်ရပ်ကို အမြန်ဆုံးရေးဆွဲကာ ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့ရန် နိုင်ငံတော်သမ္မတထံသို့ ဇန်န၀ါရီ ၂၂ ရက်က အကြောင်းပြန်ကြားခဲ့ သည်။

အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်နေသော တက္ကသိုလ်ကျောင်းသားများ (ဓာတ်ပုံ−ဒီမိုကရေစီပညာရေးလှုပ်ရှားမှုဦးဆောင်ကော်မတီ)
7Day Daily

No comments:

Post a Comment

My Blog List