Wednesday, January 28, 2015

အတွင်းထဲကလာသည့် အတွင်းဝန်များ မဖြစ်စေလိုပါ


ပြောင်းလဲလာသည့် မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးစနစ်အရ ဝန်ကြီးဌာနများတွင် ဆယ်စုနှစ်ပေါင်းများ စွာ ပျောက်ကွယ်နေသည့် အဆင့်မြင့်ရာထူးတစ်ခု ပြန် လည်ဖော်ထုတ်ရန် တာဝန်ရှိသူများက စီစဉ်လျက် ရှိသည်။
ထိုရာထူးကား အတွင်းဝန်။ မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးစ ပါလီမန်ဒီမိုကရေ စီခေတ်တွင် ဝန်ကြီးဌာနများ၌ အတွင်းဝန်ဆိုသည့် ရာထူးတစ်ခုရှိခဲ့ပြီး အဆိုပါပုဂ္ဂိုလ်များသည် နိုင်ငံရေးအရတက်လာသည့် ဝန်ကြီးများ၏ အားကိုးအားထားရာ လုပ်ငန်းကျွမ်းကျင်သူများ ဖြစ်ကြသည်။

ပါလီမန်ခေတ် အတွင်းဝန်များထဲတွင် ထင်ရှားသူများမှာ နိုင်ငံခြားရေးဝန်ကြီးဌာန အတွင်းဝန် ဦးစိုး တင့်နှင့် ပြန်ကြားရေးဝန်ကြီးဌာန အတွင်းဝန် ဦးသန့်တို့သည် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဖြစ် သည်အထိ ထက်မြက်ခဲ့သူဖြစ်သည်။

ထို့နောက်တွင်တော့ စစ်အာဏာရှင်စနစ်က  မြန်မာနိုင်ငံကို နှစ်ပေါင်း ၅၀ ကျော် လွှမ်းမိုးသွားချိန်တွင် အတွင်းဝန်ဆိုသည့် ရာထူးများလည်း ပျောက်ကွယ်သွား ခဲ့သည်။

ယခုတစ်ဖန် အတွင်းဝန်ရာထူးများ ပြန်လည်အသက်သွင်းလာပြီဖြစ်သည်။ ထိုသို့ပြုလုပ်ခြင်းသည် အုပ်ချုပ်ရေးနှင့် နိုင်ငံရေးအလွှာနှစ်ခုကြားတွင် ပေါင်း ကူးနိုင်ရန် ဖော်ဆောင်ခြင်းဖြစ်သည်ဟု ပညာရှင်များက ခန့်မှန်းကြသည်။ အတွင်းဝန်ဟူသည်မှာ မိမိတာဝန်ယူရသည့် ဝန်ကြီးဌာနအကြောင်း ထဲထဲဝင်ဝင်သိရှိ နားလည်ကာ လုပ်ငန်းကျွမ်းကျင်သူများဖြစ်ကြပြီး အောက်သက်ကျေ သည့် ဝန်ထမ်းအဖွဲ့ အကြီးအမှူးဖြစ် သည်ဟု နားလည်ထားကြသည်။

ဒီမိုကရေစီနိုင်ငံရေးစနစ်အရ သမ္မတနှင့် အစိုးရအဖွဲ့သည် သတ်မှတ်ကာလ တစ်ခုအထိသာ တာဝန်ယူရပြီး အတွင်းဝန်များကတော့ နိုင်ငံ့ဝန်ထမ်းဖြစ်သည့် အတွက် သတ်မှတ်ထားသည့် အငြိမ်းစားအသက်ပြည့်သည် အထိ မိမိတို့၏ မိခင်ဝန်ကြီးဌာနတွင် တာဝန်ယူရသူများဖြစ်သည်။ အခြေအနေတစ်ရပ်ရပ်အရ လက်ရှိတာ ဝန်ယူနေသည့် အစိုးရအဖွဲ့ ရပ်ဆိုင်းသွားလျှင်သော်လည်းကောင်း၊ အစိုးရတစ်ဖွဲ့နှင့်တစ်ဖွဲ့ အပြောင်းအလဲ ကာလတွင်သော်လည်းကောင်း နိုင်ငံ ၏အုပ်ချုပ်ရေးယန္တရား ပြိုလဲသွားခြင်းမရှိစေရန် ၎င်းတို့ကပင် ပဲ့ကိုင် ထိန်း မတ်ပေးကြရသူများဖြစ်သည်။

ထို့ကြောင့် ၎င်းတို့တာဝန်ယူရသည့် အခန်းကဏ္ဍသည် ကြီးမားကျယ်ပြန့်သဖြင့် အတွင်းဝန်တစ်ယောက်ဖြစ် ရန်မှာလည်း သာမန်အရည်အချင်းနှင့်ဖြစ်နိုင်ရန် မလွယ်ကူပေ။ ယခုအတွင်းဝန်ရာထူးများ ပြန်လည် ခန့်အပ် ရန် လက်ရှိဝန်ကြီးဌာန များတွင် ညွှန်ကြားရေးမှူးချုပ် တာဝန်ယူနေသူများထဲမှ ရွေးချယ်ကာ နေပြည်တော် တွင် ဇန်နဝါရီ ၁၉ ရက်မှစ၍ သင်တန်းပေးနေပြီဖြစ်သည်။ 

ဝန်ကြီးဌာနတစ်ခုစီမှ အရန်တစ်ဦးအပါအဝင် ညွှန် ကြားရေးမှူးချုပ်နှစ်ဦးစီ တက်ရောက်ကြသည်။

သို့သော် မြန်မာနိုင်ငံသည် စစ်အာဏာရှင်များလက်အောက်တွင် နှစ်ပေါင်း ၅၀ ကျော်ကြာနေခဲ့ရသဖြင့် စစ်တပ်မှ အရာရှိကြီးငယ်များက ယူနီဖောင်းချွတ်၍ မြန်မာနိုင်ငံ၏ အရပ်ဘက်အုပ်ချုပ်ရေးကဏ္ဍတွင် အရာရှိကြီးငယ်နေရာမှန်သမျှ မောင်ပိုင်စီးလာခဲ့သည်မှာလည်း နှစ်ပေါင်း ၅၀ ကျော် ကြာမြင့်ခဲ့ပြီဖြစ်သည်။

ယခင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အစိုးရလက်ထက်တွင်လည်း စစ်တပ်မှ အရာရှိများ၊ စစ်အစိုးရလက် ထက်တွင်လည်း စစ်တပ်မှ အရာရှိများနှင့် ယခုတစ်ဝက်တစ်ပျက် ဒီမိုကရေစီခေတ်တွင်လည်း ဟိုတစ်စ သည်တစ်စ စစ်တပ်မှအရာရှိများ အရပ်ဘက်ဌာနအသီးသီးတွင် နေရာဝင်ယူနေကြဆဲ ပင်ဖြစ်သည်။

ထို့ကြောင့် ယခု အတွင်းဝန်အဖြစ် ခန့်အပ်တာဝန်ပေးရန် သင်တန်းတက်နေသည့် ဌာနဆိုင်ရာအသီးသီး မှ ညွှန်ကြားရေးမှူးချုပ်များထဲမှ အများစုသည်လည်း စစ်အရာရှိဟောင်းများပင်ဖြစ်သည်။ ၎င်းတို့သည် အရပ်ဘက်ဌာနများသို့ အလယ်အလတ်အဆင့်အရာရှိဘဝမှစ၍ ဝင်ရောက်လာသူများဖြစ်သည့်အတွက် ဌာနတွင်း လုပ်ငန်းကျွမ်းကျင်မှုပိုင်းတွင် မေးခွန်းထုတ်စရာ ဖြစ်လာသည်။ ထို့အပြင် အရပ်ဘက်ဌာနများ၏ ထိပ်ပိုင်းအရာရှိ နေရာများတွင် တပ်ကဝင်၍နေရာယူကာ နှစ်ပေါင်း ၅၀ ကျော် စနစ်တကျအကွက်ကျကျ၊ ဖျက်ဆီးထားခဲ့၍ ယခုကဲ့သို့ အရေးကြီးသည့် တန်ဖိုးရှိသည့်နေရာများအတွက် အရပ်သားစစ်စစ် လူ့စွမ်းအား အရင်းအမြစ်ရှားပါးသွားခြင်း ဖြစ်သည်ဟုလည်း ပညာရှင်အချို့က သုံးသပ်သည်။

ထို့အပြင် နိုင်ငံရေးအစိုးရ စစ်စစ်ဖြစ်လာပါက နိုင်ငံ့တာဝန်ကို အခြားအဖွဲ့အစည်းပါတီများ တာဝန်ယူလျှင် မိမိတို့ယုံကြည်စိတ်ချရသူများကို ဝန်ကြီးဌာနများ၏ အဓိကနေရာတွင် ချန်ထားခဲ့ခြင်းအားဖြင့် နိုင်ငံကို စစ်တပ်က ဆက်လက်ခြယ်လှယ်နိုင်ရန် ကြံစည်ခြင်းဖြစ်သည်ဟု သုံးသပ်ကြသည်။

ထို့အပြင် လက်ရှိအစိုးရအဖွဲ့အတွင်းရှိ အချို့သောဝန်ကြီးအပေါ်တွင် သမ္မတ၏ သြဇာသက်ရောက်မှုမရှိ သဖြင့် သမ္မတက ၎င်း၏လူယုံများအား အတွင်းဝန်အဖြစ် ခန့်အပ်တာဝန်ပေးရခြင်းဖြစ်သည်ဟုလည်း ပြင် ပတွင် သတင်းများ ထွက်ပေါ်နေသည်။

‘‘ဟိုတစ်နေ့က သမ္မတကြီး တက်ရောက်အမှာစကားပြောတဲ့ အရာရှိကြီးများသင်တန်းမှာ တက်နေတဲ့ သူတွေထဲက သင့်လျော်သူများကို ရွေးချယ်တာဝန်ပေးမှာဖြစ်ပါတယ်။ တာဝန်ပေးပြီးမှပဲ ကျန်တဲ့အချက်တွေ ကို ဖြေလို့ရပါ့မယ်’’ဟု အတွင်းဝန်ဖြစ်မည့်သူများအား မည်ကဲ့သို့စံနှုန်းများဖြင့် ကိုက်ညီရွေးချယ်သည်လဲဆို သည့် မေးခွန်းကို သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြန်လည်ဖြေကြားသည်။

အတွင်းဝန်ရာထူးသည် ရာထူးအားဖြင့်သော်လည်းကောင်း၊ တာဝန်အားဖြင့်သော်လည်းကောင်း၊ လုပ်ပိုင် ခွင့်အားဖြင့်သော်လည်းကောင်း အတော်အတန်ကြီးမားသည့် ရာထူးတစ်ခုဖြစ်သည့်အတွက် အဆိုပါအချက် များကို အခွင့်ကောင်းယူ၍ ကိုယ်ကျိုးအသုံးချသူမဖြစ်သင့်ဘဲ ရိုးသားသူသာဖြစ်သင့်သည်ဟု နိုင်ငံရေးသိပ္ပံ ပညာရှင်တစ်ဦးက သုံးသပ်သည်။

ဌာနတစ်ခု၏မူဝါဒများ အကောင်အထည်ဖော်မှုအပိုင်း၊ အုပ်ချုပ်မှုအပိုင်း၊ ညှိနှိုင်းဆောင်ရွက်မှုအပိုင်းများတွင် အဓိကကျသည့်နေရာမှ တာဝန်ထမ်းဆောင် ကြမည့် အတွင်းဝန်များသည် ယင်းဌာနတွင် အောက်သက်ကျေ ရန်လိုအပ်ပြီး တပ်မတော်မှ ပြောင်းရွှေ့တာဝန်ထမ်းဆောင်သည့် လုပ်သက်ငါးနှစ် ၊ ခြောက်နှစ်ခန့်မျှနှင့် အဆင်မပြေနိုင်ဘဲ အနည်းဆုံး ဆယ်နှစ်ကျော်ကျော် တာဝန်ယူပြီးသူဖြစ်ရမည့်အပြင် အစိုးရနှစ်ဆက်ခန့် မီသူလည်း ဖြစ်ရန်လို အပ်သည်ဟု အတွင်းဝန်တစ်ယောက်ဖြစ်ရန် အနည်းဆုံးလိုအပ်ချက်များကို အထက်ပါ ပညာရှင်က ထောက်ပြသည်။

အတွင်းဝန်များသည် ရွေးကောက်ပွဲအရဖြစ်လာသည့် ဝန်ကြီး၊ ဒုဝန်ကြီးများအား ဌာနဆိုင်ရာအချက်အလက် များ အကြံဉာဏ်ပေးခြင်း၊ ချမှတ်လိုက်သည့်မူဝါဒများ ဌာနနှင့်ကိုက်ညီမှု ရှိ၊ မရှိ ပြန်လည်ပြောပြခြင်းများ ပြု လုပ်နိုင်ရမည်ဖြစ်သည်။

‘‘အင်္ဂလန်မှာ အတွင်းဝန်တွေရှိတယ်။ ဝန်ကြီးတွေကို အကြံပေးတယ်။ ကျွမ်းကျင်သူတွေပေါ့။ ဒီစနစ်က အုပ်ချုပ်ရေးနဲ့ နိုင်ငံရေး ပေါင်းစပ်တာပါ’’ဟု သမ္မတအကြံပေး ပါမောက္ခဒေါက်တာအောင်ထွန်းသက် ကပြောသည်။

မြန်မာနိုင်ငံတွင် အတွင်းဝန်ရာထူးများအား ယခုမှ ပြန်လည်အသုံးပြုရန် ပြင်ဆင်နေခြင်းဖြစ်သည့် အတွက် ဖြစ်လာမည့် အတွင်းဝန်များသည် အထက်ပါ အရည်အချင်းများ ရှိ၊ မရှိဆိုသည်ကို စောင့်ကြည့်လေ့ လာရမည်ဖြစ် သည်။ ဖြစ်လာသည့် အတွင်းဝန်သည် ကိုယ်ကျိုးရှာသူ၊ မောက်မာသူ၊ အာဏာပြသူ (သို့မဟုတ်) မလုပ်၊ မရှုပ်၊ မပြုတ်နေသူဖြစ်ပါက ထိုဌာနပင် နစ်နာမည်ဖြစ်သည်။ ဌာနနစ်နာပါက တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှုလည်း နစ်နာမည်ဖြစ်သည်။

‘‘အရေးကြီးတာက စဖြစ်ဖို့ပဲလိုတာပါ။ နောင်ငါးနှစ်၊ ဆယ်နှစ်လောက်ဆိုရင်တော့ အသားကျသွားမှာပါ။ အခုလည်း အရည်အချင်းရှိတဲ့သူ၊ အတွေးအခေါ်ရှိတဲ့ သူတွေကိုပဲ အကောင်းဆုံးရွေးထားမယ်ထင်ပါ တယ်’’ဟု ဒေါက်တာအောင် ထွန်းသက်က ပြောသည်။

အုပ်ချုပ်ရေးပိုင်းတွင် ပြည်သူနှင့် အနီးစပ်ဆုံး၊ အနိမ့်ဆုံးအုပ်ချုပ်မှုအဆင့်ဖြစ်သည့် ရပ်ကွက်ကျေးရွာအုပ် ချုပ်ရေးမှူးများသည်ပင်လျှင် ဥပဒေတစ်ခုပြဋ္ဌာန်း၍ ခန့်အပ်ရွေးချယ်ရသည်။ သို့ဆိုပါလျှင် ဝန်ကြီးဌာနတစ်ခု၏ ဝန်ထမ်းအဖွဲ့ အကြီးဆုံးရာထူးဖြစ်သည့် အတွင်းဝန်များအတွက်လည်း အတွင်းဝန်များခန့် အပ်ခြင်း ဥပဒေ တစ်ရပ် ပြဋ္ဌာန်း၍ ဆောင်ရန်၊ ရှောင်ရန်များ သတ်မှတ်ပြီးမှ သာလျှင် အကောင်အထည်ဖော်သင့်သည် ဟု နိုင်ငံရေးလေ့လာသုံးသပ်သူများက သုံးသပ်သည်။

ထို့ကြောင့် ယခုဖြစ်လာမည့် အတွင်းဝန်များသည် နိုင်ငံအပေါ်၊ ဌာနအပေါ်တွင် အမှန်တကယ် တာဝန်ကျေ ပွန်ကာ ရိုးသားသူများ ဟုတ်၊ မဟုတ်ကိုမူ စောင့်ကြည့် ရဦးမည်ဖြစ်ပေသည်။

 7Day News Journal

No comments:

Post a Comment

My Blog List