Wednesday, September 03, 2014

ထိုင်းရောက် မြန်မာ ရှစ်သိန်းကျော် အခက်အခဲ ဖြေရှင်းပေးရန် MWRN တောင်းဆို


ထိုင်းနိုင်ငံတွင် ဗီဇာသက်တမ်းကုန် အလုပ်သမား ရှစ်သိန်းခန့် တရားဝင် မှတ်ပုံတင်ရာတွင် ပွဲစားများနှင့် လုပ်ကိုင်ရန်မလိုဘဲ အလုပ်သမားကိုယ်တိုင် လုပ်နိုင်ရေး စီစဉ်ပေးရန် မြန်မာနိုင်ငံ အစိုးရကို ထိုင်းနိုင်ငံ အခြေစိုက် ရွှေ့ပြောင်း အလုပ်သမား အခွင့်အရေးကွန်ရက် (MWRN) က စက်တင်ဘာလ ၁ရက်နေ့တွင် တောင်းဆိုလိုက်သည်။ 

ဗီဇာသက်တမ်း တိုးရာတွင် နိုင်ငံသားစိစစ်ပြီး ဖြစ်သော်လည်း နိုင်ငံသား ထပ်မံစိစစ်ခြင်း၊ ယာယီ နိုင်ငံကူးလက်မှတ်ကို ပုံမှန် နိုင်ငံကူးလက်မှတ် (စာအုပ်အနီ) အဖြစ် ပြောင်းလဲ ထုတ်ပေးခြင်း၊ မြန်မာနိုင်ငံသို့ ပြန်ခိုင်းခြင်း လုပ်ဆောင်နေသဖြင့် ယင်းသို့ တောင်းဆိုခြင်း ဖြစ်ကြောင်း MWRN ဥက္ကဋ္ဌ ဦးစိန်ဌေးက ပြောကြားသည်။

ထိုင်းအစိုးရကလည်း အထောက်အထားမဲ့ နိုင်ငံခြားသားများကို တစ်နှစ် ယာယီနေထိုင်ခွင့်များ ဆောင်ရွက်ပေးနေရာ ယာယီနေထိုင်ခွင့်ရရှိရေး လျှောက်ထားသူ မြန်မာသုံးသိန်းခန့် ရှိနေပြီ ဖြစ်ကြောင်း ၎င်းကဆိုသည်။

ဗီဇာသက်တမ်းကုန် မြန်မာ ငါးသိန်းခန့် ရှိသဖြင့် စုစုပေါင်း မြန်မာ ရှစ်သိန်းခန့်မှာ တရားဝင် အထောက်အထား ရရှိရန် လိုအပ်နေသဖြင့် မှတ်ပုံတင်ရေး လုပ်ငန်းစဉ်တွင် အဆင်ပြေရန် လွယ်ကူရှင်းလင်းစွာ လုပ်ဆောင်နိုင်ရန် စီစဉ်ပေးရန် လိုအပ်ကြောင်း MWRN တောင်းဆိုချက်တွင် ဖော်ပြသည်။

ယာယီနိုင်ငံကူး လက်မှတ်အစား ပုံမှန် နိုင်ငံကူးလက်မှတ် ထုတ်ပေးသည့် လုပ်ငန်းစဉ်ကို ဖျက်သိမ်းကာ ယာယီနိုင်ငံကူး လက်မှတ်ကိုသာ သက်တမ်း တိုးပေးရန်၊ သက်တမ်းတိုးရာတွင် အလုပ်ရှင်၊ အလုပ်သမားကိုယ်တိုင် လုပ်နိုင်အောင် စီစဉ်ပေးရန်၊ ပွဲစားများကို အရေးယူပေးရန်၊ သတင်းအချက်အလက်များ ကျယ်ပြန့်စွာ ထုတ်ပေးရန်၊ ဗီဇာသက်တမ်းလွန် အလုပ်သမားများကို အရေးယူ မခံရအောင် ထိုင်းအစိုးကို ညှိနှိုင်းပေးရန် MWRN က အစိုးရကို တောင်းဆိုထားသည်။

ထိုင်းအစိုးရက လုပ်ဆောင်ပေးနေသည့် အထောက်အထားမဲ့များ ယာယီနေထိုင်ခွင့် လျှောက်ထားခွင့်မှာ စက်တင်ဘာလ ၂၁ ရက်နေ့တွင် သက်တမ်း ကုန်ဆုံးမည် ဖြစ်ပြီး ယာယီနေထိုင်ခွင့် ရရှိထားသူများသည် ၂၀၁၅ ခုနှစ် မတ်လမတိုင်မီ မှတ်ပုံတင်ရမည် ဖြစ်သည်။ ယင်းကာလတွင် မှတ်ပုံမတင်ပါက တရားဝင် အထောက်အထား ရရှိမည် မဟုတ်ကြောင်း ထိုင်းရောက် မြန်မာများထံမှ သိရှိရသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ အလုပ်သမား ညွှန်ကြာရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ထံ ဆက်သွယ် မေးမြန်းသော်လည်း ဖုန်းပြန်လည် ဖြေဆိုခြင်း မရှိခဲ့ပေ။

The Voice Weekly

No comments:

Post a Comment

My Blog List