Thursday, September 04, 2014

ဘုံသဘောတူသည့် နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်ရရေး ပါတီအချို့ စတင်ကြိုးပမ်း


တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုပြီးနောက် ရှေ့ဆက်သွားရမည့် နိုင်ငံရေးဆွေးနွေးပွဲတွင် မြန်မာနိုင်ငံရှိ မှတ်ပုံတင်ပြီးသော ပါတီ ၆၇ ပါတီလုံး၏ သဘောဆန္ဒနှင့် ညီမျှသည့် နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်တစ်ခု ဖြစ်လာစေရေး ကြိုးပမ်းသွားမည်ဟု အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောသည်။

ရန်ကုန်မြို့တွင် စက်တင်ဘာ ၃ ရက်က ပြုလုပ်သည့် ပါတီ ၃၃ ခု ပါဝင်သော နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်ဆိုင်ရာ ဆွေးနွေးပွဲအပြီးတွင် ယင်းသို့ ပြောခြင်းဖြစ် သည်။

“ဆွေးနွေးပွဲ အောင်မြင်ပါတယ်။ နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်ဖြစ်အောင် တွန်းအားပေးပြီး လုပ်ဆောင် သွားမယ်။အခြေခံအချက်တွေကတော့ ဖက်ဒရယ်ပြည်ထောင်စုဖြစ်ပေါ်ရေး၊ ဒီမိုကရေစီရေးနဲ့ ကိုယ်ပိုင်ပြ ဋ္ဌာန်းခွင့် ရရှိလာရေးပေါ် မူတည်ပြီး ရှေ့လာမယ့် အပတ်တွေမှ ၆၇ ပါတီလုံးကို ဖိတ်ပြီးတော့ နိုင်ငံရေး အကြို ဆွေးနွေးပွဲ လုပ်ပြီး ဆုံးဖြတ်ကြမယ်” ဟု ဦးခင်မောင်ဆွေက ပြောသည်။

စက်တင်ဘာ ၁၃ ရက်နှင့် ၁၄ ရက်တွင် နိုင်ငံရေးပါတီများအားလုံးနှင့် တွေ့ဆုံနိုင်ရန် စီစဉ်ထားခြင်းဖြစ် သည်။

ယနေ့ဆွေးနွေးပွဲသို့ တက်ရောက်သည့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ ဗဟိုအလုပ်အမှု ဆောင်ကော်မတီဝင် ဦးဟန်ရွှေက “နိုင်ငံရေးဆွေးနွေးပွဲလာတဲ့ အခါကျရင် မူဘောင်ဆွဲတဲ့အခါ အဓိက အားဖြင့် နိုင်ငံရေးမူဘောင် လုပ်တဲ့အခါကျရင် ဘယ်သူတွေ ပါကြမှာလဲ။ ဘာတွေ ဆွေးနွေးမှာလဲ စသဖြင့် ဘယ်တိုင်းရင်းသားတွေရဲ့ လိုအင်ဆန္ဒတွေက ဘာတွေလဲ။ ဒီနေ့နိုင်ငံမှာဖြစ်နေတဲ့ အရေးကြီး ကိစ္စတွေ ဘာတွေလဲ။ အဲဒါတွေကို အကြောင်းအရာ သတ်မှတ်ပြီး ပြောကြဆိုကြမှာ။ အဲဒါတွေ ဆွေးနွေး ဖို့ အားလုံးပါဝင်ကြပါ”ဟု ပြောသည်။

NLD နှင့် ပြည်ခိုင်ဖြိုး ပါစေလို

အင်အားကြီးပါတီများ ပူးပေါင်းလာစေလိုပြီး ယင်းသို့သော ဆွေးနွေးပွဲများကို နိုင်ငံရေးပါတီကြီးများပါ ပူးပေါင်း ပါဝင်စေလိုသည်ဟု တိုင်းရင်းသားပါတီအချို့၏ ခေါင်းဆောင်များက မဇ္ဈိမကို ပြောသည်။

ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီ ဥက္ကဋ္ဌ ဦးအောင်သန်းတင့်က “ပါတီကြီးတွေက ဒီကိစ္စ (Political Dialogue Framework နိုင်ငံရေးဆွေးနွေးပွဲမူဘောင်)မှာ သီးခြား ရပ်တည်နေတဲ့ သဘောရှိတယ်။ NLD ပြီးတော့ ပြည်ခိုင်ဖြိုး”ဟု ပြောသည်။

သြဂုတ်လ ၁၁ ရက်တွင် အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီက အပစ်ရပ်ပြီးနောက် နိုင်ငံရေးဆွေးနွေးပွဲပြုလုပ်ရန် မူဘောင်နှင့် ပတ်သက်၍ နိုင်ငံရေးပါတီ ၆၆ ပါတီကို ဖိတ်ကြားဆွေးနွေးခဲ့သော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ်တို့ ၀င်ရောက် ဆွေးနွေးခြင်း မရှိဟု ၎င်းက ပြောသည်။

ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်း NBF ဒု-ဥက္ကဌ ဦးစောသန်းမြင့်က လာမည့် တွေ့ဆုံပွဲတွင် ပါတီအားလုံး ပါဝင်ရန် ဖိတ်ကြားမည်ဟု ပြောသည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ် အမှုဆောင် ဦးထွန်းထွန်းဟိန်ကမူ ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် သာမန်ဖိတ်ကြားမှုမျိုးသာရသည်ဟု ပြောသည်။

“သာမန်ဖိတ်စာပဲ ပို့တယ်။ ဘယ်လိုပါဝင်စေချင်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း ပြောရမယ်။ မပြောတော့ အစည်းအဝေးကို သွားတယ်။ ဧည့်သည်လိုပဲ ပြန်လာတယ်” ဟု ၎င်းက ဆိုသည်။

ဖိတ်ကြားသူများက NBF ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ဦးတည်ကာ ဆွေးနွေးရမည့် အခန်း ကဏ္ဍကိုပါ တိကျစွာ ပြောကြားပါက ဥက္ကဋ္ဌကိုယ်တိုင် တက်ရောက်ဆွေးနွေးပါလိမ့်မည်ဟု ဦးထွန်းထွန်းဟိန်က ပြောသည်။

တိုင်းရင်းသားတို့ အသံတူဖို့ လို

တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ၏ ဥက္ကဋ္ဌအဖြစ် ကချင်လွတ်မြောက်ရေးအဖွဲ့ စစ်ဦးစီးချုပ် အင်ဘန်လ ဆက်လက်တာဝန်ယူမည့် ကာလအတွင်း နိုင်ငံရေးဆွေးနွေးပွဲများနှင့် ပတ်သက် သည့် ဘုံရပ်တည်ချက် ထွက်ပေါ်လာရန် လုပ်ဆောင်ရမည်ဟု နိုင်ငံရေး လေ့လာသုံးသပ်သူများကလည်း ပြောသည်။

နိုင်ငံရေး လေ့လာသုံးသပ်သူတစ်ဦး ဖြစ်သည့် ဦးသန်းစိုးနိုင်က “UNFC က အဖွဲ့တွေ အများကြီးပါဝင်တဲ့ အတွက် အယူအဆတွေ၊ ခံယူချက်တွေ ကွဲပြားနိုင်ပါတယ်။ ဒါပေမဲ့ အားလုံးသဘောတူညီနိုင်တဲ့ ဘုံသဘောထားတွေ ချမှတ်ပြီး အတည်ပြုနိုင်ဖို့ လိုပါတယ်”ဟု ပြောသည်။

တိုင်းရင်းသားတပ်ဖွဲ့များသည် ကိုယ်ပိုင်သဘောထားရပ်တည်ချက်များ ရှိနိုင်ပြီး ရပ်တည်ချက် ဘုံသဘော ထား တစ်ခုရရှိမှသာ နိုင်ငံရေးဆွေးနွေးပွဲတွင် အားလုံး သဘောတူညီသည့် ရလဒ်များထွက်ပေါ်လာ မည်ဖြစ်သည်ဟု နိုင်ငံရေးလေ့လာ သုံးသပ်သူ ဦးကျော်လင်းဦးက ဆိုသည်။

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်တို့သည် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး သဘောတူ စာချုပ် ချုပ်ဆိုနိုင်ရေး ညှိနှိုင်းရန် အချက်အနည်းငယ်သာ ကျန်သည့် အခြေအနေတွင် ရှိသည်။ စာချုပ် ချုပ်ဆိုပြီးပါက နိုင်ငံရေးဆွေးနွေးနိုင်ရန် မူဘောင်ချခြင်း၊ နိုင်ငံရေး ဆွေးနွေးခြင်းတို့ ပြုလုပ်မည်ဟု မျှော်မှန်းထားကြသည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List