Thursday, September 04, 2014

ပျဉ်းမနားဈေးအနီး ရွှေဆိုင်နှစ်ဆိုင်နှင့် ဈေးဆိုင်ငါးဆိုင် မီးလောင်


နေပြည်တော် ပျဉ်းမနားမြို့နယ် မင်္ဂလာရပ်ကွက် ဗိုလ်လက်ျာလမ်းနှင့် ဗိုလ်မင်းခေါင်လမ်းထောင့် (ပျဉ်းမ နားဈေးကြီး အရှေ့မြောက်ထောင့်) ရှိ ရွှေဆိုင်နှစ်ဆိုင်နှင့် ဈေးဆိုင် ၅ ဆိုင်ကို စက်တင်ဘာလ ၃ ရက်နေ့ နံနက် ၂ နာရီက မီးလောင်ကျွမ်းခဲ့ကြောင်း ပျဉ်းမနားမြို့နယ်မီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန်သည်။

အဆိုပါ မီးလောင်ကျွမ်းမှုသည် နံနက် ၂ နာရီ မတိုင်မီက စတင်ခဲ့ခြင်း ဖြစ်ပြီး ပတ်ဝန်းကျင်မှ ကျိတ်၍ ငြှိမ်းသတ်နေသည်ကို တွေ့ရှိရပြီး ရပ်ကွက်နေ ဆယ်တန်းကျောင်းသားတစ်ဦးက ပျဉ်းမနား မီးသတ်ရုံး ခွဲသို့ အကြောင်းကြား ခဲ့ရကြောင်း မီးလောင်မှု ဖြစ်ပွားရာ ရပ်ကွက်တွင် နေထိုင်သူ ၁၈ နှစ်အရွယ်ရှိ ကျောင်းသားတစ်ဦးက ပြောကြားသည်။

“မီးသတ်ကားသုံးစီး ရောက်လာတယ်။ နိုင်တယ်ဆိုပြီး ငြှိမ်းလိုက်တာ မနိုင်တော့လို့ နေပြည်တော် မီးသတ်ရုံးက ဖုန်းနံပါတ်ပေးပြီး ရပ်ကွက်က လူတွေကို ဖုန်းဆက်ခိုင်းတယ်” ဟု ၎င်းကဆိုသည်။

မီးလောင်မှုကြောင့် ဦးသာရရွှေဆိုင်နှင့် ရွှေမြင်းပျံရွှေဆိုင်မှ ရွှေထည်ပစ္စည်းများကို အချိန်မီ သိမ်းယူနိုင်၍ ဆုံးရှုံးမှုမရှိကြောင်း ခရိုင်မီးသတ်တပ်ဖွဲ့မှူး ရဲကျော်စွာ ဦးဝင်းမြင့်က ဆိုသည်။“ငွေပဒေသာ အရုပ်ဆိုင်မှာ အမွှေးတိုင်ကနေ မီးပွားကျပြီး စလောင်တယ်လို့ စစ်ဆေး သုံးသပ်ထားပါတယ်” ဟု ဦးဝင်းမြင့်က ဆိုသည်။

လက်ရှိတွင် လောင်ကျွမ်းမှု စတင်ခဲ့သည့် ဆိုင်ကိုသိရှိရန် ဆိုင်ပိုင်ရှင် အချို့ကို စစ်ဆေးနေသောကြောင့် အချက်အလက် အတိအကျ ထုတ်ပြန်ရန် မဖြစ်နိုင်သေးကြောင်း၊ တွက်ချက်မှုများအရ ဆုံးရှုံးမှုတန်ဖိုးမှာ ကျပ် ၁၂၅ သိန်းခန့် ရှိကြောင်း ၎င်းက ထပ်လောင်းဆိုသည်။

မီးလောင်ချိန်တွင် မိုးရွာသွန်းမှု အနည်းငယ် ရှိခဲ့သော်လည်း ၃ နာရီ ၁၅ မိနစ်တွင် မီးညွန့်များ ငြှိမ်းသတ်နိုင်ခဲ့ပြီး နံနက် ၇ နာရီတွင် မီးစအကြွင်းအကျန်များကို ရှင်းလင်း ငြိမ်းသတ်နိုင်ခဲ့ကြောင်း မီးသတ်ဦးစီဌာနထံမှ သတင်းရရှိသည်။

ဦးသာရရွှေဆိုင်၊ ရွှေမြင်းပျံရွှေဆိုင် အပါအဝင် Huawei ဖုန်းဆိုင်၊ ပွင့်ဖြူစတိုး၊ အိမအအေးဆိုင်၊ ငွေပဒေသာ အရုပ်ဆိုင်တို့ ပြင်းထန်စွာ လောင်ကျွမ်းခဲ့ပြီး ဟုတ်စိန်ခေါက်ဆွဲဆိုင်ကို အနည်းငယ် လောင်ကျွမ်းခဲ့ကြောင်း ယင်းဌာနမှ ထုတ်ပြန်ပြောကြားသည်။

မီးလောင်ကျွမ်းမှုကြောင့် နေပြည်တော်၊ ပျဉ်းမနားနှင့် လယ်ဝေးမှ မီးသတ်ကား အစီး ၃၀ နှင့် မီးသတ် တပ်ဖွဲ့ဝင် ၃၀ ဦး အပါအဝင် သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၁၈၀ အင်အားဖြင့် ငြှိမ်းသတ်ခဲ့ရကြောင်း ခရိုင် မီးသတ်တပ်ဖွဲ့မှူးက ဆိုသည်။

The Voice Weekly

No comments:

Post a Comment

My Blog List