Wednesday, September 03, 2014

သမ္မတလက်မှတ်ထိုးရန်သာ ကျန်ရှိတော့သည့် အမျိုးသားပညာရေး ဥပဒေ မူကြမ်းကို တက္ကသိုလ်ကျောင်းသားသမဂ္ဂများ စုပေါင်း၍ ဒဂုံတက္ကသိုလ် ကျောင်းဝင်းအတွင်း ဆန္ဒပြ


ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြီးဖြစ်ကာ ဥပဒေအတည်ဖြစ်ရန် နိုင်ငံတော်သမ္မတ လက်မှတ် ရေးထိုးရန်သာ ကျန်ရှိတော့သည့် အမျိုးသားပညာရေးဥပဒေမူကြမ်းကို ရန်ကုန်တိုင်းအတွင်းရှိ ကျောင်း သားသမဂ္ဂများမှ ကျောင်းသားများစုပေါင်း၍ ဒဂုံတက္ကသိုလ်တွင် စက်တင်ဘာ ၂ ရက်က ကန့်ကွက် ဆန္ဒပြခဲ့ကြသည်။

ဆန္ဒပြမှုတွင် စီးပွားရေးတက္ကသိုလ်၊ ရေကြောင်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်၊ နည်းပညာ တက္ကသိုလ် စသည့်တက္ကသိုလ်များမှ ကျောင်းသားသမဂ္ဂများ၊ အမျိုးသားပညာရေး ဥပဒေကြမ်းကို ကန့်ကွက်ကြသည့် ကျောင်းသား၊ ကျောင်းသူ ၁၀၀ ၀န်းကျင်ပါဝင်ခဲ့ပြီး “အမျိုးသားပညာရေးကော် မရှင် ဖျက်သိမ်းပေး” “အဆင့်မြင့်ပညာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ အလိုမရှိ” “ကျောင်းသားသမဂ္ဂများ လွတ်လပ်စွာဖွဲ့စည်းခွင့်ရရှိရေး” “အစိုးရ၊ လွှတ်တော်နှင့် ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER)တို့ တွေ့ဆုံညှိနှိုင်းရေး” စသည်ဖြင့် လှည့်လည်ကြွေးကြော် ဆန္ဒပြခဲ့သည်။

အမျိုးသားပညာရေး ဥပဒေမူကြမ်း၏ ကြိုးဆွဲရာကရသည့် သဏ္ဌာန်မျိုးအဖြစ် ဘွဲ့ဝတ်စုံဝတ်ဆင်ထားပြီး မျက်လုံး၊ ပါးစပ်များကို အ၀တ်များဖြင့် စည်းနှောင်ခံထားရသည့် ကျောင်းသားသုံးဦးက ဆန္ဒပြတန်း၏ ရှေ့ဆုံးတွင် ပါဝင်ပြီး ၎င်းတို့၏နောက်မှ ကျောင်းသားများက လက်ရှိပညာရေးစနစ်အား ရှုတ်ချကြောင်း နှင့် လွှတ်တော်ကအတည်ပြုပြီးဖြစ်သော အမျိုးသားပညာရေး ဥပဒေအား အလိုမရှိကြောင်း ဆိုင်းဘုတ် များ ကိုင်ဆောင်ကာ စီတန်းလှည့်လည် ဆန္ဒပြခဲ့ကြသည်။

ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ ကိုမင်းသုခက “ပညာရေးဥပဒေကောင်းရင် ပညာရေးစနစ် ကောင်းတယ်။ အခုက ကျွန်တော်တို့ကျောင်းသားတွေ ဆရာတွေရဲ့အသံကိုမယူဘဲ အမျိုးသားပညာရေး ဥပဒေကြမ်းကို လွှတ်တော်က အတည်ပြုလိုက်ပါပြီ။ ဒါကိုပြင်ဆင်ပေးဖို့ ဆန္ဒပြရခြင်းဖြစ်တယ်။ 

ဒီကျောင်းမှာတက်နေတဲ့ ကျောင်းသားတွေက သောင်းဂဏန်းရှိတယ်။ အခုကန့်ကွက်ဆန္ဒပြနေကြတဲ့ သူတွေက ရာဂဏန်းပဲရှိပါတယ်။ ကျောင်းသားတွေကို အပြင်ထွက်လို့မရအောင် တံခါးတွေပိတ်ထားတာ မဖြစ်သင့်ပါဘူး။ ဒဂုံတက္ကသိုလ်ပါ။ ဒဂုံထောင်မဟုတ်ပါဘူး” ဟု ဆန္ဒပြနေသည်ကို အဆောင်အတွင်း မှကြည့်နေသည့် ကျောင်းသားများကို ပြောကြားသည်။ 

ဆန္ဒပြကျောင်းသားများက ကျောင်းဝင်းအတွင်းရှိ အဆောင်များကို လှည့်လည် စီတန်းကာ အမျိုးသား ပညာရေးဥပဒေကြမ်းကို ကန့်ကွက်ဆန္ဒပြရသည့် အကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီး အဆောင် တွင်းမှ ကြည့်ရှုနေကြသည့် ကျောင်းသား၊ သူများကို ပူးပေါင်းပါဝင်ရန် တိုက်တွန်းပြောဆိုခဲ့သော်လည်း ပူးပေါင်းပါဝင်ခဲ့သည့် ကျောင်းသားဦးရေ အနည်းငယ်သာရှိခဲ့သည်။

“ပူးပေါင်းပါဝင်မှု နည်းနိုင်ပါတယ်။ ကျောင်းသားတွေအပါအ၀င် သူတို့မိဘတွေဟာလည်း နှစ်ငါးဆယ် ကြာ ဆင်းရဲအောင်၊ ကြောက်အောင်၊ ပညာမတတ်အောင် စနစ်တကျ ဖျက်ဆီးခံခဲ့ရတဲ့ နှစ်ငါးဆယ်ကြာ အာဏာရှင်စနစ်ဆိုးအောက်မှာ နေခဲ့ရတာကို ကျွန်တော်တို့က သူတို့ကို ဆရာတွေက မပါဝင်နိုင်အောင် လို့ ပိတ်ထားတဲ့ ကျောင်းတံခါးတွေကိုဖွင့်ပေးဖို့ ပြောနိုင်ခဲ့ပါတယ်။ သူတို့မပါဝင်လာတာကတော့ သူတို့ ရဲ့ယုံကြည်မှုနဲ့ တာဝန်ပါ။ ကျောင်းသားအားလုံး ပါဝင်တဲ့နေ့ကတော့ ကျွန်တော်တို့အောင်မြင်မှုပေါ့ဗျာ” ဟု ကွန်ပျူတာတက္ကသိုလ် ကျောင်းသားသမဂ္ဂမှ ကိုရဲဇာနည်ထွန်းက ဆိုသည်။

အမျိုးသားပညာရေး ဥပဒေမူကြမ်းကို စက်တင်ဘာ ၂ ရက် တစ်နေ့တည်းတွင် ဒဂုံတက္ကသိုလ်အပြင် ထားဝယ်တက္ကသိုလ်၌လည်း ဆန္ဒပြခဲ့ပြီး မြန်မာ တစ်နိုင်ငံလုံးရှိ တက္ကသိုလ်အချို့၌လည်း ဆန္ဒပြမှုများ ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

Eleven Media Group 

No comments:

Post a Comment

My Blog List