Wednesday, September 03, 2014

အီဘိုလာရှိ၊ မရှိ မိနစ် ၃၀ အတွင်း စမ်းသပ်နိုင်သည့်နည်းကို ဂျပန်ပညာရှင်များ တီထွင်


အီဘိုလာဗိုင်းရပ်စ် ကူးစက်ခံထားရခြင်း ရှိ၊ မရှိ မိနစ် ၃၀ အတွင်း စမ်းသပ်သိရှိနိုင်မည့် နည်းလမ်းအသစ် ကို ထပ်ဆင့်တီထွင်နိုင်ခဲ့ပြီဟု ဂျပန်သိပ္ပံပညာရှင်များက ယနေ့ ကြေညာလိုက်ကြောင်း CNA သတင်း ဌာနတွင် ဖော်ပြထားသည်။

၎င်းတို့ ထပ်ဆင့်တီထွင်နိုင်ခဲ့သော နည်းလမ်းအသစ်သည် အီဘိုလာဗိုင်းရပ်စ်ပိုး အကြီးအကျယ် ပျံ့နှံ့ လျက်ရှိသော အနောက်အာဖရိကတွင် လက်ရှိသုံးစွဲနေသည့် နည်းလမ်းထက် ကုန်ကျစရိတ်လည်း သက်သာမည်ဟု နာဂါဆာကီ တက္ကသိုလ်မှာ ပါမောက္ခ ဂျီရိုယာဆူဒါ ခေါင်းဆောင်သော သုတေသန အဖွဲ့က ပြောကြားသည်။

“ကျွန်တော်တို့ ထပ်ဆင့်တီထွင်ထားတဲ့ နည်းလမ်းအသစ်က အခုသုံးနေတဲ့ စမ်းသပ်နည်းထက် ပိုမိုရိုး ရှင်းပြီး တန်ဖိုးကြီး စမ်းသပ်ကိရိယာတွေ မရှိတဲ့ တိုင်းပြည်တွေမှာလည်း အသုံးပြုလို့ ရပါတယ်” ဟု ယာဆူဒါက ပြောကြားသည်။

“ခုချိန်ထိတော့ ကျွန်တော်တို့ နည်းလမ်းနဲ့ ပတ်သက်ပြီး စုံစမ်းမေးမြန်းတာတို့၊ အသုံးပြုခွင့်ပေးဖို့ တောင်း ခံတာတို့ မရှိသေးပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ နည်းလမ်းကို အသုံးပြုကြဖို့ ကမ်းလှမ်းချင်ပါတယ်” ဟု လည်း ၎င်းက ပြောကြားသည်။

၎င်းတို့ သုတေသနအဖွဲ့သည် သွေးနမူနာ၊ သို့မဟုတ် ခန္ဓာကိုယ်မှထွက်သည့် အခြားအရည်များထဲရှိ အီဘိုလာ ဗိုင်းရပ်စ်ပိုး ပါဝင်သည့် မျိုးဗီဇကို ပိုမိုထင်ရှားလာအောင် လုပ်ဆောင်ပေးနိုင်သည့် အခံဆေး တစ်မျိုးကို ဆင့်ပွားတီထွင်နိုင်ခဲ့ခြင်း ဖြစ်သည်ဟုလည်း မစ္စတာယာဆူဒါက ပြောကြားသည်။

လက်ရှိ ဆေးလောကတွင် ရှိပြီးသား နည်းစနစ်များကိုအသုံးပြုကာ သွေးနမူနာ တစ်ခုအတွင်းရှိ မျိုးဗီဇခွဲခြားရာ၌ အသုံးပြုသော ဇီဝမော်လီကျူး (RNA) များကို သွေးအတွင်း ရှိနေသော ဗိုင်းရပ်စ်များ (မည်သည့် ဗိုင်းရပ်စ်မျိုးမဆို) ထံမှမဆို ခွဲထုတ်ရမည် ဖြစ်ကြောင်း၊ ထို့နောက် ထို RNA ကို အခံဆေးဖြင့် ရောနှောနိုင်သော DNA နှင့်ပေါင်းစပ်ပြီး အပူချိန် ၆၀ မှ ၆၅ ဒီဂရီ ဆဲလ်စီးရပ်စ်အတွင်း ပေးခြင်းဖြင့် ထိုသွေးနမူနာတွင် အီဘိုလာဗိုင်းရပ်စ် ရှိနေပါက ဗိုင်းရပ်စ် ကူးစက်ခံထားရသော DNA သည် အခံဆေး ၏ လုပ်ဆောင်မှုကြောင့် မိနစ် ၃၀ အတွင်း ပေါ်လာမည် ဖြစ်သည်ဟု ပါမောက္ခယာဆူဒါက ပြောကြား သည်။

လက်ရှိအချိန်တွင် PCR ဟုခေါ်သော နည်းလမ်းကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလျက်ရှိပြီး ထိုနည်းလမ်း အရ ဆရာဝန်များသည် သွေးနမူနာကို ထပ်ခါ၊ ထပ်ခါ အပူပေးလိုက်၊ အအေးခံလိုက် လုပ်ရန် လိုအပ် သည့်အပြင် အီဘိုလာဗိုင်းရပ်စ် ရှိ၊ မရှိ သိရှိနိုင်ရန် အချိန် ၂ နာရီခန့်အထိ ယူနေရသည်။

၎င်းတို့၏ နည်းလမ်းသစ်ကို အသုံးပြုပါက စွမ်းအင် အနည်းငယ်သာ သုံးစွဲရန် လိုအပ်မည့်အပြင် ကုန်ကျစရိတ် အနေနှင့်လည်း ဒေါ်လာ ရာဂဏန်းမျှသာ ကုန်ကျမည် ဖြစ်သည်ဟုလည်း ယာဆူဒါက ထပ်လောင်း ပြောကြားသည်။

အီဘိုလာ ဗိုင်းရပ်စ်ပိုးသည် ခန္ဓာကိုယ်မှထွက်သည့် အရည်များမှတဆင့် ကူးစက်သော ရောဂါပိုးဖြစ်ပြီး ယင်းရောဂါပိုးကြောင့် အသက်ဆုံးရှုံးရ သူပေါင်းမှာ ၁၅၀၀ ကျော်အထိ ရှိသွားပြီ ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment

My Blog List