Thursday, September 04, 2014

လီဆူတိုင်းရင်းသားများ မှတ်ပုံတင်ရရှိရေး ပြည်ထောင်စုအစိုးရသို့ ယခုလအတွင်းတင်ပြမည်


မှတ်ပုံတင်မရရှိသေးသော လီဆူတိုင်းရင်းသားများကို သက်ဆိုင်ရာဒေသ အလိုက် စိစစ်နေပြီး စာရင်းပြုစု ပြီးပါက ပြည်ထောင်စုအစိုးရထံ စက်တင်ဘာလကုန်တွင် တင်ပြသွားရန်ရှိကြောင်း လီဆူ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူး လေးပါတီ)မှ ဗဟိုအတွင်းရေးမှူး ဦးလာ ပြာလေးက ပြောသည်။

ဗဟိုအတွင်းရေးမှူး ဦးလာပြာလေး က ''အခုကတော့ ရုံးခွဲတွေကနေတစ်ဆင့် နယ်တွေဆင်းပြီး မှတ်ပုံတင်မရသေးသူ ဘယ်နှဦးရှိတယ်ဆိုတာ အိမ်ထောင်စု စာရင်းတွေပြုစုပြီး သက်ဆိုင်ရာပြည်ထောင် စုဝန်ကြီးဌာနက တစ်ဆင့် ပြည်ထောင်စု အစိုးရကို တင်ပြသွားမှာပါ''ဟု ပြောသည်။

မေလမှ ဇွန်လအတွင်း ပါတီအနေ ဖြင့် လီဆူတိုင်းရင်းသား မှတ်ပုံတင်မရရှိ သေးသူများကို မန္တလေး တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် (မြောက် ပိုင်း)တို့တွင် တွေ့ရှိရသည့်အတွက် လီဆူ တိုင်းရင်းသားတို့၏ နိုင်ငံသားအခွင့်အ ရေးနှင့် ပါတီအတွက် ရွေးကောက်ပွဲမဲ အရေအတွက် ဆုံးရှုံးနိုင် သည့်အတွက် ယခုကဲ့သို့ ကွင်းဆင်းကာ စာရင်းပြုစုနေ ခြင်းဖြစ်သည်ဟု ဦးလာပြာလေးက ပြောသည်။

လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီ(ဒူးလေးပါတီ)ကို နိုင်ငံရေးပါတီများ မှတ်ပုံတင်အမှတ် ၆၉ ဖြင့် ၂ဝ၁၄ ခုနှစ် ဇန်နဝါရီ ၁၅ ရက်တွင် ဖွဲ့စည်းထူထောင် ခဲ့ကြောင်း သိရသည်။

မှတ်ပုံတင်မရရှိ သေးသော လီဆူတိုင်းရင်းသားစာရင်းကို ရှမ်းပြည်နယ် လားရှိုးမြို့နယ်၊ မူဆယ် မြို့နယ်နှင့် မန္တလေးတိုင်းဒေသကြီးရှိ မိုးကုတ်မြို့နယ်၊ ပြင်ဦးလွင်မြို့နယ်တို့တွင် ကွင်းဆင်း ကောက်ခံနေ ခြင်းဖြစ်ကြောင်း သိရသည်။

''အဓိက,ကတော့ လီဆူနဲ့ လီရှော အခေါ်အဝေါ်မှားနေတာပါ။ လီရှောလို့ ခေါ်နေတဲ့ ခိုလှုံလီရှောက တရုတ်လူမျိုး စာပေ၊ ဘာသာ၊ ယဉ်ကျေးမှုကအစ မတူပါဘူး။ အဲဒါကိုလဲ ပါတီအနေနဲ့ ကြေညာ ချက် ထုတ်ထားပြီးပါပြီ''ဟု ရန်ကုန်တိုင်းမ် ဂျာနယ်သို့ ပြောသည်။

လီဆူလူမျိုးသည် ကချင်မျိုးနွယ်စု ဝင်ဖြစ်ပြီး မြန်မာတိုင်းရင်းသား ၁၃၅ မျိုး တွင်ပါဝင်သည်။ ကချင်ပြည် နယ်၊ ရှမ်း ပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် အများဆုံးနေထိုင်ပြီး တစ်နိုင်ငံလုံးတွင် လီဆူလူဦးရေ ခြောက်သိန်းကျော် ရှိကြောင်း သိရသည်။

#TheYangonTimes
Yangon Media Group

No comments:

Post a Comment

My Blog List